
နေပြည်တော် ဒီဇင်ဘာ ၁၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းတစ်လျှောက် (နေပြည်တော်- ရန်ကုန်) လမ်းပိုင်းအား မိုင်တိုင် (၅၀/၀) မှ (၅၃/၀)အတွင်း လမ်းပြုပြင်နေမှု၊ ရန်ကုန်မှ နေပြည်တော်သို့ အသွားလမ်း မိုင်တိုင် (၃၈/၅) မှ (၃၉/၆)အတွင်း AC ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် မိုင်တိုင်(၀/၀)မှ (၀/၄)အတွင်း ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ကွင်းဆင်းစစ်ဆေးရာ(ယာပုံ) ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မိုးဦးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြပြီး လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းမြင့်ထွန်းက လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။ ဒုတိယ ဝန်ကြီးက သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ဆောင်ရွက်ရန်၊ ယာဉ်မတော်တဆမှုအန္တရာယ်များ လျော့နည်း စေရေးအတွက် ထည့်သွင်းစဉ်းစားလုပ်ဆောင်ရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် Oriental Highway Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်- ပုသိမ်လမ်းတွင် ယာဉ်များ ဖြတ်သန်းသွားလာမှု အခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၌ တံတားဦးစီး ဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)က ဆောင်ရွက်လျက် ရှိသည့် မဲဇလီတံတားသစ်တည်ဆောက်ရေး စီမံကိန်း ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တံတား တည်ဆောက်ရာတွင် စနစ်တကျ စီမံချက်ရေးဆွဲ ဆောင်ရွက်ရန်လိုကြောင်း၊ သတ်မှတ်ချက်အတိုင်း လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်လုံခြုံရေးဂရုပြုရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ညောင်တုန်း - တာကွေ့လမ်း လမ်းတိုးချဲ့အဆင့် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ချိန် ပြီးစီးရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူ များအား မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ညောင်တုန်းတံတား ချဉ်းကပ်လမ်းမှတစ်ဆင့် ကြိမ်ပင်ဆည်- စက္ကော့- ဓနုဖြူ- ဇလွန်လမ်း ကွန်ကရစ် လမ်းခင်းပြီးစီးမှု လုပ်ငန်းများကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ပုသိမ် - ကံကုန်း - မြင်းကဆိပ်- မြောင်းမြလမ်းပေါ်၌ တံတားဦးစီးဌာန တံတားအထူး အဖွဲ့(၁၅)က တာဝန်ယူ ဆောက်လုပ်နေသည့် ပမ္မဝတီတံတား (မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး (မြို့ပြ) ဦးရဲနိုင်ဦးက စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယ ဝန်ကြီးက စီမံကိန်းအတွက်လိုအပ်သည့် ရန်ပုံငွေ ရရှိမှု၊ ပစ္စည်းဝယ်ယူမှုအခြေအနေများ၊ မြေယာ လျော်ကြေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်မှုများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် မှာကြား ကြောင်း သတင်းရရှိသည်။ သတင်းစဉ်