
ရသေ့တောင် စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှ စေတနာ့ ဝန်ထမ်းများအနေဖြင့် အရည်အချင်းပြည့်ဝပြီး စေတနာ့ဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် နည်းစနစ်ကျကျ ဆောင်ရွက်တတ်စေရန် ရည်ရွယ်လျက် စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် စွမ်းရည် မြှင့်သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးနိုင်လင်းထက်က စေတနာ့ဝန်ထမ်း လူငယ်များအနေဖြင့် ယခုသင်ကြားပို့ချမည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် သင်ခန်း စာများကို စိတ်ဝင်တစားဖြင့် သင်ယူလေ့လာ အကြံပြုဆွေးနွေးကြစေလိုကြောင်း၊ သင်တန်း မှရရှိသည့် အတွေ့အကြုံ အသိပညာများဖြင့် လက်တွေ့ဆောင်ရွက်နေသည့် ပရဟိတ လုပ်ငန်းများမှာ အကျိုးရှိစွာဆောင်ရွက်ကြရန် လိုကြောင်းပြောကြားပြီး အဖွဲ့အတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးမျိုးမင်းက သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ရသေ့တောင် မြို့နယ်အတွင်း စေတီပြင်တိုက်နယ်၊ ကူတောင်တိုက်နယ်နှင့် လောင်းချောင်း တိုက်နယ်များမှ စေတနာ့ဝန်ထမ်း သင်တန်း သား သင်တန်းသူ ၆၀ ကို သင်တန်းနည်းပြ ဆရာများဖြစ်သည့် ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး နှင့် ကြက်ခြေနီတပ်ဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်သည့် အကြောင်းအရာ သင်ခန်းစာများကို နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချ ကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)