စေတနာနှင့်ကံ

Type
1

 

ဇော်လေး 
 

 

“သူငယ်ချင်း၊ ဟင်္သာတကို ရောက်ဖူးသလား။”
“ရောက်ဖူးတာပေါ့။ ဟင်္သာတတင် မကဘူး။ သူ့ပတ်ဝန်းကျင်က ထူးကြီး၊ အင်္ဂပူ၊ ညောင်ကျိုး၊ ပဲကြီးကျွန်း၊ နိဗ္ဗာန်၊ တလုတ္ထော်၊ လေးမျက်နှာ၊ အထောင်၊ ဇလွန် စသဖြင့် စုံအောင်ရောက်ခဲ့ဖူးပါ တယ်။”

 


“ဘာကိစ္စလဲ”
“စာပေဟောပြောပွဲလေ။      နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ ဆောင်းရာသီဆို ခရီးထွက်နေရတာ ရက်ဆက်ပေပဲ။”

 


“ဒါဆို တချို့မြို့တွေ၊ ရွာတွေ အခေါက်ခေါက် အခါခါ ရောက်ဖူးမှာပေါ့။”
“ဖိတ်ခေါ်ရာ မြို့ရွာကို သွားခဲ့တာပဲ သူငယ်ချင်း ရ။ လက်ဆောင်ရရ မရရ။ ဉာဏ်ပူဇော်ခ ငွေကြေး ရရ၊ မရရ။ စာပေပြန့်ပွားရေး၊ စာဖတ်သူများ တိုးပွား ရေးအတွက် ဖိတ်ရင် လိုက်တာပဲလေ။ ပဲကြီးကျွန်း ရွာဆို  လေးခေါက်၊ နိဗ္ဗာန်ရွာ(ဆရာကြီး ဦးဖိုးကျား ဇာတိရွာ)ဆို  နှစ်ခေါက် စသည်ဖြင့် ရောက်ခဲ့ဖူး တယ်။ အင်္ဂပူ၊ ညောင်ကျိုးရွာဆိုလည်း လေးခေါက်။ မအူပင် လေးအိမ်စုရွာ ငါးခေါက်။”

 


“တစ်ခါနဲ့တစ်ခါ၊    တစ်ခေါက်နဲ့တစ်ခေါက်၊ ဒေသတွေရဲ့ ပြောင်းလဲမှုတွေလည်း တွေ့ရမှာပေါ့ နော်”
“မှန်တယ်။ ၄-၅နှစ်ကြာမှ တစ်ကြိမ် စသဖြင့် လာခေါ်တော့ အချိန်ကွာခြားတာနဲ့အမျှ ကျေးရွာ မြို့ပြတွေရဲ့ ပြောင်းလဲတိုးတက်မှုတွေကို နှိုင်းယှဉ် မြင်တွေ့ရပါတယ်။ အထူးသဖြင့် ကျေးလက်လမ်း တွေ  ပိုပိုပြီးကောင်းမွန်လာတယ်။ ကျောင်းတွေ ဖွင့်လာတယ်။ ကျေးလက်ကျန်းမာရေး၊ တိုက်နယ် ဆေးရုံလေးတွေရှိလာကြတယ်။  အရင်ကနဲ့စာရင် လျှပ်စစ်မီးတွေ၊ ရုပ်မြင်သံကြားတွေလည်း ရှိလာ ကြတယ်ပေါ့ကွယ်။”

 


“တစ်နေ့က     သတင်းစာထဲမှာ  ပါတယ်။ ဟင်္သာတမြို့နယ်  ပဲကြီးကျွန်းရွာမှာ   နေရောင်ခြည်   စွမ်းအင်နဲ့    ဆိုလာလျှပ်စစ်မီးစက်ဖွင့်ပွဲ လုပ်တယ်။  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်လည်း တက် တာတွေ့ရတယ်။ အံ့ဩစရာကောင်းတဲ့ ပြောင်းလဲ မှုပဲနော်။    လျှပ်စစ်မီးသာရလို့ကတော့    အိမ်ခြေ ၄၀၀-၅၀၀ ရှိတဲ့ ရွာကြီးဟာ  မြို့ပြလိုပဲ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်သွားနိုင်မှာပဲနော်။”

 


“ပဲကြီးကျွန်းရွာသားတွေရဲ့    ထူးခြားချက်က   ဟိုးလွန်ခဲ့တဲ့   ၁၅ နှစ်ကျော်ကာလကတည်းက စာကြည့်တိုက် ထူထောင်ခဲ့တယ်။ ရန်ကုန်ကိုလာပြီး ကိုယ့်ဆီက စာအုပ်အလှူခံတယ်။ နှစ်စဉ်နှစ်တိုင်း လိုလို စာပေဟောပြောပွဲအတွက် စာရေးဆရာတွေ ချိတ်ဆက်ဖိတ်ခေါ်ပေးရတယ်။ ဆရာအီကြာကွေး၊ ဆရာနွမ်ဂျာသိုင်း၊ ဆရာမောင်ငြိမ်းသူ၊ ဆရာကောင်း သန့် စသည်ဖြင့် ရက်ပေးနိုင်သူတွေနဲ့ ညှိနှိုင်းစီစဉ် ပေးခဲ့တယ်။ ဒါကြောင့် အချို့နှစ်တွေမှာ ကိုယ်တိုင် လိုက်နိုင်ရင် လိုက်ပါတယ်။ လှေတစ်တန်၊ နွား လှည်းတစ်တန်၊  ဆိုင်ကယ်တစ်တန်   စသဖြင့် ခက်ခက်ခဲခဲသွားခဲ့ရတာတွေလည်း ရှိတယ်။ စာဖတ် သူများတဲ့  ရွာကွဲ့။  စာပေကို  စိတ်ဝင်စားကြတဲ့ လူကြီးလူငယ်တွေ ထုနဲ့ထည်နဲ့ရှိတဲ့ရွာ။ စာများ များဖတ်တော့ အမြင်ကျယ်တာပေါ့ သူငယ်ချင်းရာ။ ဘွဲ့ရတဲ့ကလေးတွေလည်း  အတော်များပါတယ်။ ပညာရေးကို အားပေးတယ်။ အခြားနယ်က ကျေးရွာ တွေထက် သိသိသာသာ ချောင်လည်တယ်။ အလုပ် ကြိုးစားတာနဲ့အမျှ စည်းလုံးကြတယ်ဗျ။”

 


“ဆရာကြီး လယ်တွင်းသားစောချစ် ပြောဖူးတဲ့ ကားဝပ်ရှော့သူဌေး      ဦးထိန်လင်းတို့ရွာရော သူငယ်ချင်း ရောက်ဖူးသေးလား။”
“ကိုယ်မရောက်ဖူးဘူး။ ဟင်္သာတမြို့နယ်ထဲက ပဲ။  နိဗ္ဗာန်ရွာနဲ့လည်း နီးပုံရတယ်။ ကားလမ်းမကြီး ပေါ်က  မဟုတ်ဘူး။  အတွင်းထဲ  နည်းနည်းဝင်ရ တယ် ထင်တယ်။”

 


“ကားဝပ်ရှော့၊ ကားအရောင်းအဝယ်၊ သယ်ယူ ပို့ဆောင်ရေးသာမက    ရော်ဘာခြံလုပ်ငန်းပါ လုပ်ကိုင်နေပြီလို့ သိရတယ်။ အတန်းပညာလည်း ကောင်းကောင်းမွန်မွန် မသင်ခဲ့ရဘဲနဲ့  ကိုယ့်အား ကိုယ်ကိုး ကြိုးစားရုန်းကန်ရင်း ကြီးပွားချမ်းသာ အောင်မြင်လာ ခဲ့တဲ့  တောလက်ကျေးရွာဇာတိသူဌေး တစ်ယောက်အကြောင်း ဆရာကြီးလယ်တွင်းသား စောချစ် ဟောပြောပွဲမှာ တစ်ခါက  ပြောဖူးတာ သတိရလို့ပါ။”

 


“အေး၊   ကိုယ်လည်း    ကြားဖူးပါတယ်။ ကိုထိန်လင်းအကြောင်းကို  ဆရာကြီးလယ်တွင်း သား  စောချစ်နဲ့ ဟောပြောပွဲတွေ အတူတူသွားကြ ရင်း     အချို့ဟောပြောပွဲတွေမှာ      လူငယ်တွေ အားတက်အောင် နမူနာသဘော ထည့်ပြောတာတွေ တွေ့မိပါတယ်။ လူတွေဟာ ကြီးမားကြွယ်ဝလာကြ တဲ့အခါ ငယ်စဉ်က ဆင်းဆင်းရဲရဲနေခဲ့ရတဲ့ဘဝကို လူအများ မသိမမြင်စေချင်လေတော့ စာပေစင်မြင့် ပေါ်က စာရေးဆရာက စေတနာနဲ့ လေးစားဂုဏ် တင်ပြီး မြှင့်ပေမယ့် ကာယကံရှင်က  ကြိုက်ချင်မှ ကြိုက်မှာဆိုတော့ သတိပြုဆင်ခြင်ရတာတွေလည်း ရှိတတ်ပါသေးတယ်။” 

 


“ဟုတ်တာပေါ့”
“ကိုထိန်လင်း ရွာကနေ ထွက်လာတော့ အဝတ် တစ်စုံ ကိုယ်တစ်ခုပါပဲ။ ကားခပေးစရာ ပိုက်ဆံ တောင် တစ်ပြားတစ်ကျပ်မှ မပါခဲ့ပါဘူး။ ကားစပယ် ယာက ကားခတောင်းတော့ ကျွန်တော့်မှာ ပိုက်ဆံ မပါလို့ပါခင်ဗျာဆိုပြီး  အကြောင်းအမှန် တောင်းပန် တိုးလျှိုး    ပြောရရှာတယ်။     ကားစပယ်ယာက  စိတ်ဆိုးပြီး ထိုးမလို ကြိတ်မလို မာန်မဲပြီး မောင်းချ လို့   ယာဉ်မောင်းဆရာက   ခရီးသည်လူငယ်ရဲ့ ရုပ်ရည်ကြည့်ပြီး  သနားကမားမို့  လူမိုက်လုပ် ဗိုလ်ကျ ကားခမပေးတာမျိုး မဟုတ်မှန်း အကဲခတ် မိတယ်။  သနားသွားပြီး  နေပါစေကွာ။   မရလည်း မတောင်းပါနဲ့တော့။  သူ့ကို ကယ်တင်လိုက်တယ်။” 

 


“မောင်ထိန်လင်းဟာ ကားခမပေးရဘဲ စီးခွင့် ပြုခဲ့တဲ့ ကားဒရိုင်ဘာကို ကျေးဇူးတင်လွန်းလို့ ဟင်္သာတ- ရန်ကုန်ခရီးစဉ်တစ်လျှောက် ခရီးသည် အိတ်တွေ၊ အထုပ်တွေ၊ တောင်းတွေ အတင်အချ ဟူသမျှ ကူညီပြီး  ထမ်းပိုးဆွဲယူ  သူကတစ်လှည့် အခမဲ့ဝန်ဆောင်မှု လုပ်ပေးနေရှာပါတယ်။ ကား စပယ်ယာကလည်း   အလိုအလျောက်  တပည့် လက်ထောက်တစ်ယောက် အလကားရလို့ ကျေနပ် သွားတာပေါ့။”

 


“သူငယ်ချင်းပြောမှ ရုပ်ရှင်ကြည့်ရသလိုပဲကွာ။ ကြီးပွားချမ်းသာမယ့် လူငယ်ဟာ စိတ်ကောင်း စေတနာကောင်းဆိုတဲ့    ပင်ကိုအရင်းအနှီးက တော်တော်ကြီး အဓိကကျပေတာပဲနော်။”

 


“မေတ္တာပေးရင် မေတ္တာရကြစမြဲပဲလေ။ မေတ္တာ စေတနာမှန်နဲ့ ဆက်ဆံရင် ဘယ်သူမဆို သဘောကျ တာပဲ။ ရန်ကုန် ခရီးဝေး ကားကြီးကွင်းရောက်တော့ ခရီးသည်အားလုံး       ကိုယ့်ပစ္စည်းကိုယ်ဆွဲပြီး အသီးသီး ကားပေါ်ကဆင်း။ ထွက်ခွာသွားကြတာ ပေါ့။ မောင်ထိန်လင်းတစ်ယောက်ပဲ ကျန်ရစ်နေခဲ့ တယ်။ ကားဆရာက မေးတယ်။ မောင်ရင်က ဘယ် ကို သွားမှာလဲ။ ရန်ကုန်။ ဟ… ဒါရန်ကုန်ပဲ  ဆင်း တော့လေ။ သွားစရာနေစရာမရှိဘူး။ ဟောဗျာ… ဆွေမျိုးနီးစပ်ရာဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းဖြစ်ဖြစ် သွားတည်းလေ။  အဲဒါလည်း  မရှိပါဘူးခင်ဗျာ။ ကားဒရိုင်ဘာ ဒီကလေးအကြောင်း သဘောပေါက် ပြီ။ လက်နှစ်ချောင်း ခြေနှစ်ချောင်းနဲ့ ရန်ကုန်မှာ အလုပ်ရှာလုပ်မယ်ဆိုပြီး     တက်လာတဲ့ကောင်၊ အရင်းအနှီး  ငွေတစ်ကျပ်တောင်   မပါတဲ့ကောင်၊  ညစာဝယ်မစားနိုင်လို့  အငတ်ခံမယ့် အခြေအနေ။  ကဲ-ဒါဆို   ကားပေါ်မှာပဲ   အိပ်၊   ရတယ်၊   ကား အစောင့်တာဝန် မင်းယူရမယ်။ ဒီလိုနဲ့ ကားကြီးကွင်း ရန်ကုန်-ဟင်္သာတကားဂိတ်မှာ ညစောင့်၊ ရေဆေး၊ ကုန်ထမ်း၊ အလုပ်ကြမ်း၊  စပယ်ယာရဲ့တပည့် အထွေထွေလုပ်သားဖြစ်သွားလေသတည်း။”

 


“ဟုတ်ပေ့ကွာ။      စပယ်ယာရဲ့နောက်လိုက် တပည့်ကနေ  စပယ်ယာ၊    စပယ်ယာဘဝကနေ ကြာလာတော့  အရန်ဒရိုင်ဘာ၊     အရန်ဒရိုင်ဘာ ကုန်ကားမောင်းဘဝမှ  လူစီးကားဒရိုင်ဘာနေရာ လွတ်တော့ ကားအုံနာသူဌေးကို ရွာကနေ ရန်ကုန် အထိ အခမဲ့တင်ခေါ်လာပေးတဲ့ ကျေးဇူးရှင်ဒရိုင် ဘာက ထောက်ခံလို့ ဒရိုင်ဘာဘဝရောက်လာရော။ ဆရာလယ်တွင်းသားစောချစ်ပြောတာ     ဝတ္ထု ဇာတ်လမ်းလိုပဲကွာ။      စိတ်ဝင်စားစရာကောင်း တယ်။”

 


“မောင်ထိန်လင်းက စပယ်ယာ ဆရာတွေကို သေသေချာချာလေ့လာကြည့်တယ်။ တော်တဲ့လူ၊ ကောင်းတဲ့လူဆီက အတုယူတယ်။ အရက်သောက်၊ ချဲထိုး၊ အချိန်ဖြုန်းတဲ့ လူတွေနဲ့ ဝေးဝေးနေတယ်။ လူကသာ အနိမ့်ဆုံးအထွေထွေအလုပ်ကြမ်းသမား။ ရည်မှန်းချက်က ကိုရီးယားဇာတ်လမ်းတီဗွီထဲက သူဌေးကြီးလို    အချမ်းသာဆုံးဖြစ်ရမယ်   ဆိုတဲ့ မူလရည်ရွယ်ချက်က စွဲစွဲမြဲမြဲ ပြင်းပြင်းထန်ထန် ထက်ထက်သန်သန် ရှိနေတယ်။”

 


“အဲဒါ      ကွာခြားချက်ပဲ။      ကားသမားတွေဟာ ကောင်းကောင်းစားမယ်၊ ကောင်းကောင်း ဖြုန်း မယ်။ ငွေရတုန်း ပျော်သလိုနေမယ်၊ ကျေနပ်မိန်းမော နေသူက    များကြတယ်။    ကားဆရာထဲမှာ ကိုထိန်လင်းက ရည်မှန်းချက် တိတိကျကျရှိတော့ ကားကိုပြင်ဖို့ ဝပ်ရှော့ထိုးရင် သူက ကားအကြောင်း အသေးစိတ်သိအောင် လိုက်လေ့လာတယ်။ ဝပ်ရှော့ ထောင်ဖို့ ငွေစုတယ်။ ရိုးရိုးဖြောင့်ဖြောင့် မသောက် မစားနေတော့ လူတိုင်းက လေးစားတယ်။ အဲဒါက အောင်မြင်မယ့်လူရဲ့ လက္ခဏာတွေပဲ။”

 


“မှန်တယ်သူငယ်ချင်း၊     ယာဉ်မောင်းဘဝ ဆယ်နှစ်ကျော်လောက် ချွေချွေတာတာ စုဆောင်းခဲ့ တာ ဝပ်ရှော့သေးသေးလေး ထောင်နိုင်လာတယ်။ ကားဆရာ      မိတ်ဆွေသင်္ဂဟပေါများတာရော၊ အလုပ်ရိုသေလို့ အချိန်တိကျခြင်း၊    ပစ္စည်းမှန် ဈေးမှန် ခြင်း၊ ကားပညာ ကျွမ်းကျင်တတ်မြောက်ခြင်း၊ ဆက်ဆံရေးကောင်းခြင်းတွေကြောင့် ကိုထိန်လင်း ရဲ့  စက်မှုလုပ်ငန်းဟာ  နှစ်အနည်းငယ်အတွင်းမှာ ဂုဏ်သတင်းရော၊ ငွေကြေးပါ သိသိသာသာ မြင့်မား အောင်မြင်ခဲ့တာပဲ။”

 


“ခေတ်ကြီးက  ဆိုးပါတယ်၊ ပျက်ပါတယ်၊  လူတွေ  မွဲနေပါပြီ၊  ငတ်နေပါပြီ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေပါပြီ စသဖြင့် အဖျက် ဘက်အမြင်နဲ့ ရေးကြပြောကြတဲ့ သတင်းစာဆရာ၊ စာရေးဆရာတွေ  တောထနေတဲ့  ကာလမျိုးမှာပဲ ကိုထိန်လင်းက     လူငယ်လုပ်သား    တစ်ရာနီးပါးနဲ့ နေ့မအား  ညမနား  ကားဘော်ဒီအကြီးစားတွေ၊ ကားပြင်လုပ်ငန်းတွေနဲ့ သိန်းပေါင်းရာချီ  အကျိုး အမြတ်ရတဲ့  စက်မှုလုပ်ငန်းကို အောင်အောင်မြင် မြင် လုပ်ဆောင်နိုင်ခဲ့တယ်။”

 


“ယခုအခါ သူ့ရဲ့ရွာမှာ ဘုန်းတော်ကြီးကျောင်း၊ အထက်တန်းကျောင်းဆောင်၊    စာကြည့်တိုက်  စသဖြင့် မွေးရပ်ဇာတိကို ကောင်းကျိုးပြု လှူဒါန်းမှု အစုစုဟာ သာဓုခေါ်စရာတွေ များပါပေရဲ့။ လင်ခရူ ဇာ၊ ပရာဒိုကားကြီးနဲ့ စာရေးဆရာတွေ ခေါ်သွားပြီး စာပေဟောပြောပွဲတွေလည်း ကျင်းပပေးခဲ့ဖူးပါရဲ့။”

 


“စာပေဖွံ့ဖြိုးရေးထက် ကိုယ်သန်ရာ၊ ကိုယ်လို ရာ  ဆွဲပြောတဲ့ အဆိုးမြင်စာရေးဆရာ အချို့ကြောင့် စာပေစင်မြင့်ဟာ နိုင်ငံရေးမဲဆွယ်တရားဟောရာ ဖြစ်ခဲ့ဖူးတာလည်း သံကို သံဖျက် သံချေးတက်ပဲ။”

 


“ထားပါတော့လေ။ အဖျက်တွေလည်း ရှိပေမှာ ပဲ။ အပြုတွေလည်း ရှိနေမှာပဲ။  လောကကြီးကို ဘယ်လို    မြင်သလဲဆိုတာကတော့   ရှုမြင်သူရဲ့  ရှုထောင့် ရပ်တည်မှုကို မူတည်မှာပဲ။”

 


“မှန်တယ်။ ဆိုရိုးတစ်ခု ဖတ်ဖူးခဲ့တယ်- What you see the world absolutely depends upon how you look at it. အရာရာမှာ အပြုသဘောဘက် က  ရှုမြင်တတ်မှ    ဘဝဆိုတာ   ပိုမိုတိုးတက် အောင်မြင်နိုင်ကြပါတယ်”။    ။