
ဗစ်တာ (ကေတုမတီ)
နိဒါန်း
ယနေ့ခေတ်မှာ နိုင်ငံတကာရေးရာနဲ့ပတ်သက်လို့ လေ့လာနေတဲ့ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ များပြားလာသလို စိတ်ဝင်တစား ဖတ်မှတ်လေ့လာနေကြတဲ့ ပြည်သူတွေကလည်း ယခင်ဆယ်စုနှစ် တွေကထက် ပိုမိုများပြားလာကြပါတယ်။ စနစ်တကျနဲ့ တစိုက် မတ်မတ် လေ့လာသုတေသနပြုနေတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်မှု တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ကိုင်စာအုပ်တွေဖြစ်လာပါတယ်။ ဒါကြောင့် နိုင်ငံတကာအရေး စိတ်ဝင်စားသူတွေ များပြားလာတာနဲ့ အမျှ ဆန်းစစ်ချက်နဲ့ သုတေသနပြုထုတ်ပြန်ချက်တွေကလည်း ခိုင်လုံတဲ့အချက်အလက်တွေအပေါ် အခြေခံထားတဲ့ ထုတ်ပြန်မှုတွေ ဖြစ်ဖို့၊ ဘက်မလိုက်ဖို့ ပိုပြီးလိုအပ်လာတာဖြစ်ပါတယ်။
များပြားလှတဲ့ အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာတွေ၊ စစ်တမ်းကောက်ယူမှုတွေကိုလည်း နိုင်ငံတကာ သတင်းဌာနတွေ၊ နိုင်ငံတကာအရေးလေ့လာနေကြတဲ့ ကျောင်းသား/ကျောင်းသူတွေက တရားဝင်အကိုးအကားအဖြစ် လက်ကိုင်ပြုလာကြ သလို ဖတ်မှတ်လေ့လာနေတဲ့ သာမန်ပြည်သူတွေကလည်း သူတို့ လက်လှမ်းမီရာ အနေအထားမှာရှိနေတဲ့ ခိုင်မာတဲ့သတင်းရင်းမြစ် တွေအဖြစ် ယုံကြည်မှတ်ယူလာကြပါတယ်။ သို့သော်လည်း ဒီလို ခိုင်မာတဲ့သတင်းရင်းမြစ်တွေကနေ အဖြစ်မှန်နဲ့ လွဲမှားဖော်ပြမိတာ၊ မတိမကျ ဝေဝေဝါးဝါးဖော်ပြလိုက်တာတွေက စာဖတ်သူတွေအပေါ် များစွာအဆိပ်သင့်မှုဖြစ်စေနိုင်တယ်ဆိုတာကို သတိထားမိဖို့လည်း လိုအပ်ပါတယ်။ ယခုဆောင်းပါးမှာတော့ ဒီရက်ပိုင်းဖတ်ရှုမိတဲ့ အာဆီယံဆိုင်ရာ စစ်တမ်းလေးတစ်ခုနဲ့ပတ်သက်ပြီး ပရိသတ်ကြီး ကို အသိမျှဝေပေးသွားမှာဖြစ်ပါတယ်။
စာအုပ်နာမည်ကတော့ ၂၀၂၂ ခုနှစ်၊ အရှေ့တောင်အာရှဒေသဆိုင်ရာ စစ်တမ်း (The State of Southeast Asia: 2022) ဖြစ်ပါတယ်။ စစ်တမ်းကို စင်ကာပူနိုင်ငံအခြေစိုက်၊ Yusof Ishak Institute ရှိ အာဆီယံလေ့လာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒီအဖွဲ့ကို ၁၉၆၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ISEAS-Yusof Ishak Institute အဖြစ် လူသိများကြပါတယ်။ ဒီအဖွဲ့က အရှေ့တောင်အာရှဒေသရှိ လူမှု နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေး စတဲ့ကဏ္ဍတွေအပေါ်မှာ ပထဝီ နိုင်ငံရေးဆိုင်ရာ မဟာဗျူဟာနဲ့ စီးပွားရေးနယ်ပယ်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် ရေးသားတင်ပြနေတဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကို မဏ္ဍိုင်ကြီး ၃ ခုနဲ့ ဖွဲ့စည်းထားသလို အဆိုပါ သုတေသနပြုအဖွဲ့မှာလည်း ဒေသတွင်းစီးပွားရေးရာကဏ္ဍ၊ လူမှု ရေးရာနဲ့ ယဉ်ကျေးမှုကဏ္ဍ၊ မဟာဗျူဟာနဲ့နိုင်ငံရေးဆိုင်ရာ လေ့လာ မှုကဏ္ဍတွေဆိုပြီး ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။
အာဆီယံလေ့လာရေးဌာနဆိုပြီး ၂၀၀၈ ခုနှစ်မှာ စတင်ဖွင့်လှစ် ကာ အရှေ့တောင်အာရှဒေသနိုင်ငံများအဖွဲ့ရဲ့ သုတေသနဌာနအနေနဲ့ ရပ်တည်ဆောင်ရွက်ခဲ့တာဖြစ်တာကြောင့် သုတေသနနဲ့ လေ့လာ ဆန်းစစ်ချက်တွေကနေတစ်ဆင့် အာဆီယံနိုင်ငံတွေအပေါ် တုံ့ပြန်မှု ရှိရေးနဲ့ လုပ်ဆောင်ချက်တွေထွက်ပေါ်လာဖို့ ရည်ရွယ်ချက် ချမှတ် ကာ ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်ကစလို့ နှစ် အလိုက် ဆန်းစစ်ချက်တွေ ထုတ်ပြန်လာခဲ့ရာမှာ ယခုအကြိမ်ဆိုရင် (၄)ကြိမ်မြောက် ထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကြီးက ပေးအပ်တဲ့ တစ်ဦးချင်းနဲ့ အဖွဲ့အစည်းလိုက် ဆုတံဆိပ်တွေ အများ အပြားလည်း ရရှိထားတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းကထုတ်ပြန်နေတဲ့ အချက်အလက်တွေကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဆီယံ ရေးရာတွေမှာ ကိုးကားသုံးသပ်မှုတွေပြုနေကြတာ တွေ့ရသလို လက်ရှိမြန်မာ့အရေး ဖြစ်ပေါ်ပြောင်းလဲမှုဆိုင်ရာတွေမှာ သက်ရောက် မှုရှိစေမဲ့ ဆန်းစစ်ချက်နဲ့ အချက်အလက်တွေ ပါဝင်တယ်ဆိုတာကို လည်း လေ့လာတွေ့ရှိရပါတယ်။
စစ်တမ်းပါ ကဏ္ဍအလိုက်ဖော်ပြမှုများ
ယခုစစ်တမ်းကောက်ယူထားတဲ့ကာလကတော့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်ထိ ရက်သတ္တ ၇ ပတ် ကြာ ကောက်ယူခဲ့တာဖြစ်တယ်။ စစ်တမ်းမှာ မေးခွန်း ၅၀ ပါဝင်ပြီး အရှေ့တောင်အာရှဒေသဆိုင်ရာနဲ့ပတ်သက်လို့ ယခုလို ခွဲခြားဖော်ပြ ထားပါတယ်-
(က) နိုင်ငံအလိုက် တုံ့ပြန်မှုများ (Background of respodents)
( ခ ) ဒေသတွင်းအမြင်နှင့် တိုးတက်ဖြစ်ပေါ်မှုဆိုင်ရာကိစ္စရပ်များ (Regional Outlook and Development)
( ဂ ) အင်အားကြီးနိုင်ငံများ၏ ဒေသတွင်းသက်ရောက်မှုနှင့် ဦးဆောင်မှုကဏ္ဍ (Major Powers’ Regional Influence and Leadership)
(ဃ) အမေရိကန်-တရုတ် အားပြိုင်မှုနှင့် အာဆီယံဒေသအပေါ် သက်ရောက်မှု
(US-China Rivalry and Impact on Southeast Asia)
( င ) တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်တို့ အပေါ် အာဆီယံနိုင်ငံများ၏ ယုံကြည်ရမှု (Perceptions of Trust)
( စ ) ပျော့ပျောင်းညင်သာသောအင်အားစုများ(Soft Power)
အခန်း(၁)ပါ စစ်တမ်းတုံ့ပြန်မှုအပိုင်းမှာတော့ အာဆီယံတစ်ခုလုံး အနေနဲ့ ဖြေကြားသူ ၁၆၇၇ ဦးရှိပြီး ဖိလစ်ပိုင်နိုင်ငံက ၄၀၀(၂၃.၉%) နဲ့ အများဆုံး၊ မြန်မာနိုင်ငံက ၃၅၀ (၂၀.၉%) နဲ့ ဒုတိယအများဆုံး၊ စင်ကာပူနိုင်ငံက ၂၂၂ ဦး (၁၃.၂%)နဲ့ တတိယအများဆုံး ဖြေဆိုခဲ့ကြပြီး ကျန် ၇ နိုင်ငံပေါင်း ၇၀၅ (၅၈%) ပါဝင်ဖြေဆိုခဲ့ကြပါတယ်။ ထို ၇ နိုင်ငံဟာ တစ်နိုင်ငံချင်းစီကို ၁၀ ရာခိုင်နှုန်းအောက်သာ ဖြေဆိုခဲ့ကြ တာဖြစ်ပါတယ်။ လာအိုနိုင်ငံဆိုရင် ၄၃ ဦးသာ အနည်းဆုံးအရေအတွက် ဖြေဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံအတွင်း ဖြေဆိုသူတွေကတော့ ပညာရှင်ပိုင်းဆိုင်ရာ ၃၃.၁ ရာခိုင်နှုန်း၊ စီးပွားရေးနယ်ပယ် ၂.၆ %၊ အစိုးရပိုင်း ၄၅.၁ %၊ အရပ်သားများ၊ NGO နဲ့ မီဒီယာများ ၁၅.၁ %၊ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများမှ ၄.၀ % လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ အသက်အပိုင်းအခြား အရတော့ ၂၁ နှစ်အောက် ၁၂.၃ %၊ ၂၁-၃၅ ကြား ၅၈.၃%၊ ၃၆-၄၅ ကြား ၁၆.၉ %၊ ၄၆-၆၀ ကြား ၁၁.၁%၊ ၆၀ အထက် ၁.၄ % ပါဝင် ဖြေကြားထားတာကို တွေ့ရပါတယ်။
ဒီနေရာမှာ ပြောချင်တဲ့အချက်က
တစ်အချက် အာဆီယံ ၁၀ နိုင်ငံမှာ ၃ နိုင်ငံကသာ ၁၀ ရာခိုင်နှုန်း အထက် ပါဝင်ဖြေဆိုထားပြီး နိုင်ငံအလိုက်လူဦးရေနဲ့ မျှတခြင်းမရှိ၊ ကိုယ်စားပြုမှုစံချိန်စံနှုန်း မရှိတာဟာ ယခုစစ်တမ်းရဲ့ အားနည်းချက် တစ်ခုပါပဲ။ ဥပမာ- ရန်ကုန်မြို့က လူတွေကိုပဲ စစ်တမ်းကောက်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဆရာဝန်တွေ၊ ဆေးခန်းတွေ လုံလောက် နေပါပြီလို့ မှတ်ချက်ချလို့မရသလိုပါပဲ။ တစ်နိုင်ငံလုံးရဲ့ဧရိယာပေါင်းမှ ရန်ကုန်မြို့ အကျယ်အဝန်းနဲ့ လူဦးရေအတူတူနီးပါးရှိတဲ့ စင်ကာပူက ၂၂၂ ဦး ဖြေဆိုထားတာဟာ သူ့နိုင်ငံလူဦးရေအချိုးအရ စင်ကာပူ တစ်နိုင်ငံလုံးကို ကိုယ်စားပြုမှုဖြစ်နိုင်ပေမဲ့ သူ့ထက်ဧရိယာလည်း ကျယ်ဝန်းပြီး လူဦးရေလည်းများပြားတဲ့ ကျန်နိုင်ငံတွေမှာတော့ ဝင်ရောက်ဖြေဆိုသူအရေအတွက်ဟာ နိုင်ငံ့လူဦးရေနဲ့ မျှတမှုမရှိ ကြောင်း ပြောလိုပါတယ်။ ဒီစစ်တမ်းမှာမတွေ့ရတာက နိုင်ငံတစ်နိုင်ငံ ရဲ့ ရှိရင်းလူဦးရေနဲ့ ပါဝင်ဖြေဆိုတဲ့ အရေအတွက်ကို အချိုးဖော်ပြ ထားခြင်းမရှိတာပဲ။ ဒါကြောင့် ဒီစစ်တမ်းဟာ အာဆီယံတစ်ခုလုံးကို ကိုယ်စားပြုနိုင်သလား၊ လွှမ်းခြုံမှုရှိနိုင်ပါ့မလား မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
နှစ်အချက် မြန်မာနိုင်ငံက ဝင်ရောက်ဖြေဆိုတဲ့ အစိုးရဝန်ထမ်း ၄၅.၁% ဆိုတာ အစိုးရဌာနတွေကို တရားဝင်စစ်တမ်းကောက်ယူခဲ့လားဆိုတာပါပဲ။ လေ့လာရမိသလောက်တော့ အစိုးရဌာနတွေမှာ စစ်တမ်းကောက်ယူသွားခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ၎င်းတို့ဦးတည်လိုတဲ့ လူအစုအဖွဲ့တစ်ခုကိုသော်လည်းကောင်း၊ CDM ဝန်ထမ်းတွေကိုသော်လည်းကောင်း၊ ဝန်ထမ်း (လုံးဝ) မဟုတ်သူက ဝန်ထမ်း အယောင်ဆောင်ပြီးဝင်ဖြေဆိုတာမျိုးသော်လည်းကောင်း ပါနိုင်တယ်လို့ သုံးသပ်ရပါတယ်။ ဝန်ထမ်းရာခိုင်နှုန်းဖော်ပြချက်ရဲ့နောက်ကွယ်မှာ ပါဝင်ဖြေဆိုသူတွေ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ အတိုင်းအတာရှိနေတာကြောင့် ခိုင်မာမှုအားနည်းပါတယ်။
အခန်း(၂) ဒေသတွင်းအမြင်နဲ့ တိုးတက်ဖြစ်ပေါ်မှုဆိုင်ရာ ကိစ္စရပ် မှာတော့ အာဆီယံဒေသအတွက် ကိုဗစ်-၁၉ ခြိမ်းခြောက်မှုက ပထမ၊ အလုပ်လက်မဲ့နဲ့ စီးပွားရေးကျဆင်းမှုက ဒုတိယ၊ ရာသီဥတုပြောင်းလဲ မှုကြောင့် ဖြစ်လာတဲ့စိန်ခေါ်မှုက တတိယအနေနဲ့ဖော်ပြထားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံကတော့ အခြားနိုင်ငံတွေနဲ့မတူဘဲ အဓိက စိန်ခေါ်မှုနေရာမှာ လူ့အခွင့်အရေး ၇၆.၆ % (ယခင်နှစ်စစ်တမ်း ၇.၁ % ထက် ၁၀ ဆကျော်) လို့ ဖြေကြားထားပြီး ကိုဗစ်စိန်ခေါ်မှုကို ၅၈.၃ % ၊ ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်တာကို ၅၈ % အသီးသီးဖြေကြား ထားတယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ဆိုင်ရာအချက်အလက်နဲ့ ကိန်းဂဏန်းတွေကို ဖော်ပြ ရာမှာ မြန်မာနိုင်ငံအပေါ် သိသာစွာတိုက်ခိုက်မှုပြုထားတာကို တွေ့ရ မှာဖြစ်ပြီးတော့ ၎င်းကိန်းဂဏန်းတွေက လက်တွေ့အခြေအနေတွေနဲ့ များစွာကွာခြားနေတာကို တွေ့ရပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်လို့ WHO ကနေပြီးတော့ တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ ၂၀၂၁ ခုနှစ်အကုန်မှာ ၄၀ % ထိုးနှံပြီးစီးဖို့ သတ်မှတ်ထား ပါတယ်။ ဒါပေမယ့် အာဆီယံ ၁၀ နိုင်ငံမှာ ၉ နိုင်ငံကသာ လျာထား ချက်ပြည့်မီကြောင်းနဲ့ မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်ထိ ဆေးထိုးပြီးသူ ၃၄.၃၉ % သာရှိကြောင်း ဖော်ပြထားတာကို တွေ့ရတယ်။ မြန်မာအစိုးရဘက်ရဲ့ တရားဝင်စာရင်းအရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်ထိ နိုင်ငံတစ်ဝန်း ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံ ပြီးစီးမှု ၄၁.၇၉ % နဲ့ နှစ်ကြိမ်ထိုးနှံပြီးစီးမှု ၃၆.၇၄ % ရှိကြောင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီနေရာမှာပြောလိုတာက ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ထောက်ပံ့ပေးနေတဲ့ COVAX အစီအစဉ်အောက်မှ မြန်မာနိုင်ငံအတွက် Quota ရဖို့ရာ အကြောင်းအမျိုးမျိုးနဲ့ ရွှေ့ဆိုင်းခံ နေရခြင်းကိုလည်း ချန်လှပ်စဉ်းစားလို့မရပါဘူး။ သို့သော်လည်း အစိုးရအနေနဲ့ တစ်နိုင်ငံလုံးကာကွယ်ဆေး အပြည့်အဝ ထိုးနှံနိုင်ရေး အတွက် ကိုယ့်အားကိုယ်ကိုးကာ အင်တိုက်အားတိုက် လုပ်ဆောင်နေ တာကို ဆေးထိုးခဲ့သူပြည်သူတွေက အသိအမှတ်ပြုကြပြီးဖြစ်ပါတယ်။ မတ်လ ၂၂ ရက်အထိ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေနဲ့ ပထမ အကြိမ် ဆေးထိုးနှံပြီးဦးရေ ၄၂၉၈၈၅၈ ဦး၊ နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၂၁၇၀၁၈၄၂ ဦး၊ ပထမအကြိမ်ထိုးနှံပြီးဦးရေနှင့် နှစ်ကြိမ်အပြည့်ထိုးနှံ ပြီးစီးသူပေါင်း ၂၆၀၀၀၇၀၀ ဖြစ်ပြီး ဆေးထိုးနှံမှုအကြိမ်ရေ (Vaccine Doses) မှာ ၄၇၇၀၂၅၄၂ ကြိမ် ဖြစ်ပါတယ်။
ယခုဆိုရင် တရုတ်-မြန်မာ ပူးတွဲဆေးထုတ်လုပ်မှု အစီအစဉ်ကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး Myancopharm ကို ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) မှာ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ မတ်လ ၂၃ ရက်မှာ တရားဝင်စတင်ခဲ့တာဖြစ်ပြီး လာမည့်ဧပြီလမှာ စတင်ဖြန့်ဝေမယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးထိုးနှံနိုင်ဖို့ရာ လက်တစ်ကမ်းသာ လိုပါ တော့တယ်။ မြန်မာပြည်သူများ အနာဂတ်ကာလမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သက်သာစွာသုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။
ရန်ပုံငွေအသုံးပြုမှုအခြေအနေ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေအသုံးပြုမှု အခြေအနေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူမှု ကုန်ကျစရိတ်မှာ အိန္ဒိယနိုင်ငံထံမှ ကာကွယ်ဆေး ၁၅.၄ သန်း Dose အတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၇၅ သန်း၊ တရုတ်နိုင်ငံထံမှ ကာကွယ်ဆေး ၂၉ သန်း Dose အတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၉၃.၉ သန်း၊ ရုရှားနိုင်ငံထံမှ ကာကွယ်ဆေး ၀.၆ သန်း Dose အတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၇.၇၄ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၆.၆၄ သန်း တန်ဖိုးဝယ်ယူခဲ့ပါတယ်။ လှူဒါန်းမှုအနေနဲ့ တရုတ်ထံမှ Dose ၉.၂ သန်း (အမေရိကန်ဒေါ်လာ ၆၃.၅ သန်း)၊ အိန္ဒိယထံမှ Dose ၅.၅ သန်း (အမေရိကန်ဒေါ်လာ ၃၅.၅ သန်း)၊ ရုရှားထံမှ Dose ၀.၄ သန်း (အမေရိကန်ဒေါ်လာ ၅.၁၆ သန်း)၊ နိပွန် ဖောင်ဒေးရှင်းမှ Dose ၂ သန်း(အမေရိကန်ဒေါ်လာ ၁၇ သန်း)၊ စုစုပေါင်း Dose ၁၇.၁ သန်း(အမေရိကန်ဒေါ်လာ ၁၂၁.၁၂ သန်း) လှူဒါန်းလက်ခံရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံကနေ မြန်မာပြည်သူတွေအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှတစ်ဆင့် လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေး Astrazeneca ၁ သန်း Dose အနက် ပထမအသုတ် ၅ သိန်းဟာလည်း မတ်လ ၁၂ ရက်မှ မြန်မာနိုင်ငံကို ရောက်ရှိတာ ဖြစ်တယ်။ မြန်မာနိုင်ငံ မှာအသုံးပြုနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေက အိန္ဒိယနိုင်ငံထုတ် Covidshield နဲ့ Covaxin ၊ တရုတ်နိုင်ငံထုတ် Sinopharm နဲ့ Sinovax၊ ရုရှားနိုင်ငံထုတ် Sputnik light ဆေးတွေသာဖြစ်တယ်။
အာဆီယံဆွေးနွေးဖက်နိုင်ငံအသီးသီးကနေ အာဆီယံဒေသကို ကာကွယ်ဆေး ထောက်ပံ့မှုနဲ့ပတ်သက်လို့ စာရင်းဇယားမှာ မြန်မာနိုင်ငံကို တရုတ်က ၄၀ % ၊ အိန္ဒိယက ၂၂.၆ % ၊ ဂျပန်က ၄ % ဖော်ပြထားပြီး တရားဝင်ကိုဗစ်ကာကွယ်ဆေး ပေးပို့ခဲ့ခြင်း မရှိတဲ့ အမေရိကန်ကို ၂၅.၄ ရာခိုင်နှုန်း ဖော်ပြထားတာတွေ့ရတယ်။ စစ်တမ်း ကောက်ယူခဲ့တဲ့ ကာလအတွင်းမှာသာမက စာအုပ်ထုတ်ပြန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလဝက်အထိ မြန်မာနိုင်ငံကို အမေရိကန်ဆေး မရောက်ရှိခဲ့သေးပါဘူး။ အဲဒီ ၂၅.၄% သော ဖြေဆိုသူတွေက အမေရိကန်ဆေးကို ဘယ်လိုရပြီး ထိုးနိုင်ခဲ့တာလဲ၊ အစိုးရကထိုးနှံပေး နေတဲ့ ကိုဗစ်ကာကွယ်ဆေးအပြင် အခြားနေရာတွေမှာ အမေရိကန် ကာကွယ်ဆေးကို အခမဲ့ထိုးနိုင်ကြောင်း မကြားမိသလို ထိုးနှံပေးတာ လည်း မရှိဘူးလို့ သိရပါတယ်။
အမေရိကန်ဆေးကို ကြိုက်နှစ်သက်တယ်လို့ ဖော်ပြထားတဲ့ ရာခိုင်နှုန်းပမာဏကလည်း အိမ်နီးချင်းထိုင်းနိုင်ငံကို အမေရိကန်က ထောက်ပံ့ခဲ့တဲ့ပမာဏနဲ့ နီးနီးစပ်စပ် တူနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဘက်ကနေတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပေးပို့ ခြင်းခေါင်းစဉ်နဲ့ အမြတ်ထုတ်နိုင်ဖွယ်ရှိတာဖြစ်တယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတွေထဲမှာ အမေရိကန်ဆေးကို ကြိုက်နှစ်သက်တဲ့ စာရင်းမှာလည်း စင်ကာပူက ၉၀.၁ %၊ အမေရိကန်ဆေးမရရှိတဲ့ မြန်မာနိုင်ငံက ၆၈.၆ % ၊ လာအိုကတော့ ၆၅.၉ % လို့ဖော်ပြထားတယ်။ လက်ခံရရှိခြင်းမရရှိတဲ့ အမေရိကန်ဆေးကို မြန်မာပြည်သူတွေက လှိုက်လှဲစွာကြိုဆိုတယ်လို့ မှိုင်းလုံးတိုက်ဝါဒဖြန့်ခဲ့ခြင်းပါပဲ။ ဒါဟာ စစ်တမ်းကောက်ယူခဲ့တဲ့ အဖွဲ့အစည်းရဲ့ သုတေသနအပေါ် ဖောက်ပြန် မှု၊ ငွေကြေးထောက်ပံ့တဲ့အဖွဲ့များအပေါ် ဘက်လိုက်ဖော်ပြမှုလို့ ဆိုချင်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ စစ်တမ်းတွေကောက်ယူတဲ့ အခါမှာ နိုင်ငံရေး တည်ငြိမ်နေတဲ့နိုင်ငံတွေ၊ ဒီမိုကရေစီရင့်ကျက်ပြီးနိုင်ငံတွေအတွက် ကိစ္စမရှိပေမဲ့ မြန်မာနိုင်ငံလိုမျိုးနိုင်ငံမှာဆိုရင် နှစ်ပေါင်းများစွာဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေအကြားမှာ အချင်းချင်း သွေးကွဲမှုတွေ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ ဂိုဏ်းဂဏစွဲတွေ ရှိနေ တာကြောင့် မေးခွန်းတွေကို ဖြေကြားတဲ့နေရာမှာ တစ်ဖက်အုပ်စုရဲ့ ပျက်စီးရာပျက်စီးကြောင်းဖြစ်ရင်ပြီးရောဆိုတဲ့ အမြင်နဲ့ဖြေဆိုတာတွေ ပါဝင်လာနိုင်ပါတယ်။
မရိုးဖြောင့်တဲ့သဘောနဲ့ဖော်ပြတာလို့ယူဆရ
မဲခေါင်မြစ်ဝှမ်းကိစ္စအပေါ်မှာလည်း တရုတ်က အင်ပြည့်အားပြည့် ဖြင့် ထိန်းချုပ်ထားပြီးဖြစ်တာကြောင့် အာဆီယံနိုင်ငံတွေအနေနဲ့ ဘာမျှလုပ်ဆောင်နိုင်မှာမဟုတ်ကြောင်း မြန်မာတစ်နိုင်ငံတည်း ကသာ ၅၂.၃% ဖြင့် ဖြေဆိုထားတာကို တွေ့ရပြန်ပါတယ်။ ဒါဟာ တရုတ်နဲ့အိမ်နီးချင်းဖြစ်တဲ့ အခြားနိုင်ငံတွေ၊ ဒေသတွင်း တရုတ်နဲ့ အငြင်းပွားမှုကို အရှိန်မြှင့်တင်ပေးနေတာ တွေ့ရမှာဖြစ်ပြီး တရုတ်နဲ့ ပနံသင့်တဲ့ မြန်မာနိုင်ငံအပေါ်မှာလည်း မရိုးဖြောင့်တဲ့သဘောနဲ့ ဖော်ပြတာလို့ ယူဆရပါတယ်။
စစ်တမ်းကောက်ယူရခြင်းရဲ့ ရည်ရွယ်ချက်မှာလည်း ဒေသတွင်း ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေရဲ့ အခြေအနေတွေကို အတိအကျဖော်ပြ တာမျိုးမဟုတ်ဘဲ လှစ်ဟမျှရုံသာလို့ စကားပလ္လင်ခံထားတယ်ဆိုပေမဲ့ အမှန်နဲ့ကင်းကွာလွန်းနေရင် ကိုးကားဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ စစ်တမ်းကို အစအဆုံးမဖတ်ရှုဘဲ စစ်တမ်းမှာဖော်ပြထားတဲ့ အချက် အလက်တွေကိုသာ ကိုးကားရေးသားလာတဲ့ သတင်းဌာနတွေရှိလာ တာကြောင့် ထပ်ဆင့်ဖတ်ရှုရသူတွေအဖို့ အမှန်ထင်လာနိုင်ပါတယ်။ ထို့ထက်ပိုပြီး ကြီးမားလာနိုင်တဲ့ ပြဿနာကတော့ စစ်တမ်းကောက်ယူ တဲ့အဖွဲ့ဟာ အာဆီယံလေ့လာရေး အမည်ခံလုပ်ဆောင်နေတာ ဖြစ်ခြင်းကြောင့် အာဆီယံအဖွဲ့အစည်းအဝေးတွေဆီ အခြေမခိုင်၊ အတည်မပြုနိုင်တဲ့ အချက်အလက်တွေ ရောက်ရှိလာမှာဖြစ်ပါတယ်။ ထိုမှတစ်ဆင့် အာဆီယံမူဝါဒများသို့ပါ သက်ရောက်မှုရှိရန် ရည်ရွယ် ချက်များ ပါဝင်နေပါတယ်။
အခန်း(၃) အင်အားကြီးနိုင်ငံများရဲ့ ဒေသတွင်းလွှမ်းမိုးမှုနဲ့ ဦးဆောင်မှုကဏ္ဍမှာတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးလွှမ်းမိုးမှု အမြင့်ဆုံးဖြစ်တယ်လို့ ၇၆.၇% က ဖြေဆိုထားကြပါတယ်။ မြန်မာနိုင်ငံ ကတော့ တရုတ်ကို ၈၃.၄ % လို့ ဖြေဆိုထားပြီး ယခင်နှစ်ထက် ၀.၁ % သာ ကွာခြားပြီး ဖြေဆိုထားတာကို တွေ့ရပါလိမ့်မယ်။ သို့သော် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း တရုတ်ရဲ့စီးပွားရေးအင်အား ကြီးထွား လာတာကို စိုးရိမ်ကြောင်း ၇၆.၂% က ဖော်ပြခဲ့ပြီး ဒေသတွင်း အမေရိကန် စီးပွားရေးအင်အား ကောင်းလာတာကို ကြိုဆိုကြောင်း ၈၇.၃ % ဖော်ပြထားပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံက ပြည်သူ တွေက တရုတ်ကို မလိုလားဘဲ အမေရိကန်ကို လိုလားနေပါတယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။ တကယ်တော့ တရုတ်ရဲ့ စီးပွားရေး အင်အားကြီးထွားလာမှုကသာ မြန်မာနိုင်ငံအတွက်သာမက ဒေသ တွင်း ပိုမိုအကျိုးရှိစေကြောင်း လက်တွေ့ စီးပွားရေးလုပ်နေသူများက သဘောပေါက်ထားကြပါတယ်။ ဒေသတွင်း စီးပွားရေးထိပ်သီးနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား စီးပွားရေးအရဆက်ဆံမှုတွေအပေါ် သွေးထိုးပေး နေ သလိုပါပဲ။ ဒါတင်မကပါဘူး။ တရုတ်အပေါ် လုံးလုံးလျားလျား မှီခိုထားတဲ့ လာအိုလိုနိုင်ငံမျိုးကတောင် တရုတ်ရဲ့ ဒေသတွင်း နိုင်ငံရေးအရ၊ မဟာဗျူဟာအရ လွှမ်းမိုးမှုကြီးထွားလာတာကို ၇၈.၈ % က စိုးရိမ်ပါတယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရပြန် ပါတယ်။ လက်တွေ့မှာတော့ လာအိုပြည်သူတွေက တရုတ်ကို ကျည်ဆန်ရထားကြီးစီးကာ အိမ်ဦးကြမ်းပြင် ကူးလူးသွားလာနေ ကြပြီဖြစ်ပါတယ်။
အခန်း(၄) အမေရိကန်-တရုတ် အားပြိုင်မှုနဲ့ ဒေသအပေါ် သက်ရောက်မှုမှာတော့ “အာဆီယံဒေသတွင်း ခုခံနိုင်စွမ်းအားနှင့် စည်းလုံးမှု မြင့်တက်စေနိုင်ပြီး အင်အားကြီး နှစ်နိုင်ငံရဲ့ဖိအားအပေါ် ခုခံနိုင်စွမ်းရှိလာနိုင်ခြင်း” ကို အာဆီယံနိုင်ငံများက ၄၆.၁ % ရွေးချယ် ခဲ့ပါတယ်။ တရုတ်နဲ့ပတ်သက်ပြီး ပိုမိုဆိုးရွားလာနိုင်တဲ့အရာက “နိုင်ငံတွင်းရှိ တရုတ်နွယ်ဖွားများအား အသုံးချ၍ ပြည်တွင်းကိစ္စရပ် များတွင် လွှမ်းမိုးမှုပြုလာမည်ဖြစ်ကြောင်း” အပေါ် မြန်မာနိုင်ငံက ၆၁.၁% နဲ့ အများဆုံးဖြေကြားထားရှိပါတယ်။ ဒါ့အပြင် “တရုတ် ဘက်မှ မြန်မာ၏အချုပ်အခြာအာဏာအပေါ် လေးစား၍ နိုင်ငံခြား ရေးမူဝါဒ လွတ်လပ်စွာဆုံးဖြတ်နိုင်ရေး” တွင် မြန်မာနိုင်ငံမှ ၇၄.၀% နဲ့ အများဆုံးရွေးချယ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။
နံပါတ်(၅) တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန် တို့အပေါ် အာဆီယံနိုင်ငံများရဲ့ ယုံကြည်ရမှုမှာ အာဆီယံနိုင်ငံ အားလုံးအနေနဲ့ တရုတ်အပေါ် ယုံကြည်မှုအနည်းငယ်သာ ပြခဲ့ကြပြီး အီးယူအပေါ် ယုံကြည်မှု ၄၈.၅ %၊ သမ္မတဘိုင်ဒင်လက်ထက် အမေရိကန်နိုင်ငံအပေါ် ယုံကြည်မှု ၅၂.၈ % ဖော်ပြထားပါတယ်။ နံပါတ်(၇) ပျော့ပျောင်းညင်သာတဲ့ အင်အားစုတွေမှာ ပညာတော် သင် သွားရောက်လိုတဲ့ နိုင်ငံများစာရင်းမှာ အမေရိကန် ၂၅.၆% နဲ့ ပထမ၊ ဗြိတိန် ၂၀.၈ % နဲ့ ဒုတိယ၊ အီးယူ ၁၂.၀ % နဲ့ တတိယ ရှိကြောင်း၊ ယခင် ၂၀၂၁ ခုနှစ်အတိုင်း မပြောင်းလဲကြောင်း ဖော်ပြ ထားတာကို တွေ့ရပါတယ်။
အားလုံးကိုခြုံငုံသုံးသပ်ရရင် အာဆီယံနိုင်ငံတွေအနက် မြန်မာနိုင်ငံက ဒုတိယအများဆုံး စစ်တမ်းဖြေဆိုမှုပြုထားတာဖြစ်သော်လည်း စစ်တမ်းကောက်ယူတဲ့သူတွေဟာ အထက်မှာဖော်ပြခဲ့ သလို ၎င်းတို့ဖြေဆိုစေလိုတဲ့ အုပ်စုတစ်ခုကို ပစ်မှတ်ထား ဖြန့်ဝေ ဖြေဆိုစေတယ်ဆိုတဲ့အချက်၊ နိုင်ငံ့ဝန်ထမ်းအမည်ခံပြီး ဖြည့်သွင်း တဲ့အချက်တွေ ပါဝင်ကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် အမေရိကန် ကိုဗစ်ကာကွယ်ဆေးမရရှိတဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ဆေး ထောက်ပံ့မှု ၂၅.၄ % ရရှိတယ်လို့ ဖော်ပြထားတာ၊ အမေရိကန်ဆေး အပေါ် ယုံကြည်မှုမြင့်မားကြောင်း ဖော်ပြနေတာတွေက နိုင်ငံရေး ရည်ရွယ်ချက်ပါနေတယ်လို့ တွေ့မြင်နေရပါတယ်။
စင်ကာပူလို လူအနည်းငယ်ပဲရှိတဲ့ နိုင်ငံက လူအများအပြား ဝင်ရောက်ဖြေဆိုပြထားပြီးတော့ အာဆီယံတစ်ခုလုံးအနေနဲ့ ကိုယ်စားပြုဖော်ပြတာကိုလည်း တွေ့မြင်နေရပါတယ်။ ဒါ့အပြင် ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံအပေါ် အာဆီယံနိုင်ငံအများစုက မလိုလားဘူးလို့ ဖော်ပြတာကလည်း ရိုးရှင်းမှု မရှိပါဘူး။ စစ်တမ်းရဲ့ သဘောသဘာဝအရ သုတေသနစာတမ်းတွေလို အတိအကျဖော်ပြ ခြင်းမျိုးမဟုတ်သော်လည်း ဒါတွေကို ထပ်ဆင့်ဖော်ပြလာတဲ့ တရားဝင်သတင်းဌာနတွေရဲ့ ထုတ်ပြန် ချက်တွေကို မိဘပြည်သူများ ဖတ်မိတဲ့အခါမှာ ထင်ယောင်ထင်မှားမဖြစ်မိစေဖို့နဲ့ အကြောင်းအရာ တစ်ခု တွေ့တဲ့အခါမှာ မိမိပင်ကိုဉာဏ်နဲ့ ပြန်လည်သုံးသပ်ဆင်ခြင်နိုင်ဖို့၊ မူရင်းသတင်းရင်းမြစ်ကို ပြန်လည်ရှာဖွေဖတ်ရှုဖို့၊ နောက်ကွယ်က ရေးသားရတဲ့ အကြောင်းတရားတွေကို ခန့်မှန်းတတ် လာစေဖို့ အကြံပြုအပ်ပါတယ်။
အချုပ်အားဖြင့် အဆိုပါသုတေသနအမည်ခံများကို မီဒီယာအင်အား၊ ငွေအင်အား ပေါင်းစည်း ကာ ပုံဖော်သွတ်သွင်းလိုတဲ့ နိုင်ငံကြီးရဲ့Soft Power က ကမ္ဘာ့နိုင်ငံငယ်များ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဖြစ်ပွားခဲ့တဲ့ Color Revolution ဖြစ်စဉ်များနဲ့ယှဉ်တွဲမြင်သာစွာ ရှုမြင်ကြစေလို ကြောင်း ထပ်မံဖြည့်စွက်အကြံပြုအပ်ပါတော့တယ် …
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဒုတိယအပတ်တွင် ထုတ်ပြန်ခဲ့သည့် ၎င်းစစ်တမ်းအပေါ် မိမိထက် ပိုမိုအမြင်ကျယ်ပြီး ပညာရှင်တစ်ဦးအနေဖြင့် မတူညီသောရှုထောင့်မှ ဆန်းစစ်ဝေဖန် အကြံပြုလိုပါက စစ်တမ်းမူရင်းအား အောက်ဖော်ပြပါလင့်တွင် ရယူနိုင်ပါကြောင်း တင်ပြအပ်ပါသည်။)
https://www.iseas.edu.sg/ category/ articles- commentaries/state- of- southeast- asia-survey/
ကိုးကားချက်များ
၁။ ကာကွယ်ဆေးထိုးနှံမှု (မတ်လ ၂၄ ရက်ထုတ် ကြေးမုံသတင်းစာ)
၂။ ကိုဗစ်ဆေးဝါးပြည်တွင်း၌ထုတ်လုပ်မှု (မတ်လ ၂၄ ရက်ထုတ် မြဝတီ သတင်းစာ)
၃။ အာဆီယံလေ့လာရေးဌာန၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ
ဒုတိယအပတ်ထုတ် The State of Southeast Asia: 2022
- Log in to post comments