
မြင့်စိုး(နတလ)
ကျွန်တော်နှင့် နာရီများ
ကျွန်တော်ငယ်စဉ်က စတင်မြင်ဖူးခဲ့သောနာရီများမှာ ရွာဦးဘုန်းကြီး ကျောင်းမှ တိုင်ကပ်နာရီ၊ ရွာက သဟာယဆန်စက်ပိုင်ရှင် ကျွန်တော့် ဘကြီးဦးမြမောင်လက်မှာပတ်ထားသော နာရီနှင့် ကျောင်းဆရာ ကျွန်တော့်အဖေ ဆရာကြီးဦးသာခင်၏ လက်က ရိုးမားနာရီအဝိုင်း လေးဖြစ်သည်။ လှော်ကထား အလကကျောင်းရောက်တော့လည်း ဆရာ၊ ဆရာမများကလွဲ၍ ဘယ်ကျောင်းသား၊ ကျောင်းသူများမှ နာရီမရှိကြ။ သို့သော် ပူစရာမလို၊ ရွာဦးဘုန်းကြီးကျောင်းက မနက် ၄ နာရီ အုန်းမောင်းခေါက်သံ၊ ကြေးနောင်ထိုးသံသည် ကျွန်တော် စာကြည့်ရန် နာရီနှိုးစက်သံများ ဖြစ်ခဲ့သည်။ လှော်ကထား ဘုန်းကြီး ကျောင်း၊ နတ္ထမင်းကုန်း ဘုန်းကြီးကျောင်းများမှ နာရီမလပ် ထိုးပေး နေကြသော အုန်းမောင်းခေါက်သံ၊ ကြေးနောင်သံများသည် ရွာက လူတွေအတွက် လယ်ထဲကိုင်းထဲဆင်းချိန်၊ ကောက်စိုက်သမများ အတွက် ကောက်ညှင်းပေါင်းဖို့ချိန်၊ နွားသွင်းချိန်များ ဖြစ်ခဲ့သည်။ ရွာက ကျောင်းမှာ ၈ တန်းအောင်တော့ ၉ တန်း ၁၀ တန်းကို လေးမျက်နှာ အထကမှာ တက်ရသည်။ ကျေးဇူးရှင် ဒက္ခိဏာရုံကျောင်း ဆရာတော် ဦးပညာလောကနှင့် ဦးဇောတိပါလတို့၏ စောင့်ရှောက်မှုကို ခံယူရ သော ပရဟိတကျောင်းသားဖြစ်ခဲ့သည်။ ဘုန်းကြီးကျောင်းပေါ်က နာရီများကို သွားသွားကြည့်ပြီး အထကကျောင်းသို့ ကျွန်တော်တို့ အားလုံး ပြေးပြေးလွှားလွှားသွားခဲ့ကြရသည်။ အထက်တန်းကျောင်းသား ဘဝမှာ နာရီပတ်နိုင်လျှင်၊ စက်ဘီးစီးနိုင်လျှင်၊ ဘောလုံးကန်ချိန်မှာ ပူးမားတို့ တရုတ်နီတို့ အစရှိသည့် ဘောကန်ဖိနပ်များဝတ်၍ ကန်နိုင် လျှင် ယနေ့ခေတ်ကလေးတွေ ပြောနေကြသလို အကောင်ဖြစ်ပြီ။ ကျွန်တော်ဆိုသော တောသား မောင်မြင့်စိုးကမူ ၁၀ တန်း အောင်ချိန် အထိ ဘာမှမပတ်နိုင်၊ မစီးနိုင်၊ မဝတ်နိုင်၍ အကောင်မဖြစ်ခဲ့။ စစ်တက္ကသိုလ် ပထမနှစ်ရောက်မှ လစာထဲကစုပြီး ယူရီကာနာရီလေး ကို ဝယ်နိုင် ပတ်နိုင်ခဲ့သည်။ ကျွန်တော့်ဘဝမှာ နာရီတွေက ဤမျှ လောက်ထိ အရေးပါခဲ့ဖူးသည်။ ယနေ့အချိန်မှာ ကျွန်တော်ဘယ်လို နာရီတွေကိုပဲ ပတ်ထားထား ဘုန်းကြီးကျောင်းများဆီက အုန်းမောင်း ခေါက်သံ၊ ကြေးနောင်သံများကိုပဲ တသသလွမ်းနေမိပါသည်။
စစ်တွေမြို့က နာရီစင်
ရခိုင်ပြည်နယ် စစ်တွေမြို့ မောလိရပ်ကွက်ရှိ အမှတ်(၁) ရဲစခန်း ဝင်းထဲမှာ တွေ့မြင်နေရသော နာရီစင်ကြီးသည် ရခိုင်ပြည်နယ်အတွင်း ရှေးအကျဆုံးနာရီစင် ဖြစ်ဖွယ်ရှိပါသည်။ ၁၈၈၇ ခုနှစ်တွင် တည်ဆောက် ပေးခဲ့ခြင်း ဖြစ်၏။ အချိန်ကာလကိုပြန်ကြည့်ပါက သီပေါမင်း ပါတော် မူပြီး နှစ်နှစ်အကြာ ဝိတိုရိယဘုရင်မ၏ နန်းသက် ၅၀ ပြည့် အထိမ်း အမှတ်အဖြစ် စစ်တွေမြို့လယ်၌ တည်ဆောက်ပေးခဲ့ကြောင်း သိရ သည်။ ဆတ်ရိုးကျချောင်းမှာ ချောင်းကူးတံတားတစ်စင်း ဆောက် မလား၊ မြို့လယ်နာရီစင်ဆောက်မလားဟု တိုင်ပင်ကြသောအခါ အများ သဘောကျ မြို့လယ်နာရီစင်တည်ဆောက်ရေးကို သဘောတူခဲ့ကြ ကြောင်း သိရသည်။ နာရီစင်၏အတိုင်းအတာပမာဏမှာ အမြင့် ၇၀ ပေရှိပြီး ကိုလိုနီခေတ်ဗိသုကာလက်ရာ သံနှင့် သွပ်မိုးပုံစံဖြစ် သည်။ အစဉ်အဆက်အသုံးပြုလာရာမှ ပြန်လည်ပြုပြင်ရခြင်း၊ စက်အစိတ်အပိုင်းများ အသစ်တပ်ဆင်ရခြင်းတို့ ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ပေးထားကြောင်း သိရှိ ရပါသည်။ ယခုအခါ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ မည်သူကပဲ လက်ဆောင်ပေးခဲ့ပေးခဲ့၊ ရှေးဟောင်းဗိသုကာလက်ရာတစ်ခုအနေဖြင့် ထိန်းသိမ်းသွားရမည်ဖြစ်သည်။ ရန်ကုန်မြို့က ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး) မှာ နေခဲ့ဖူးသဖြင့် ရှေးဟောင်းဗိသုကာလက်ရာများကို လေ့လာကြည့်ရှုခွင့်ရခဲ့သလို သတိတရလည်းရှိနေပါသည်။
သကျမုနိသိမ်တော်ကြီးမှ နာရီ
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သော ရှေးဟောင်းသာသနိက အဆောက် အဦများထဲတွင် ၁၉၁၀ ပြည့်နှစ်က တည်ဆောက်ထားခဲ့သည့် ဦးရဲ ကျော်သူကျောင်း (ခ) သံကျောင်းလည်း ပါဝင်သည်။ ဦးရဲကျော်သူ ကျောင်းဝင်းထဲက ၁၉၁၇ ခုနှစ်တွင် တည်ဆောက်ခဲ့သော သကျမုနိ သိမ်တော်ကြီးလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။ နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်များနှင့်အညီ ရှေးမူမပျက် ပြန်လည်ပြုပြင်ပေးလျက် ရှိရာ အဆိုပါကျောင်းနှင့် သိမ်နေရာများသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အတူ လိုက်ပါကြည့်ရှုခွင့်ရခဲ့သည်။ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတာဝန်ရှိသူများက အဆောက်အဦများကို ပြုပြင်ရင်း သကျမုနိသိမ်တော်ကြီး၏ အပေါ်ပြာသာဒ်ဆောင် အခေါင် အဖျားမှာ ချို့ယွင်းနေသော ရှေးဟောင်းနာရီကြီးကိုလည်း တတ်နိုင် သမျှ ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြန်လည် ပြုပြင်ပေးရာတွင် မည်မျှလောက်ထိ စေတနာထားလိုက်သလဲဆိုတာ ကတော့ အိန္ဒိယရှိ မူလနာရီကုမ္ပဏီကို ဆက်သွယ်ခဲ့ရာ ပစ္စည်းများ ရရှိရန် မလွယ်ကူတော့၍ အခြားကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ပေးခဲ့ ကြောင်း သိရသည်။ အတတ်နိုင်ဆုံး မူလခေါင်းလောင်းသံနှင့်တူသည့် နာရီထိုးသံမျိုးဖြစ်အောင် တပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ဒီလောက်ဆိုလျှင်ပင် စစ်တွေသူ စစ်တွေသား များအတွက် ယခင်ကြားခဲ့ဖူးသော ဦးရဲကျော်သူကျောင်းက နာရီသံကို ပြန်လည်ကြားခွင့်ရကြဦးမည်။ နာရီကြီးအကြောင်း ရှေးဟောင်း နှောင်းဖြစ် ပြောပြသွားကြသည့် အဘိုးရှင်၊ အဘောင်ရှင်၊ ဘာဘာ၊ အမိတို့အား ပြန်လည်သတိရလွမ်းကြပေဦးတော့မည်။
ဗုဒ္ဓေါမော် သမိုင်းအကျဉ်းချုပ်
စစ်တွေမြို့မှာ တာဝန်ထမ်းဆောင်နေခိုက် ဘုရားကျောင်းကန် တော်တော်များများသို့ ရောက်ခဲ့ ဖူးခဲ့ရသည်။ ထူးထူးခြားခြား နေရာများသို့လည်း သွားချင်ရောက်ချင်မိ၏။ စစ်တွေပွိုင့်ကနေ လှမ်းမြင်နေရသော မီးပြတိုက်ကျွန်းလေးကိုလည်း သွားကြည့်ချင် သည်။ မိုးတွင်းကြီးသွားရတာမလွယ်ကူကြောင်း ပြောလာကြ၍ မသွား ဖြစ်ခဲ့။ ထိုအချိန်မှာ မိတ်ဆွေတစ်ဦးက ဗုဒ္ဓေါမော်ကို ရောက်ပြီးပြီလား ဟု မေးလာသည်။ ဗုဒ္ဓေါမော်နေရာမှာ ယခုလို ဝါဝင်ခါနီးအချိန် ဇူလိုင်လ ၂၈၊ ၂၉၊ ၃၀ ရက်များ၌ ပွဲရှိကြောင်း၊ စစ်တွေမြို့က လူတော် တော်များများ သွားရောက်အဓိဋ္ဌာန်ပြုဆုတောင်းကြကြောင်း သိရ သည်။ မေးမြန်းလေ့လာကြည့်သောအခါ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ နတ်ကွန်းတစ်ခုဖြစ်ကြောင်းနှင့် ရေတပ်စခန်းဝင်းအတွင်း တည်ရှိ ကြောင်း သိရသည်။
ဗုဒ္ဓေါမော်ဟု အမည်နာမစ၍ တွင်ရခြင်းသမိုင်းအကျဉ်းကိုလည်း ဖတ်ရှုခဲ့ရသည်။ မဟာသက္ကရာဇ် ၁၂၃ ခုနှစ်၊ ဘီစီ ၅၆၈ ခုနှစ်တွင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူခဲ့သည်။ သုနာပရန္တတိုင်းမှ မဇ္ဈိမဒေသသို့ အရောင်းအဝယ် ကုန်သွယ်မှုဖြင့်သွားရောက်ခဲ့သော မဟာပုဏ္ဏသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ရောက်ရှိပြီး မြတ်စွာဘုရား၏ တရားတော်တို့ကို ကြားနာခွင့်ရရှိကာ ရဟန်းပြုလျက် ဩဝါဒစကား ကမ္မဋ္ဌာန်းတရားများ သင်ယူပွားများ အားထုတ်ခဲ့သည်။ ယင်းနောက် မဟာပုဏ္ဏရဟန္တာမထေရ်မြတ်သည် မိမိဒေသ သုနာပရန္တတိုင်း ဝါဏိဇ ရွာသို့ ပြန်လည်ကြွမြန်းခဲ့ပြီး အဇ္ဈစတ္တတောင် (ယခုအခေါ် ဦးကင်း တော်)၊ သမုဒ္ဒရာဂိရိဝိဟာရ (ယခု ဗုဒ္ဓေါမော်နေရာ)၊ မာတုလဂိရိ (ယခုအခေါ် ဦးရဇ်တောင်)၊ မကုလကာရာမ (ယခုအခေါ် ဖြူးချောင်းရွာ) အမည်ရသည့် ဌာန လေးခုတို့တွင် သီတင်းသုံး နေထိုင်တော်မူခဲ့သည်။ သမုဒ္ဒရာဂိရိဝိဟာရ (ခ) သမုဒ္ဒရာအနီး ကျောက်တော်ပေါ်က ဂူကျောင်း ၌ သီတင်းသုံးနေစဉ် လာရောက်ဖူးမြော်သူများက မထေရ်၏အမည်နာမ မည်သူဖြစ်သည်၊ မထေရ်၏ ဆရာဖြစ်သူ၏ ဘွဲ့အမည်များကို မေးလျှောက်ကြရာ ငါ့၏အမည်က ပုဏ္ဏမထေရ်၊ ငါ့ဆရာ၏ ဘွဲ့အမည်ကား ဗုဒ္ဓဖြစ်သည်ဟု ဖြေကြားခဲ့၏။ ဤမထေရ်ကား ဗုဒ္ဓ၏တပည့် သာဝကဖြစ်၍ မြတ်စွာ ဘုရား၏ အမည်နှင့်ယှက်နွှယ်ကာ မထေရ်ကိုလည်း ဗုဒ္ဓဟူ၍ပင် ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။ ထိုမထေရ်သည် ကမ္မဋ္ဌာန်းအာရုံ၌သာ မွေ့လျော်သဖြင့် လူတို့နှင့်ရောနှောဧည့်ခံ စကားမပြောသူဟု အဓိပ္ပာယ် ရသည့် “မောန”ဆိုသည့် အမည်ကို မူလ“ဗုဒ္ဓ” အမည်နှင့်တွဲ၍ “ဗုဒ္ဓမောန” ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုမှ ဗုဒ္ဓမောဟူ၍ လည်းကောင်း၊ ဗုဒ္ဓမောမှ “ဗုဒ္ဓေါမော်”ဟူ၍လည်းကောင်း ပြောင်းလဲခေါ်တွင်လာခဲ့သည်ဟုဆို၏။
ထိုဗုဒ္ဓေါမော်ဟု ဘွဲ့မည်ရသည့် မဟာပုဏ္ဏရဟန္တာမထေရ်မြတ် သီတင်းသုံးနေထိုင်ရာ ဂူကျောင်းနေရာကို စောင့်ရှောက်မည့် နတ်ကောင်း နတ်မြတ်တစ်ပါး ပေါ်ပေါက်လာခဲ့သည်။ ၎င်းနတ်ရှင်မသည် ယနေ့တိုင် ဗုဒ္ဓေါမော်နေရာကို စောင့်ရှောက်နေဆဲဖြစ်သောကြောင့် သူ့အမည်ကို လည်း ဗုဒ္ဓေါမော်ရှင်မဟု ခေါ်တွင်နေကြကြောင်း သိခွင့်ရခဲ့သည်။ ဤသည်တို့ကား ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် သာသနာ လင်္ကာရပရိယတ္တိစာသင်တိုက်၏ စာချနာယကဆရာတော် ဘဒ္ဒန္တ ဓမ္မဝိန္ဒရေးသားတော်မူသော သမိုင်းအကျဉ်းမှ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။
ဇူလိုင် ၂၈ မှာ ဗုဒ္ဓေါမော်သို့ ကျွန်တော် မရောက်ဖြစ်ခဲ့၊ ဇူလိုင် ၂၉ မှာလည်း ကျွန်တော်တို့ဘောလုံးကန်နေကြသဖြင့် မသွားနိုင်သေး၊ ဇူလိုင် ၃၀ မှာတော့ ကျွန်တော် ရောက်အောင်သွား၍ လေ့လာမိပါ သည်။ ရေတပ်စခန်းဂိတ်မှာ စနစ်တကျ စစ်ဆေးမှုခံယူ၍ ဗုဒ္ဓေါမော် သို့ သွားရောက်နေကြသော ဒေသခံတိုင်းရင်းသားများကို တွေ့ရသည်။ နတ်ကွန်းနေရာတွင် ဘုရားရုပ်ပွားတော်တစ်ဆူကို ဦးစွာဖူးတွေ့ရသည်။ ယင်းနောက် ဗုဒ္ဓေါမော်ရှင်မရုပ်တု၊ ထိုရုပ်တု၏ အနီးအနား၌ ရခိုင် ရွှေစက္ကူလေးများပေါ်မှာ လိုရာဆုကိုရေးသား၍ ကပ်ထားကြသည်ကို လည်း တွေ့ခဲ့ရသည်။ ယုံကြည်မှုအရ ကိုးကွယ်ဆုတောင်းမှုပြုကြ သော နေရာတစ်ခုပါပေ။ နတ်ကွန်းနှင့်မနီးမဝေး၌မူ သားဆုပန်ကြ သော နေရာလေးတစ်ခုကို တွေ့ရသည်။ လာရောက်ဆုပန်နေကြသော လင်မယားစုံတွဲများလည်း မနည်းမနောပါတကား။ စီးတော်ကျား မောင်တော်၏နေရာမှာလည်း ဆုတောင်းသူတွေ ရှိကြသည်။ ထိုမှ ဝိဇ္ဇာဂူဟုခေါ်သော အဖိုးရှင်၏ဂူကိုလည်း တွေ့ဖြစ်ခဲ့ရသည်။ နတ်ကွန်း ရှေ့ အဆောင်လေးထဲမှာတော့ နတ်ကနားပေးနေသော နတ်ဝင်သည် အဖွဲ့တစ်ဖွဲ့ရှိနေပြီး ထိုနေရာမှာလည်း သူ့ပရိသတ်နှင့်သူ စည်ကား နေပါသည်။ နတ်ကွန်းမှနေ၍ ကျောက်တောင်လို နေရာလေးတစ်ခုပေါ် သို့ လှေကားထစ်များအတိုင်းတက်သွားလျှင် ရဟန္တာဂူသို့ ရောက်ပါသည်။ ရှင်ပြုနားသပြုလိုသူများလည်း ရဟန္တာဂူမှာ လာရောက်ပြသ ဆုတောင်း ကြကြောင်း သိရသည်။ ဗုဒ္ဓေါမော်မှာ ရောက်ရှိလေ့လာနေခိုက် ကျွန်တော့် စိတ်က ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သီတာကုန်းပြင်ရွာမှ သီတာမောင်နှမနတ်ကွန်းရှိရာသို့ ရောက်နေပါသည်။ သီတာမောင်နှမ နတ်ကွန်းသည်လည်း သူ့ရာသီနှင့်သူ ကုန်းပွဲ ရေပွဲ၊ ဘုရားပွဲများနှင့် အထူးပင် စည်ကားများပြားလှသည်။
အိန္ဒိယ - မြန်မာ ချစ်ကြည်ရေးစီမံကိန်း
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ဦးဆောင်သော မြန်မာချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့ ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် ခရီးစဉ်မှ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၊ စစ်တွေကုလားတန် ဆိပ်ခံတံတားနှင့် ပလက်ဝဆိပ်ခံတံတား တည်ဆောက်ရေးလုပ်ငန်း များ စတင်ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။
စစ်တွေမြို့တွင် တည်ဆောက်မည့် ကုလားတန်တံတား (စစ်တွေ)ကို စတင်တည်ဆောက်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံအခြေစိုက် ESSAR Projects (India) Co., Ltd နှင့် အိန္ဒိယနိုင်ငံတို့အကြား ကန်ထရိုက်စာချုပ်ချုပ်ဆို၍ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် စတင်ပန္နက်ချ တည်ဆောက်ခဲ့ပါသည်။
စီမံကိန်းတည်နေရာမှာ စစ်တွေမြို့၏ အချက်အချာနေရာဖြစ်သည့် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက် ကမ်းနားလမ်း (ယခင်မင်းကြီး ကျောက်တန်း) နေရာ ကုလားတန်မြစ်ကမ်းနဖူးပေါ်တွင် စုစုပေါင်း ဧရိယာ ၁၆ ဒသမ ၂၀ ဧကခန့်အား မြေဖို့ပြီး အဆိုပါမြေကို ကျောထောက်နောက်ခံပြု၍ မျက်နှာစာအလျား ၂၁၉ မီတာရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတစ်စင်းနှင့် မျက်နှာစာ အလျား ၅၄ မီတာရှိ ပြည်တွင်းရေကြောင်း ဆိပ်ခံတံတားတစ်စင်းတို့ကို တည်ဆောက်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဆိပ်ကမ်းတည်ဆောက်ရေးကာလ ပြီးဆုံးခဲ့ကာ တည်ဆောက်ရေး ကုမ္ပဏီ ESSAR Projects (India) Co., Ltd. မှ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါ သည်။ ယင်းနေ့တွင်ပင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် Port Operator အဖြစ် ဆောင်ရွက်မည့် အိန္ဒိယနိုင်ငံအခြေစိုက် A To Z Exim Ltd. ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ယခုအခါ အဆိုပါ ကုမ္ပဏီကပင် Port Operator အဖြစ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ကုလားတန် တံတား(စစ်တွေ) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားအဖြစ် နိုင်ငံတော်က သတ်မှတ်ပေးခဲ့ပြီး ဒေသအတွင်း လိုအပ်ချက်အရ ပြည်တွင်းသွားရေယာဉ်များပါ ဆိုက်ကပ်အသုံးပြု နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့်အတူ ပြည်တွင်း ဆိပ်ကမ်းအဖြစ်ပါ ပူးတွဲအသုံးပြုခွင့်ပေးထားပါသည်။ တံတားဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၉ ရက်နေ့တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ARSA မဟုတ်သော ESSAR
ဆိုရသော် ယင်းဆိပ်ကမ်းသည် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး စီမံကိန်းအရ ပေါ်ပေါက်လာသော ဘက်စုံသုံးဆိပ်ကမ်းဖြစ်သည်။ ဆိပ်ကမ်းအဝင်ဝမှာရော ဆိပ်ကမ်း၏ ဆိပ်ခံ တံတားပေါ်မှာပါ INDIA MYANMAR FRIENDSHIP PROJECT အိန္ဒိယ-မြန်မာချစ်ကြည်ရေး စီမံကိန်း၊ KALADAN MULTIMODAL TRANSIT TRANSPORT PROJECT ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း၊ PORT TERMINAL - SITTWE ဆိပ်ကမ်းတည်နေရာ - စစ်တွေ ဟူ၍ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယင်းသို့ ရေးသားထားသဖြင့် ထိုဆိပ်ခံတံတား တည်ဆောက်ထားသောနေရာကို ဘက်စုံသုံးဆိပ်ကမ်းဟူ၍ အမည်တွင် သွားလျှင်လည်း အကောင်းဆုံးဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်တော်တို့ ကြားနေရသည်က ဒေသခံတွေကရော ဌာနဆိုင်ရာ ဝန်ထမ်းအချို့ကပါ ယင်းဆိပ်ကမ်းကို “အာဆာ” ဆိပ်ကမ်းဟု ခေါ်နေကြခြင်းဖြစ်သည်။ ကြားခါစက ဘာကိုဘာကြောင့် အာဆာဆိပ်ကမ်းဟု ခေါ်ကြတာ ပါလိမ့်ဟုပင် တွေးမိသည်။ ARSA အဖွဲ့ကို ပြေး၍မြင်မိသည်။ ARSA ဆိုသည်မှာ ရခိုင်ပြည်နယ်အတွက်ရော မိမိတို့နိုင်ငံအတွက်ပါ မလိုလား အပ်သည့် သောင်းကျန်းသူ အဖွဲ့အစည်းဖြစ်သည်။ သည်နာမည်ကို ဘာကြောင့် ဒီမှာခေါ်နေကြပါလိမ့်။ စဉ်းစားရကျပ်ခဲ့သည်။ နောက် တော့မှ သွားရင်းလာရင်း ၎င်းဆိပ်ကမ်းအနီးက ခြံဝင်းတစ်ခုထဲမှာ ESSAR ဟု အမည်ရေးထိုးထားသော သင်္ဘောပုံစံငယ်လေးတစ်စင်းကို တွေ့ရသည်။ တော်တော်လေးလည်း ဟောင်းနွမ်းနေပါပြီ။ ထိုသင်္ဘော လေး၏အမည်ကို ဆက်လေ့လာလိုက်သောအခါ ယခုဘက်စုံသုံး ဆိပ်ကမ်းကို စတင်တည်ဆောက်ပေးခဲ့သည့် ကုမ္ပဏီ၏ အမည်ဖြစ် နေကြောင်း သိရသည်။ ESSAR ကို အာဆာဟု ခေါ်တွင်နေကြခြင်း ဖြစ်ပါလိမ့်မည်။
ဓညဝတီ မည်တွင်စေလို
ကျွန်တော်တို့အဖွဲ့ စစ်တွေမြို့၌ရှိနေစဉ် စစ်တွေတက္ကသိုလ် လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးဘောလုံးပွဲ တစ်ပွဲ နွှဲခဲ့ရသေးသည်။ ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာ ကော်မတီက ကြီးမှူးကျင်းပသော မိုခါမုန်တိုင်းအလွန် ပြည်လည် ထူထောင်ရေး၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲလည်းဖြစ်၏။ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ကစားခဲ့သည့် ထိုဘောလုံးပွဲအကြောင်းကို ကျွန်တော် ဆောင်းပါးရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ကျင်းပခဲ့သည့် အားကစားကွင်းအမည်မှာ ဓညဝတီအားကစားကွင်းဟု ခေါ်တွင်ထား ပါသည်။ ဤသို့ဆိုလျှင် အာဆာ….အာဆာဟု ခေါ်တွင် နှုတ်ကျိုးနေကြ သော အနှီဆိပ်ကမ်းအမည်ကို “ ဓညဝတီဆိပ်ကမ်း” ဟု ပြောင်းလဲ ခေါ်ဝေါ်ရန် မဖြစ်နိုင်ပြီလော။ ကျွန်တော်တစ်ဦးတည်း ဆန္ဒအရဆိုလျှင် အဝင်ဝမှာဆိုင်းဘုတ်အကြီးကြီးတင်၍ ပြောင်းပစ်လိုက်ဖို့ စိတ်ကူး မိသည်မှာ အကြိမ် ၁၀၀ မက အခါခါပင်။ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နိုင်ငံတကာစံနှုန်းများအရ မူလရှိပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်များကိုလည်း ဆက်လက်ထားရှိ၍ ခေါ်ရလွယ်ကူသော၊ ရခိုင်ယဉ်ကျေးမှုကို အလေးထား ဂုဏ်ပြုရာလည်း ရောက်သော အမည်တစ်ခု တွင်သွားစေခြင်းရယ်သာ။
ရခိုင်ဒေသနှင့် လိုက်ဖက်သည့် အခြားအမည်များကိုလည်း စဉ်းစားရှာဖွေကြည့်မိပါသေးသည်။ ကုလားတန်မြစ်ဘေးမှာရှိနေ၍ ကုလားတန်ဆိပ်ကမ်းဟု ခေါ်ဖို့ရာလည်း ကျွန်တော့်အမျိုးများ ရခိုင်သားတို့က ဆန္ဒရှိပုံမပေါ်၊ ဤသို့ဆိုလျှင် ကစ္ဆပနဒီဆိပ်ကမ်းဟု အမည်ပေးကြည့်လျှင်ရော၊ ဒါကလည်း ကစ္ဆပနဒီလား၊ ဂစ္ဆပနဒီလား ရေးထုံးအမှန်၊ အမည်မှန်ကို ကိုးကားရှာဖွေငြင်းခုံကြမှာ စိုးရသေး သည်။ တေးသံရှင်ရတနာမိုင်၏ မိခင်ဖြစ်သူ အဆိုတော်ကြီး “ မိုင်” သည် ကျွန်တော်တို့ ငယ်စဉ်ကတည်းက နှစ်ခြိုက်ခဲ့သော တေးသံရှင် မောင့်မလွမ်းပိုဖြစ်ပါသည်။ မိုင်ဟု နာမည်မကျော်မီကတည်းက သူ၏ အနုပညာအမည်ကို ဓညဝတီရွှေကြည်ဟု ကျွန်တော်တို့ သိထားခဲ့ သည်လေ။ မိုင်၏ ဇာတိမြေသည် စစ်တွေလား၊ ကျောက်ဖြူလား၊ သံတွဲလား ကျွန်တော်မသိ၊ ဓညဝတီဆိုတာကတော့ ရခိုင်ပြည်နယ် တစ်ခုလုံးနှင့် လိုက်ဖက်သောအမည်ဖြစ်လိမ့်မည်ဟု ကျွန်တော်ယုံကြည် မိသည်။ ကျွန်တော်၏ ဇောစေတနာသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရတို့အတွက် စိတ်အနှောင့်အယှက် မဖြစ်တန်ရာ။
အောင်ပန်းဆင်နိုင်ပါစေ သမီးငယ်တို့ရေ
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ပြည်နယ်နှင့် တိုင်းဒေသကြီး U-19 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်အသင်းသည် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကြားသိရသည်။ နေပြည်တော်အသင်း၏ အုပ်ချုပ်သူအဖွဲ့တွင် လိုက်ပါသွားသော တူမတော် လှိုင်မီမီထွန်းက လေးလေးရဲ့ ရခိုင်ဘောလုံးအသင်းကို ဘာပြောပေးရဦးမလဲဟု မေးလာသည်။ ရခိုင်မြေ ရခိုင်ဒေသအပေါ် ကျွန်တော်သံယောဇဉ်ရှိမှန်း သိနေ၍ သူမေးခဲ့ခြင်းဖြစ်၏။ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီးဘောလုံးပြိုင်ပွဲတုန်းကလို ပထမဒိုင်းဆုကြီးကို အရယူပြီး ရခိုင်ပြည်နယ်ကို ပြန်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြဖို့ စစ်တွေတက္ကသိုလ် လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနဲ့ ကစားတဲ့ပွဲမှာ ဝင်ကစားခဲ့တဲ့ ဘဘကြီး ဦးမြင့်စိုး က အမှာစကားပါးလိုက်ကြောင်း ပြောခိုင်းလိုက်ပါသည်။ မိုခါမုန်တိုင်းလွန်ကာလ၊ ရခိုင်ပြည်နယ်၏ အားကစားနှင့် လူငယ် ကဏ္ဍမြင့်မားတိုးတက်ရေးကိုပါ အလေးထား ဆောင်ရွက်ပေးနေ သည်မို့ သူတို့ကို နိုင်စေချင်တာတော့ အမှန်ပင်။
ပြန်လည်ဆုံတွေ့ကြပါဦးစို့
ရခိုင်ပြည်နယ်အတွင်း၌ မိုခါမုန်တိုင်းမကျရောက်မီ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ များစွာရှိနေပါ သည်။ သမဝါယမအသင်းများဖွဲ့စည်း၍ နွားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ ယခုမိုးစပါးရာသီတွင် လည်း စိုက်ဧက ၆၁၁၈ ဧကကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပါဝင်စိုက်ပျိုးလျက်ရှိသည်။ မိုခါမုန်တိုင်းသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နဂိုမူလ အနေအထားထက် ပိုမိုကောင်းမွန်အောင် နိုင်ငံတော်က ဆောင်ရွက် ပေးလျက်ရှိရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေရေးလုပ်ငန်းများ၊ ထိခိုက်ပျက်စီးသွားသော လမ်း/ တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ၊ အခြား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးခဲ့သည်။ အထက်ဖော်ပြပါ လုပ်ငန်းများအတွက် ရခိုင်မြေ ရခိုင် ဒေသသို့ မလွဲမသွေ ထပ်မံ၍ ရောက်ရပေဦးမည်။ သာလီစွပါ အမျိုးတို့၊ ပြန်လည်ဆုံတွေ့ကြပါဦးစို့။ ။
- Log in to post comments