
နေပြည်တော် စက်တင်ဘာ ၁၄
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန် ဖြစ်ပြီး လိုအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူ ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်သဖြင့် စည်းကမ်းသေဝပ်၍ အမိန့်နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်းနှင့် မိမိတို့တာဝန်ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏အကျိုးစီးပွားကို ကောင်းမွန်တိုးတက် အောင် မိမိတို့တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင် တပ်နယ်ရှိ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ပါရဂူ ဆေးမှူးများ၊ ဆရာ၊ ဆရာမများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများ အား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား စဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ ကျောင်းအုပ်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ပါရဂူဆေးမှူးများ၊ ဆရာ ဆရာမများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ခေတ္တတာဝန်ယူထိန်းသိမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် နိုင်ငံတော်အတွက် တပ်မတော်၏ အရေးပါမှုအခန်းကဏ္ဍကို အရာရှိ၊ စစ်သည်မိသားစုများ သိရှိစေရန် အနည်းငယ် ပြောကြားလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ် ခဲ့သည့် မဲမသမာမှုဖြစ်ပွားနိုင်သော မဲစာရင်းကြီးမား စွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိရသဖြင့် တာဝန်ရှိသူ အဖွဲ့အစည်း အဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေး နိုင်ရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန် ကြံစည် ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေအဖြစ်ကြေညာကာ ယာယီ သမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏ တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း။
ဆက်လက်ကြိုးပမ်းဆောင်ရွက်
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသည့် အဖွဲ့အစည်းဖြစ်သဖြင့် နိုင်ငံ့အတွက် အရေးကြီးလှ သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည် မသွားစေရန် လုပ်သင့်လုပ်ထိုက်၊ ပြောသင့်ပြောထိုက် သည်များကို ရွေးကောက်ပွဲမတိုင်မီကာလများကပင် ထောက်ပြပြောဆိုခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ်နှင့် ရွေးကောက်ပွဲဥပဒေများကို ကျော်လွန်လုပ်ဆောင်ခဲ့သည့် အခြေအနေများကို တွေ့ရှိရသောကြောင့် ယခုကဲ့သို့ အခြေအနေများအထိ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီ ဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီ ဖြစ်စေရေးအတွက် တပ်မတော်အနေဖြင့် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
တက်ညီလက်ညီဖြင့် ဆောင်ရွက်
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များ ကို ခေတ္တတာဝန်ယူ ဆောင်ရွက်နေရသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုသည် ဇွန်လနှင့် ဇူလိုင်လတို့တွင် အဆိုးဆုံးအခြေအနေဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားခဲ့သည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ ထို့ကြောင့် ရောဂါကူးစက်မှုနှုန်း မြန်ဆန် ပြင်းထန်လာမှုကို ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်တိုင် ဦးဆောင်၍ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို တက်ညီလက်ညီဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါ ခံစားနေရသူများအတွက် အဓိကလိုအပ်ချက် ဖြစ်သည့် အောက်ဆီဂျင်လိုအပ်ချက်များကို အမြန် ဆုံးရရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးခဲ့ ကြောင်း၊ ထို့ပြင် ကာကွယ်ဆေးများရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ရရှိလာသည့် ကာကွယ် ဆေးများကို ဒေသအလိုက် ဦးစားပေးအုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိကြောင်း၊ လက်ရှိအချိန် တွင် ကူးစက်ဖြစ်ပွားနှုန်း လျော့ကျလာလျက်ရှိသည် ကို တွေ့ရှိရပြီး တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူတို့၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ ကူးစက်ဖြစ်ပွားမှု နှုန်းကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ် ကြောင်း။
ကြိုးပမ်းလုပ်ဆောင်
ထို့ပြင် ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများကို အမြန်ဆုံး ကုစားပေးနိုင် ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ တွင်သာမက နိုင်ငံတကာတွင်လည်း အလုပ်သမား ရှားပါးခြင်း၊ လုပ်အားခစရိတ်၊ သယ်ယူပို့ဆောင်မှု စရိတ် မြင့်မားမှုများကြောင့် စီးပွားရေးတွင် ထိခိုက် မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်သဖြင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ အဆက်မပြတ်စေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေး အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုမြင့်မားပါက ထုတ်လုပ်သူ၊ အလုပ်သမား၊ ဆက်စပ်လုပ်ငန်းများ သာမက ပို့ကုန်ပမာဏကိုပါ မြှင့်တင်နိုင်မည် ဖြစ်သဖြင့် နိုင်ငံ၏ စီးပွားရေးကိုလည်း မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဆန်နှင့် ရေထွက် ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချရလျက် ရှိသော်လည်း ဆီနှင့် အချို့သော ကုန်ပစ္စည်းများကို တင်သွင်းနေရသောကြောင့် ပြည်တွင်းကုန် ထုတ်လုပ်မှု မြင့်တက်လာစေရေး ကြိုးပမ်းလုပ်ဆောင် လျက်ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် ပတ်သက်၍ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်ခွင့်ပြုထားပြီး အခြားပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည် လည်ပတ်နိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ပြန်လည်ဖွင့်လှစ်သင်ကြား
တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည်စုံသည့် ပညာ တတ် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ပြီး အခြေခံမှာ အတန်းပညာတတ်မြောက်ရန်ပင် ဖြစ် ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော် ၏ တာဝန်များကို ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့် ကျောင်းများကို နိုင်ငံတော်၊ မိဘနှင့် ကာယကံရှင် ကျောင်းသား ကျောင်းသူများတွင် နစ်နာမှုများ ဖြစ်ပေါ်မှုမရှိစေရေး ပြန်လည်ဖွင့်လှစ်သင်ကြား စေခဲ့ကြောင်း၊ သို့သော်လည်း ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းများ ယာယီ ပိတ်ထားခဲ့ရပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည့် အချိန်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အထက်တန်း ပညာ မသင်ကြားဖူးသူနှင့် စာလုံးဝမတတ်မြောက်သူ ဦးရေသည် မြင့်မားလျက်ရှိသည်ကို တွေ့ရှိ ရသဖြင့် ပညာရေးနှင့် ပတ်သက်ပါက အလေးထားဆောင်ရွက် သွားရန်လိုအပ်မည်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိသည့် အချိန်ကတည်းကပင် နိုင်ငံရေးအရ၊ တိုင်းရင်းသား ရေးအရ သဘောထားကွဲလွဲမှုများကြောင့် လက်နက် ကိုင် ပဋိပက္ခများဖြစ်ပေါ်ခဲ့ရသဖြင့် ပြည်သူတစ်ရပ် လုံး လိုလားတောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိ ကြောင်း၊ တပ်မတော်အနေဖြင့် အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအား ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ကြောင်း။
ထိရောက်စွာ အသုံးချ
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်ပြီး လိုအပ်ချက်အရ နိုင်ငံ တော်၏ တာဝန်များကို ခေတ္တတာဝန်ယူထမ်းဆောင် နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်နိုင်ရန် အတွက် မိမိတို့တစ်ဦးချင်း၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန်နှင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိထမ်းဆောင် ရသည့် တာဝန်များကို ကျွမ်းကျင်မှုရှိအောင် အမြဲမပြတ်လေ့လာရန်၊ လေ့ကျင့်ရန်နှင့် စစ်စည်းကမ်းကို တိကျစွာ လိုက်နာရန် လိုအပ်မည် ဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်ပြီး စည်းကမ်းသေဝပ်၍ အမိန့်နာခံမှု ကောင်းစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ မိမိတို့ သင်ကြားခဲ့ရသည့် စစ်နည်းဗျူဟာများကို ပိုင်နိုင် ကျွမ်းကျင်မှုရှိအောင် လေ့လာလေ့ကျင့်ရုံသာမက လက်တွေ့စစ်မြေပြင်တွင်လည်း ထိရောက်စွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ အခြေခံစစ်နည်း ဗျူဟာနှင့် စစ်ပညာများကို လိုက်နာမှုမရှိပါက စစ်မြေပြင်တွင် ပေးဆပ်မှုများ ကြီးမားနိုင်သည်ဖြစ် သဖြင့် စစ်သည်တစ်ဦးချင်းအနေဖြင့် ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်နေရမည်ဖြစ် ကာ စစ်စည်းကမ်းနှင့် အမိန့်နာခံမှု ကောင်းမွန်ရမည် ဖြစ်ကြောင်း။
အရည်အချင်းကို ဦးစားပေး
ပြင်ဦးလွင်တွင် တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းများစွာရှိပြီး လေ့ကျင့်ရေး၏ အခြေခံဘူမိနတ်သန်ပင်ဖြစ်သည့်အတွက် အရည် အချင်းပြည့်ဝပြီး အရည်အသွေး ထက်မြက်ကောင်း မွန်သည့် အရာရှိ၊ စစ်သည်များ ထွက်ပေါ်လာအောင် နည်းပြများအနေဖြင့် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ကြောင်း၊ သင်တန်းသားများ၏ အရည်အသွေး မြှင့်တင်နိုင်ရေး အမြဲမပြတ် လေ့လာဖော်ထုတ် နေရမည်ဖြစ်ကာ သင်တန်းဆင်းလာပါက ၎င်း၏ အရည်အချင်းနှင့်ကိုက်ညီသည့် လူမှန် နေရာမှန် တာဝန်ပေးအပ်နိုင်ရန်လည်း လိုအပ်မည်ဖြစ် ကြောင်း၊ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးအားထားရသည့် အရာရှိ၊ စစ်သည်များကို မွေးထုတ်ပေးကြရမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် အရည်အသွေးပြည့်ဝသော တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်စွမ်းရည် ထက်မြက်ရေး၊ စွမ်းပကားမြင့်မားရေးကို အလေး ထား ဆောင်ရွက်ပေးခဲ့ပြီး စစ်သည်များ ပညာရည် မြင့်မားရေး၊ မိသားစုများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့မှုရှိစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ လူဦးရေ၏ ၅၂ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်သောကြောင့် အမျိုးသမီး အရာရှိ၊ စစ်သည်များ ထွက်ပေါ်လာအောင် လုပ်ဆောင်ပေးခဲ့ကာ နိုင်ငံ တကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။
တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်
ထို့ကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေ ဖြင့် မိမိတို့၏ ကိုယ်စီတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကာ မိမိဘဝတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ လုပ်ဆောင် ကြရာတွင်လည်း ရောင့်ရဲတင်းတိမ်သည့်စိတ်ဖြင့် ရိုးသားကြိုးစားစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိ ဝင်ငွေနှင့် ထွက်ငွေမျှတအောင် နေထိုင်သွားကြရန် တိုက်တွန်းလိုပြီး မိမိတို့၏ ကြိုးစားမှု၊ စည်းကမ်း လိုက်နာမှု၊ ကျန်းမာရေးကောင်းမွန်အောင် နေထိုင် စားသောက်မှုများအလိုက် အောင်မြင်မှုများ ရရှိနိုင် မည်ဖြစ်ကြောင်း၊ အသိတရား၊ သတိတရားလက်ကိုင် ထား၍ မိမိတို့၏ ကောင်းမွန်သည့် အလေ့အကျင့် ကောင်းများကို အသုံးချကာ ဘဝကို တည်ဆောက် ကြစေလိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏ အကျိုး စီးပွားကို ကောင်းမွန်တိုးတက်အောင် မိမိတို့ တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ကြစေလိုကြောင်း ပြောကြားသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာ ကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်