
မုံရွာ သြဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျောက်မီးသွေးလုပ်ငန်းရှင်များ၊ တာဝန်ခံများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကျောက်မီးသွေးလုပ်ငန်းရှင်များနှင့် တာဝန်ခံများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ မော်လိုက်မြို့နယ်နှင့် ကလေးဝမြို့နယ်တို့တွင် ကျောက်မီးသွေးလုပ်ငန်း များ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက် များကို ယခုတွေ့ဆုံပွဲတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သတ်မှတ် ကာလအရ ထုတ်လုပ်ရမည့် လျာထားချက် ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်ပြီး ကျောက်မီးသွေး များ သယ်ယူနိုင်ရေးအတွက် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဌာနများ အလိုက် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အစီအစဉ် များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး ကျောက်မီးသွေးလုပ်ငန်းရှင်များ နှင့် တာဝန်ခံများက မိမိတို့လုပ်ငန်းများတွင် ကျောက်မီးသွေးထုတ်လုပ်နေမှု၊ သယ်ယူရေး ဆောင်ရွက်နေမှုနှင့် သက်မှတ်လျာထားချက် ပြည့်မီ အောင် ထုတ်လုပ်သယ်ယူမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာ သူများက လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)