နေပြည်တော် ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၁ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိစိတ်ကြွ ရူးသွပ်ဆေးပြား ၇ ဒသမ ၁၅ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၈ ရက် မွန်းလွဲ ၃ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာ ပင်မြို့ (ဂ)ရပ်ကွက် မြို့မဈေးရှေ့ တွင် မုံရွာမှ ယင်းမာပင်ဘက်သို့ ခင်မောင်ဆန်း မောင်းနှင်ပြီး လွင်မင်းသန့် လိုက်ပါလာသည့် CANTER ခြောက်ဘီး မော်တော် ယာဉ်ကို ရှာဖွေရာယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ ဩဂုတ် ၉ ရက် နံနက် ၈ နာရီခွဲတွင် မကွေးတိုင်းဒေသ ကြီး ဂန့်ဂေါ မြို့နယ် ကျောမြို့ အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆက် တရားခံ ကြင်ဆွန်း (ခ) ကျင်စွမ်း အား HILUX SURF မော်တော် ယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ် ဆေးပြား ၂ ဒသမ ၇ သိန်းနှင့်လည်း ကောင်း၊ ယင်းနေ့နံနက် ၉ နာရီခွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ပင်လုံရပ်ကွက်ရှိ ထွဋ်မြတ်ဦး (ခ) အီးတီ၏ နေအိမ် ကို ဝင်ရောက်ရှာဖွေရာ ခင်မောင် ဆွေအား စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄၅ သိန်းနှင့်လည်းကောင်း၊ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို မန္တလေးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူ ထွဋ်မြတ်ဦး (ခ) အီးတီအား ဩဂုတ် ၁၀ ရက် မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်-မန္တလေး အမြန် လမ်း၊ (၂၀၁)မိုင် တိုးဂိတ်တွင် လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ် ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက် လက်စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်