
မုံရွာ မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသ နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်း ဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။
ကြိုတင်စီစဉ်ဆောင်ရွက်ကြ
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်မတီ အဖွဲ့များအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူ များအတွင်းမှာရှိသည့် စာမတတ်သူများအား စိစစ် စာရင်းပြုစုပြီး စာသင်ကြားပေးခြင်းဖြင့် စာမတတ် သူများပပျောက်သွားစေရန် ရည်ရွယ်ပြီး လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုလိုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရန် အတွက် ကြိုတင်ဆောင်ရွက်သင့်သည့်လုပ်ငန်းများ ကိုလည်း တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှု ကော်မတီအနေဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် လည်း ယခင်က စာတတ်မြောက်ရေးလှုပ်ရှားမှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အတွေ့ အကြုံကောင်းများရှိထားပြီးဖြစ်၍ ယခုလုပ်ငန်းစဉ် တွင်လည်း အောင်မြင်အောင်ပူးပေါင်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကိုလည်း ကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်အကြံပြုဆွေးနွေး
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့် တက်ရောက်လာသူများက တိုင်းဒေသကြီး အတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်း သားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် ရှိ ခုတင် (၂၀၀) ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်တွင် ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းတွင် မွေးရာပါအူကျွံ ရောဂါဖြင့် ခွဲစိတ်ဖွားမြင်ခဲ့သည့် ကလေးငယ်အား အူကျွံရောဂါခွဲစိတ်ကုသမှုများပြုလုပ်ခဲ့ပြီး ဆေးရုံကြီး ရှိ ဆရာဝန်၊ ဆရာမများ၏ အနီးကပ်ကြပ်မတ်ကုသ ပေးမှုဖြင့် ကျန်းမာကောင်းမွန်နေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးမိဘထံ ထောက်ပံ့ ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ကလေးအထူးကြပ်မတ်ဆောင်အတွင်း မွေးကင်းစကလေးငယ်များအား ကျန်းမာရေးစောင့် ရှောက်မှုပေးနေမှုများကို ကြည့်ရှုစစ်ဆေးကြပြီး ဆရာဝန်များနှင့် သူနာပြုများအတွက် ထောက်ပံ့ ငွေများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးရှိ အစည်း အဝေးခန်းမ၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဆရာဝန်ကြီးများနှင့် သူနာပြုများအား ရင်းရင်းနှီးနှီးတွေ့ဆုံရာ တာဝန်ရှိသူများက ဆေးရုံ ကြီး၏ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဆေးရုံ အုပ်ကြီးနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)