
စစ်ကိုင်း ဇန်နဝါရီ ၂၃
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ ပထမနှစ်သင်တန်းကို ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့် မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူများ အား ကြိုဆိုပွဲအခမ်းအနားကို စစ်ကိုင်းပညာရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စား စစ်ကိုင်းပညာရေးတက္ကသိုလ် မောင်မယ်သစ်လွင် များကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ - ၂၀၂၃ပညာသင်နှစ် (၂၄) ကြိမ်မြောက် ဘွဲ့နှင်း သဘင်တွင် BEd ၊ MEd ၊ ပညာရေးဘွဲ့(စာပေးစာယူ)၊ PGDMA ဘွဲ့များအပြင် ပညာရေး၏ အမြင့်ဆုံးဘွဲ့ ဖြစ်သည့် ပညာရေးပါရဂူဘွဲ့ကိုပါ ပေးအပ်ချီးမြှင့်နိုင် ပြီဆိုသည်ကို သိရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူ မဆုံးဖြစ်ရပါကြောင်း၊ နောင်နှစ်များတွင်လည်း ပညာရေး ပါရဂူဘွဲ့ရများ ဆက်လက်မွေးထုတ် ပေးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြရန် မှာကြားလိုပါကြောင်း၊ မောင်မယ် သစ်လွင်တို့အနေဖြင့် ပညာကို ကြိုးစားလေ့လာ သင်ယူကြပါ၊ ဆရာ ဆရာမများ၏ ပြောဆိုဆုံးမ စကားကို နားထောင်ကြပါ၊ ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်းများကို လိုက်နာပြီး မိမိ တက္ကသိုလ် ဂုဏ်သိက္ခာမညှိုးနွမ်းအောင် ထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာမြတ်မြတ်သော်က ပထမနှစ်သင်တန်း ကို တက်ရောက်ကြသည့် မောင်မယ်သစ်လွင်အားလုံး ကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ တက္ကသိုလ်ဝင်တန်း တွင် အမှတ်အများဆုံးဖြင့် ဝင်ခွင့်ရရှိသည့် ပထမနှစ် (ပညာရေး) ကျောင်းသူ မအေးချမ်းမိုး သိပ္ပံဝင်ခွင့် အမှတ်စဉ် (၁) အား ဂုဏ်ပြုဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက တက္ကသိုလ်ပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် မီတာ ၅၀၀၀ အပြေးပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိသည့် ဒုတိယနှစ် (ပညာရေး) ကျောင်းသူ မဝင်းမင်းနွယ်အား ဂုဏ်ပြု ဆုချီးမြှင့်သည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်များက မောင်မယ် သစ်လွင်ကျောင်းသား ကျောင်းသူများကို ကြိုဆို နှုတ်ခွန်းဆက်စကားနှင့် ဆုံးမဩဝါဒစကားများ ပြောကြားကြပြီး သင်တန်းရေးရာ ဌာနမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်