စစ်ကိုင်းမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် ပြည်သူ ၂၅၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်း   အောက်တိုဘာ   ၁၉


စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းမြို့နယ်အတွင်းရှိ  သံဃာ တော်များ၊ အသက် ၅၅ နှစ်နှင့်အထက် ဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၂၅၀၀ ကျော်ကို  ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့်    အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။


စစ်ကိုင်းမြို့၌ နံနက်ပိုင်းမှစတင်ပြီး မြို့ပေါ် စုရပ်နေရာ နှစ်ခုနှင့် ကျေးရွာ လေးရွာတို့တွင် သံဃာတော်များ၊ ဘိုးဘွားများ နှင့် ပြည်သူစုစုပေါင်း ၂၅၆၀ ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်သည်။


“စစ်ကိုင်းမြို့နယ်အတွင်းမှာ ဒီနေ့ မြို့တော်ခန်းမ၊ သီတဂူ သံဃာ့ဆေးရုံတို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ ပါတယ်။ အုန်းတော၊ ရွာသစ်ကြီး၊ ညောင်ပင်ဝန်းနဲ့ ဆားတောင် ကျေးရွာတို့မှာ မိုဘိုင်းအဖွဲ့နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်”ဟု စစ်ကိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။                


စစ်ကိုင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအနေဖြင့် သီတဂူ သံဃာ့ဆေးရုံတွင်   ၅၈၅ ဦးကို လည်းကောင်း၊   မြို့တော်ခန်းမတွင်   ၆၈၅ ဦးကို လည်းကောင်း၊   အုန်းတော  အခြေခံပညာအထက်တန်းကျောင်းတွင်   ၃၄၀ ကို လည်းကောင်း၊ ရွာသစ်ကြီး သံဃာ့ဆေးရုံတွင် ၂၇၅ ဦးကို လည်းကောင်း၊ ညောင်ပင်ဝန်း အခြေခံပညာအထက်တန်းကျောင်းတွင် ၃၃၅ ဦးကို လည်းကောင်း၊ ဆားတောင်အခြေခံ ပညာအထက်တန်းကျောင်းတွင်    ၃၄၀ ကိုလည်းကောင်း  စုစုပေါင်း ၂၅၆၀ ကို ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ  ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများကို    ခရိုင်နှင့်   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ် ဆေးထိုးရန် ကျန်ရှိနေသည့် သံဃာတော်၊ သီလရှင်များ၊ အသက်  ၁၂  နှစ်အထက် ကျောင်းသား ကျောင်းသူများနှင့်  ပြည်သူများကိုလည်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။                        

သတင်းစဉ်