
စစ်ကိုင်း ဇွန် ၂၃
စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် အားကစားကွင်း၌ ကွင်းပတ် ပြေးလမ်းနှင့် ဘောလုံးကွင်း ဖွင့်ပွဲ နှင့် ကွင်းဖွင့်ပွဲအထိမ်းအမှတ် အမျိုးသား မီတာ ၁၀၀၀၀ နှင့် အမျိုးသမီး မီတာ ၃၀၀၀ အပြေး ပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲကို ဇွန် ၂၁ ရက်က ကျင်းပသည်။
အခမ်းအနားတွင် စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုတည် ဆောက်ပြီးစီးခဲ့သည့် ကွင်းပတ် ပြေးလမ်းကို စနစ်တကျနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်ပြီး ထူးချွန်သည့် တိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက် လာအောင် မွေးထုတ်ပေးကြရန် လိုအပ်ကြောင်းနှင့် မိမိတို့ လေ့ကျင့်သည့် အားကစားကွင်း/ရုံများကို မိမိကိုယ်ပိုင်ပစ္စည်းကဲ့သို့သဘောထားကာ သန့်ရှင်းသပ်ရပ် သာယာလှပရေး ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးကျော် မင်းသန်းက ကွင်းပတ်ပြေးလမ်း နှင့် ဘောလုံးကွင်းတည်ဆောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများက ပြေးလမ်းနှင့် ဘောလုံးကွင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကွင်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ သည့် အမျိုးသား မီတာ ၁၀၀၀၀ နှင့် အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲများတွင် ဆုရရှိကြသူ များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုများ ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွင်းပတ် ပြေးလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ စစ်ကိုင်းမြို့ နှစ် (၇၀၀) ပြည့် အားကစားကွင်း အတွင်းမှ ကွင်းပတ်ပြေးလမ်း ကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက် ပြည်ထောင်စု ခွင့်ပြုငွေ ကျပ်သန်း ၁၅၅၀ ဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)