
မေယု-မျိုးအောင် (MANA)
စားသုံးသူများ အခြေခံအခွင့်အရေး
နိုင်ငံအသီးသီးရှိအစိုးရများသည် ကမ္ဘာ့ကုလသမဂ္ဂ ၏ စားသုံးသူများ အခြေခံအခွင့်အရေးဆိုင်ရာ ရှစ်ချက်ဖြစ်သော စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံး ပြုခွင့်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ မှန်ကန် ပြည့်စုံသော သတင်းအချက်အလက်များရရှိခွင့်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအား စိတ်ကြိုက် ရွေးချယ်နိုင်ခွင့်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပါဝင် ကြားနာခွင့်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ် ကျေနပ်မှုရရှိခွင့်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်၊ ကုန်စည်နှင့် ဝန်ဆောင်မှု များနှင့်ပတ်သက်သည့် အသိပညာများ၊ အခွင့်အရေး နှင့် သတင်းအချက်အလက်များကို သိရှိလေ့လာ ခွင့်နှင့် ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်း တွင် ရှင်သန်နေထိုင်ခွင့်များ ရရှိစေရန်အတွက် လုပ်ဆောင်ပေးရန် တာဝန်ရှိသည်။ မြန်မာနိုင်ငံတွင် အများပြည်သူတို့ စားသုံးသူအခွင့်အရေးများ ဆုံးရှုံး မှုမရှိစေရန်အတွက် စားသုံးသူအကာအကွယ်ပေး ရေး ဥပဒေတစ်ရပ်ကို ၂၀၁၄ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့သော်လည်း ယင်းဥပဒေတွင် အားနည်း ချက် အများအပြားပါဝင်နေသည့်အတွက် ၂၀၁၉ ခုနှစ်တွင် ဥပဒေဟောင်းကို ရုပ်သိမ်းပြီး စားသုံးသူ ကာကွယ်ရေးဥပဒေအသစ် တစ်ရပ်ကို ထပ်မံ ပြဋ္ဌာန်းခဲ့သည်။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ၊ သန့်ရှင်းလတ်ဆတ်သည့် အစား အသောက်၊ ထိုက်တန်သည့် ဝန်ဆောင်မှုများနှင့် အလှမ်းဝေး နေဆဲဖြစ်သည်။
ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့မှာ ကမ္ဘာ တစ်ဝန်းအသိအမှတ်ပြုစေရေး အခွင့်အလမ်းတစ်ခု အဖြစ် အသုံးချကာ ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းရန် ပြင်းထန်သော အရေးယူဆောင်ရွက်မှုကို အရေး တကြီး လိုအပ်နေပြီဖြစ်ကြောင်း၊ အကယ်၍ ယခု အရေးယူဆောင်ရွက်ခြင်းမပြုပါက ကမ္ဘာကြီးပူနွေး ပျက်စီးလာခြင်း၊ ၂ဝ၃ဝ ပြည့်နှစ်ခန့်တွင် လူပေါင်း များစွာ အိုးအိမ်၊ အစားအစာ၊ ရေပြတ်လပ်ခြင်း ဖြစ်နိုင်ကြောင်း Consumer International က ထောက်ပြထားသည်။ ကမ္ဘာတစ်ဝန်းတွင် ထုတ်လုပ် သော အစားအစာအားလုံး၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသည် ဆုံးရှုံးခြင်း/ ဖြုန်းတီးခြင်းဖြစ်နေကာ ပတ်ဝန်းကျင်အပေါ် မလိုလားအပ်သော ထိခိုက်မှု ဖြစ်စေလျက်ရှိသည်။ ထိုသို့ ပြည့်စုံသော လူတို့က သုံးစွဲနေနိုင်သော်လည်း အခြေခံလိုအပ်ချက်ပင် မပြည့်စုံသည့် ဆင်းရဲနွမ်းပါးသော စားသုံးသူပြည်သူ များရှိနေသဖြင့် အနာဂတ်မျိုးဆက်များအတွက် မျှတသော လူမှုရေးအခြေအနေများ ဖန်တီးပေးနိုင် ရန် သုံးစွဲနိုင်သော စားသုံးသူများ၏ သုံးစွဲမှုအခြေ အနေ၊ အမူအကျင့်ကို ပြောင်းလဲရန် ကြိုးပမ်း အားထုတ်မှု လိုအပ်လာသည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့
မတ် ၁၅ ရက်သည် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ (World Consumer Rights Day) ဖြစ်သည်။ မည်သည့်ကုန်စည် ၊ ဝန်ဆောင်မှုလုပ်ငန်း များ ထုတ်လုပ်၊ တင်ပို့၊ တင်သွင်း၊ ရောင်းချ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်မဆို မိမိလုပ်ငန်း ရေရှည်တည်တံ့ခိုင်မာအောင်မြင်မှုများ တိုးတက်ရရှိ စေရေးအတွက် စေတနာကို အရင်းခံကာ ဆောင် ရွက်သင့်သည်။ သို့မှသာ စားသုံးသူများလည်း စိတ် ကျေနပ်မှုရရှိမည်။ ထပ်ခါတလဲလဲ အဆိုပါကုန်စည်၊ ဝန်ဆောင်မှုများကို ရယူအသုံးပြုမည်။ လုပ်ငန်း ရှင်၏ လုပ်ငန်းလည်း အောင်မြင်မည်။ ပြည်တွင်း ဈေးကွက်သာမက ပြည်ပဈေးကွက်အထိပါ တိုးချဲ့ လာနိုင်မည်။ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင် မည်ဖြစ်သည်။ ကမ္ဘာကြီးသည် တိုးတက်လာသော ခေတ်ကြီးများနှင့်အညီ လိုက်ပါပြောင်းလဲလျက် ရှိသည်။ ဝင်ငွေ၊ နေရာဒေသ၊ ဓလေ့ထုံးစံကွဲပြားမှုများ နှင့်အညီ စားသုံးသူများ၏ အကြိုက်လည်း ပြောင်းလဲသွားသည်။ လုပ်ငန်းရှင်သည် လျစ်လျူ မရှုသင့်ပေ။ စားသုံးသူများ၏ အကြိုက်ကိုသိရှိ၍ စေတနာထား လိုက်ပါပြောင်းလဲပေးရန် အသင့်ရှိ ရပေမည်။ စားသုံးသူများ၏ အကြိုက်ကို သုတေ သနပြုထားရန်လိုသည်။ စားသုံးသူများ၏ လိုအပ် ချက်၊ အကြိုက်အလိုက် စေတနာထား လိုက်ပါ ဖြည့်စွမ်းပေးခြင်းသည် မိမိလုပ်ငန်း တိုးတက်ရေး၊ ရေရှည်ရပ်တည်ရေးအတွက် လမ်းစဖြစ်သည်ကို သတိပြုသင့်ပါသည်။
အောင်မြင်ရေးအတွက် သော့ချက်
ကုန်စည်၊ ဝန်ဆောင်မှု ဆောင်ရွက်သူသည် စားသုံးသူများ ယုံကြည်စိတ်ချစွာ ရယူသုံးစွဲကြရေး သည် အရေးကြီးသည်။ ခဏတာ ကြော်ငြာကောင်း၍၊ စတင်ထုတ်လုပ်သော ပစ္စည်းအရည်အသွေး ကောင်းမွန်၍၊ ဂရုတစိုက်ဝန်ဆောင်မှု ပြည့်စုံ၍ အချိန်တိုအတွင်း လုပ်ငန်းအောင်မြင်ခြင်းထက် ရေရှည် အောင်မြင်တိုးတက်ရေးကို ဂရုပြု ဆောင်ရွက်ကြရန်လိုသည်။ စားသုံးသူများ၏ စိတ်ထဲတွင် ထာဝစဉ်ယုံကြည်မှု ရှိနေခြင်းသည် လုပ်ငန်းများ အောင်မြင်ရေးအတွက် သော့ချက်ဖြစ် ကြောင်း မမေ့အပ်ပေ။ စားသုံးသူများကို လိမ်လည် လှည့်ဖြားသော ကြော်ငြာများ၊ စတင်ထုတ်လုပ်စဉ် အရည်အသွေးကောင်းကို မထိန်းသိမ်းဘဲ ပြီးစလွယ် ဖြင့် အမြတ်ရရှိရေးအတွက်သာ ဦးတည်ထုတ်လုပ် ဆောင်ရွက်ခြင်းများသည် စားသုံးသူများ၏ ယုံကြည်စိတ်ချရမှုကို ခဏတာသာရရှိပြီး မကြာမီ လုပ်ငန်းများ ပျက်စီးပြိုကွဲသွားနိုင်သည်။ လုပ်ငန်း များအပေါ် မှီခိုရပ်တည်နေသည့် လုပ်သားများ၏ ဘဝများပါ ပျက်စီးသလို ဖြစ်သွားနိုင်သဖြင့် ကုန်စည်၊ ဝန်ဆောင်မှုပြုသူ လုပ်ငန်းရှင်များသည် စားသုံးသူများ ထာဝစဉ် ယုံကြည်မှုရရှိစေရေး အတွက် ဆောင်ရွက်သင့်သည်။ ခဏတာ အကျိုး အမြတ်ရရှိရေးထက် ရေရှည်အကျိုးအမြတ် ရရှိရေးအတွက် ဦးတည်ဆောင်ရွက်သင့်သည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်ပန်းတိုင် ၁၇ ခု ချမှတ်ထားရာတွင် ဆင်းရဲငတ်မွတ်မှုပပျောက် ရေး၊ ရေရှည်တည်တံ့သည့် မြို့တော်များနှင့်လူမှု ပတ်ဝန်းကျင် ဖန်တီးပေးရေး၊ ကုန်းနေ၊ ရေနေ သတ္တဝါများ ဂေဟစနစ်ညီမျှစေရေး၊ ရာသီဥတုမျှတ စေရန် ဆောင်ရွက်ပေးရေးတို့ ပါဝင်သလို Goal 12: Responsible Consumption and Production ဟု စားသုံးမှုနှင့်ထုတ်လုပ်မှုကို ပမာဏမျှတစွာဖြင့် ချင့်ချိန်၍ ကုန်နိုင်သည့် ပမာဏခန့်သာ သုံးစွဲရေး၊ ထုတ်လုပ်ပေးနိုင်ရေးအတွက် စဉ်းစားထည့်သွင်း ထားသည်ကို တွေ့ရသည်။ ကမ္ဘာကြီးသည် ရွာကြီး တစ်ရွာအလားဖြစ်နေသည်။ ကမ္ဘာ့အရှေ့ခြမ်းမှ အဖြစ်အပျက်များကို ကမ္ဘာ့အနောက်ခြမ်းမှ စက္ကန့် ပိုင်းအတွင်း သိရှိလာကြသည်။ ဆက်သွယ်ရေး နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာ၍ အခြားနယ်ပယ်များ၏ လုပ်ငန်းများ ပိုမို လျင်မြန်လာသည်။ စီးပွားရေးလုပ်ငန်းများတွင် အဟန့်အတားဖြစ်နေသော၊ အချိန်၊ သတင်းအချက် အလက် စသည်တို့မှာ ယခုအခါ မရှိသလောက် နည်းပါးသွားပေသည်။ အဆိုပါကျော်လွှားနေသည့် အချိန် ၊ သတင်းအချက်အလက်များမှ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ကျွမ်းကျင်စွာ ၊ အကျိုးရှိ စွာ အသုံးပြုတတ်ရန်လိုသည်။ မိမိကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းများအား စားသုံးသူများထံ မှန်ကန်တိကျသော သတင်းအချက်အလက်များ ပေးနိုင်သည်။ တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းများ ဖော်ဆောင် ရန် လိုအပ်သည်။
အဆုံးအဖြတ်ပေးနေသူများ
စားသုံးသူများသည် ကုန်စည်၊ ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စီးပွားရေး လုပ်ငန်းများ အောင်မြင်ရေး ၊ ရေရှည်တည်တံ့ခိုင်မာ စွာ ရပ်တည်နိုင်ရေးအတွက် အဆုံးအဖြတ်ပေး နေသူများဖြစ်သည်ကို မမေ့သင့်ပေ။ စားသုံးသူများ သည် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စေတနာ ထားဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ပိုမို အောင်မြင်လာမည်။ အလုပ်အကိုင်သစ်များ ဖန်တီးပေးလာနိုင်မည့်အပြင် လူ့စွမ်းအားအရင်း အမြစ်များ တိုးတက်လာမည်။ ပြည်ပသို့ ဈေးကွက် တိုးချဲ့လာနိုင်မည်ဖြစ်သကဲ့သို့ စားသုံးသူများသည် လည်း စိတ်ကျေနပ်မှုရရှိမည်။ ကျန်းမာသက်ရှည် စွာဖြင့် လူ့သက်တမ်းစေ့ နေထိုင်နိုင်မည်။ စားသုံး သူများကို စေတနာထားသောအားဖြင့် ဘေးဥပဒ် အန္တရာယ်ကင်းရှင်းမှုမရှိသော၊ ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုမရှိသော ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်း များကို ဆောင်ရွက်ခြင်းမပြုရန် လိုအပ်သည်။
အရေးယူနိုင်မှု အားနည်းနေဆဲ
နိုင်ငံပိုင်သတင်းစာများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ “စားသုံးရန်မသင့်” ၊ “သုံးစွဲရန် မသင့်” စသည့် အသိပေးနှိုးဆော်ချက်များကို မကြာခဏ ထုတ်ပြန်လေ့ရှိသည်။ စားသုံးရန်မသင့် ကြေညာချက် အများစုသည် အစားအသောက် များ၌ ခွင့်မပြုထားသော ဆိုးဆေးနှင့်ဓာတု ပစ္စည်း များ ပါဝင်ခြင်း၊ မြေပဲဆီအချို့တွင် စားအုန်းဆီများ ရောနှောထားခြင်း၊ ငရုတ်သီးမှုန့်များ၌ မှိုအဆိပ် (Aflatoxin B1) ပါဝင်နေခြင်း စသည့် ဖော်ပြချက် များဖြစ်သည်။ သို့ရာတွင် ယင်းစားသောက်ကုန် ပစ္စည်းများအား စားသုံးရန် မသင့်ကြောင်း သတိ ပေးရုံမှတစ်ပါး ကျင့်ဝတ်ဖောက်ဖျက်သူများအပေါ် အပြစ်ပေး အရေးယူနိုင်မှုမှာ အလွန့်အလွန် အားနည်းနေဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲမှုစနစ်များ အားနည်းခြင်းနှင့် တည်ဆဲဥပဒေများအား အကောင်အထည်ဖော်ရာ ၌ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းတို့မှာ အစား အသောက်များ ဘေးကင်းလုံခြုံမှုအတွက် အဓိက စိန်ခေါ်မှုများဖြစ်နေဆဲဖြစ်သည်။ ထို့ပြင် Eco- nomist Intelligence Unit (EIU) ၏ ၂၀၁၇ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အစားအစာ ဘေးအန္တရာယ်ကင်း ရှင်းမှု အညွှန်းကိန်းတွင် အစားအစာအရည် အသွေးပိုင်း ၊ ဘေးကင်းမှုအပိုင်းတွင် နိုင်ငံပေါင်း ၁၁၃ နိုင်ငံရှိသည့်အနက် အဆင့်(၇၁)နေရာ၌ ရှိနေသည်ဖြစ်ရာ တာဝန်ရှိသူများအနေဖြင့် အစားအသောက် ဘေးကင်းမှုစံနှုန်းများအတိုင်း လိုက်နာစေရေး၊ စားသုံးသူများထိုက်တန်သည့် ဝန်ဆောင်မှုများ ရရှိရေးတို့ကို ထိရောက်စွာ အကာအကွယ်မပေးနိုင်ပါက ပြဋ္ဌာန်းပြီးဖြစ်သည့် စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များ အထမြောက်ရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
- Log in to post comments