
နေပြည်တော် စက်တင်ဘာ ၈
ပြည်တွင်းစားသုံးသူများ သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီ စားသုံးနိုင်ရန်နှင့် ဖူလုံရန်၊ ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်တစ်လျှောက်ရှိ ပါဝင်ပတ်သက်နေသူများအားလုံး တွေ့ကြုံနေရသည့် အခက်အခဲများအား ဝိုင်းဝန်းဖြေရှင်းသွားမည်ဖြစ် ကြောင်း ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ၏စားသုံးဆီ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗုဒ္ဓဟူးနေ့ စကားဝိုင်းအစီအစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေးပြောကြားသည်။
တက်ရောက်
အဆိုပါ စကားဝိုင်းအစီအစဉ်သို့ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
စကားဝိုင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး က ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သော သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များရရှိရေး၊ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်ရာတွင် စက်ကိရိယာများ တိုးချဲ့သုံးစွဲ နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ကန်ထရိုက်လယ်ယာစနစ် တွင် ပါဝင်ဆောင်ရွက်ရေး အားပေးကူညီလျက် ရှိကြောင်း၊ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီ များကို အရည်အသွေး စနစ်တကျစစ်ဆေးနိုင်ရန်နှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေပဲ၊ နှမ်းအပြင် အလားအလာကောင်းသော ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးနိုင်ရေးကိုလည်း ရေမြေရာသီဥတုများအပေါ် မူတည်၍ ဒေသအလိုက်သီးနှံပုံစံများ ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆီ စားသုံးမှုနှင့် ဆီအမျိုးအစား စစ်တမ်းကောက်ယူ သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆီစားသုံးမှုနှင့် ဆီအမျိုးအစား စစ်တမ်းကောက်ယူ နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစစ်တမ်း များ ထွက်ပေါ်လာမှုကို အခြေခံ၍ ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့်ရေး အစီအမံများရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ဆီထွက် သီးနှံများတွင် သီးနှံအလိုက်ပါဝင်သည့် ဆီပါဝင်မှုနှုန်း ပမာဏသိရှိရန် အသေးစိတ်လေ့လာခြင်း၊ ဆီဖူလုံ ရေးအတွက် အလားအလာရှိသည့် ဆီထွက်သီးနှံများ ကို ဖော်ထုတ်အသုံးချရေး၊ ဆီအရည်အသွေး ထိန်းသိမ်း ရန်အတွက် ထုပ်ပိုးမှုနှင့် အညွှန်းဖော်ပြမှုစနစ်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး၊ ဆီကုန်ထုတ် စွမ်းအားတိုးတက်ရန်နှင့် ထုတ်လုပ်မှုစရိတ်လျှော့ချ နိုင်ရန် စက်မှုလယ်ယာစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရေမြေရာသီ ဥတုအနေအထား၊ ဆည်ရေသောက်ဧရိယာများ အပေါ်မူတည်၍ သီးနှံစိုက်ပျိုးမှုစနစ် ပြောင်းလဲ ဆောင်ရွက်နိုင်ရေးတို့ကို တွန်းအားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်