စားသုံးဆီဖူလုံဖို့ နေကြာတိုးချဲ့စိုက်ကြစို့

Type

 

မောင်သိန်း

 မြန်မာလူမျိုးတို့၏ ဆီစားသုံးမှု


ကမ္ဘာတွင် လူတို့၏ စားသုံးမှုပုံစံများ၌ ဆီစားသုံး မှုသည် အဓိကအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင် လျက်ရှိသကဲ့သို့    မြန်မာလူမျိုးတို့၏   နေ့စဉ် ချက်ပြုတ်စားသောက်မှု  အလေ့အထတွင်လည်း စားသုံးဆီသည်  အဓိကအခန်းကဏ္ဍမှ   မပါမဖြစ် ပါဝင်နေသည်ကို    တွေ့ရှိရပေမည်။   ရှေးမြန်မာများ လက်ထက်ကပင်   “ဆီရွှဲ  ဖွဲတောင် ဟင်းဖြစ်”  ဟု တင်စားရလောက်အောင် စားသုံးဆီကို နှစ်ခြိုက်စွာ စားသုံးခဲ့ကြသည်မှာ ယခုကာလအထိပင် ဖြစ်ပါ သည်။  တခြားသော   လူမျိုးများနှင့်  နှိုင်းယှဉ်လျှင် မြန်မာလူမျိုးများသည်    ရှေးယခင်ကတည်းက နှမ်းနှင့် မြေပဲမှရရှိသော     ဆီကို   အဓိကထား စားသုံးကြပြီး မုန်ညင်းဆီကို ဆေးဝါးအဖြစ် သုံးစွဲ ခဲ့ကြပါသည်။

 


ယခင်က    မြန်မာနိုင်ငံတွင်   “ဆီကို  ရေချိုး၊ ဆေးရိုး  မီးလှုံ၊   စပါးတောင်လိုပုံ”  တင်စားရလောက် အောင်   စားသုံးဆီ  ပေါများခဲ့သော်လည်း  လက်ရှိ တွင် မြန်မာနိုင်ငံ၏လူဦးရေ တိုးတက်လာသည်နှင့် အမျှ   ဆီစားသုံးမှု  များပြားလာသကဲ့သို့  ဆီထွက် သီးနှံအဖြစ် အဓိကစိုက်ပျိုးသော မြေပဲနှင့် နှမ်းသီးနှံ တို့ကို  ပြည်တွင်း၌  ဆီကြိတ်ခြင်းထက်  ပြည်ပသို့ အစေ့အဆန်အဖြစ် တင်ပို့မှု ပိုမိုများပြားလာနေခြင်း ကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံလာစေရန် နေကြာ သီးနှံကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။

 


မြန်မာနိုင်ငံ၌ နေကြာစိုက်ပျိုးထုတ်လုပ်မှု


မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊  ဆီမုန်ညင်းတို့ကို  အဓိက စိုက်ပျိုးလျက်ရှိပါသည်။  နေကြာသီးနှံကို မိုးရာသီ တွင်   ၂၂    ရာခိုင်နှုန်းခန့်နှင့်    ဆောင်းရာသီတွင်  ၇၅    ရာခိုင်နှုန်းကျော်   စိုက်ပျိုးထုတ်လုပ်လျက်ရှိ ပါသည်။     နေကြာသီးနှံကို    အဓိကအားဖြင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီး များနှင့်  ရှမ်းပြည်နယ်တို့တွင်  သီးထပ်  သီးညှပ် အနေဖြင့် မိုးနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးကြ သည်။   မြန်မာနိုင်ငံတွင်   နေကြာမျိုးများအနေဖြင့် ဆင်းရွှေကြာ၊ ဆင်းရွှေကြာ (၁) (၂) (၃) မျိုးများနှင့်   ရေဆင်းစပ်မျိုး -၁  ကိုလည်း    အဓိက  စိုက်ပျိုးလျက် ရှိပြီး တစ်ဧကမှ ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၂၅ ဒသမ ၅၄  တင်း ထွက်ရှိကြောင်း တွေ့ရှိရပါသည်။  နေကြာသီးနှံမှ ဆီထွက်ရှိမှုအနေဖြင့်   တစ်တင်းလျှင်  ၂ ဒသမ ၅ ပိဿာနှုန်းရှိပြီး ထွက်ရှိလာသမျှသော နေကြာစေ့များကို    စားသုံးဆီအဖြစ်    ကြိတ်ပါက  နှစ်စဉ်  ဆီတန်ချိန် ငါးသောင်းကျော် ထွက်ရှိနိုင်ပါ သည်။

 


နေကြာဆီ၏ ကောင်းကျိုးများ


မြန်မာနိုင်ငံတွင်   နေကြာစေ့ကို   လှော်ပြီး စားသော      အလေ့အထ  များပြားပြီး       ယခုကာလ များတွင်   နေကြာဆီစားသုံးမှုမှာလည်း  များပြား လာပြီဖြစ်ပါသည်။ နေကြာစေ့နှင့် နေကြာဆီသည် နှလုံးကျန်းမာရေးကို  အကျိုးပြုပြီး  သွေးအတွင်း ကိုလက်စထရော လျော့နည်းအောင် ကူညီပေးခြင်း၊ နေကြာစေ့တွင်ပါဝင်သည့် အမိုင်နိုအက်စစ်က ခန္ဓာ ကိုယ်အတွင်း သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန် စေခြင်းကြောင့် အမျိုးသမီးများ ဓမ္မတာလာသည့် အခါ  စိတ်တိုလွယ်ခြင်း၊    စိတ်ဆတ်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာပြဿနာများ မဖြစ်အောင် ကူညီ ပေးကြောင်း သိရှိရသည်။ ထို့ပြင် နေကြာစေ့တွင် ကာဗိုဟိုက်ဒရိတ်   ပါဝင်သောကြောင့်   ဦးနှောက် စုပ်ယူနိုင်မှုစွမ်းအင်ကို  ပိုအားကောင်းစေပြီး နေကြာ စေ့တွင်ပါဝင်သည့် ဇင့်ဓာတ်ကလည်း အမျိုးသားများ  မျိုးအောင်စေရန် အထောက်အကူပြုပါသည်။

 


နေကြာစေ့တွင် စိတ်ဖိစီးမှုကို လျော့ကျစေသည့် အာဟာရဓာတ်များအပြင်      အိပ်ပျော်စေသည့် သတ္တုဓာတ်များလည်း   ပါဝင်ပါသည်။   နေကြာစေ့ တွင်ပါဝင်သည့် အမိုင်နိုအက်စစ်က အိပ်ပျော်စေရန် အပြည့်အဝ   စွမ်းဆောင်နိုင်ပါသည်။   ထို့ကြောင့် ညဘက်  အိပ်မပျော်မှုများဖြစ်လျှင်  အိပ်ခါနီးတွင် နေကြာစေ့  နည်းနည်းလောက်စားပြီးမှ အိပ်သင့် ကြောင်း မှတ်သားဖတ်ရှုရပါသည်။ ထို့အပြင်  အစာ အိမ်နှင့် အူလမ်းကြောင်းကို ပုံမှန်ဖြစ်စေပြီး အရွယ် မတိုင်မီ အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်သည်ဟု လည်း သိရှိရပါသည်။

 


နေကြာသီးနှံ စိုက်ပျိုးမည်ဆိုလျှင်   အစိုဓာတ် ထိန်းနိုင်သည့်   နုန်းဆန်မြေ၊   သဲနုန်းမြေများတွင် ဖြစ်ထွန်းပြီး  မြေဆီထက်သန်သော  မြေမျိုးကို နှစ်သက်သည်။   စိုက်ပျိုးရာတွင်   ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်   ပြုပြင်ရန်နှင့်   စိုက်ခင်းမြေ မျက်နှာပြင်ညီညာရန် လိုအပ်ပါသည်။ မျိုးကောင်း မျိုးသန့်များကို သုံးစွဲစိုက်ပျိုးကြရပါမည်။ လိုအပ် သော    အပင်ပြုစုစောင့်ရှောက်နည်းများ၊    ပိုးမွှား ရောဂါကာကွယ်နှိမ်နင်းနည်းများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများကိုလည်း ဂရုတစိုက်ဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။ 
တောင်သူများအတွက်  အကျိုးအမြတ်
မြန်မာနိုင်ငံမှာ     နေကြာသီးနှံကို     သီးသန့်/ သီးထပ်/သီးညှပ် စိုက်ပျိုးကြပါသည်။

 


သီးသန့်စိုက်ပျိုးခြင်းမှာ  စိုက်ပျိုးမြေကွက်ပေါ် တွင် နေကြာသီးနှံချည်း စိုက်ပျိုးခြင်း ဖြစ်ပါသည်။ သီးထပ်စိုက်ပျိုးခြင်းမှာ ပထမသီးနှံ ရိတ်သိမ်းအပြီး တွင်   ဒုတိယသီးနှံအဖြစ်  အဆိုပါမြေကွက်ပေါ်တွင်   စိုက်ပျိုးခြင်းဖြစ်သည်။      အခြေအနေပေးလျှင် ဒုတိယသီးနှံအပြီး  တတိယသီးနှံကို   ဆက်လက် စိုက်ပျိုးနိုင်သေးသည်။ မိုးဦးသီးနှံများ ရိတ်သိမ်းပြီး ချိန်တွင်    မြေလပ်မထားဘဲ   လက်ကျန်  မြေတွင်း အစိုဓာတ်ကို  အကျိုးရှိစွာ  အသုံးချသောအားဖြင့် လည်းကောင်း၊ မိုးနှောင်းမိုးကို မျှော်ကိုးသောအနေ ဖြင့်လည်းကောင်း   နေကြာသီးနှံကို   စိုက်ပျိုးနိုင် သည်။ သီးညှပ်စိုက်ပျိုးခြင်းမှာ နေကြာချည်း သီးသန့် စိုက်ပျိုးခြင်းမပြုဘဲ    အခြားသီးနှံ  တစ်မျိုးမျိုးနှင့် တစ်ပြိုင်တည်း  စိုက်ပျိုးခြင်းမျိုးဖြစ်သည်။  သီးနှံ နှစ်မျိုးလုံးကို   ကြဲပက်ကာ   သီးရောစိုက်ပျိုးခြင်း ကို   စစ်ကိုင်းတိုင်းဒေသကြီး  ကလေးခရိုင်အတွင်း အများစုစိုက်ပြီး အဓိကအားဖြင့် သီးနှံ နှစ်မျိုးလုံးကို အတန်းလိုက်  စိုက်ပျိုးကြသည်။  ဥပမာ-ပဲတီစိမ်း နှင့် သီးညှပ်စိုက်နိုင်သည်။ ပဲတီစိမ်းအတန်း လေး တန်းခြားတိုင်း  နေကြာတစ်တန်းကို   တစ်ပင်နှင့် တစ်ပင် တစ်ပေအကွာထားပြီး စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းလည်းရ၊    စားသုံးဆီလည်း   ရနိုင်သဖြင့် တောင်သူများအတွက်  စီးပွားရေးအကျိုးအမြတ် ရှိကြောင်း သိရသည်။

 


တိုးချဲ့စိုက်ပျိုးကြရန်လိုအပ်


နေကြာစေ့နှင့်    နေကြာဆီသည်   စားသုံးသူ များ၏   ကျန်းမာရေးကို  ကောင်းမွန်စေရုံသာမက ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို      ဖြည့်ဆည်း ပေးပြီး တောင်သူများ    ဝင်ငွေတိုးတက်ရရှိနိုင်သည့် အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ လယ်မြေယာမြေ၊  ကိုင်းကျွန်းမြေနှင့် မြစ်ဝကျွန်းပေါ်ဒေသများပါမကျန် စိုက်ပျိုးနိုင်သည့် သီးနှံဖြစ်ကြောင်းနှင့်   နေကြာ သီးနှံကို   သီးသန့်စိုက်ပျိုးခြင်း၊   အခြား ယာသီးနှံများ နှင့် နေကြာသီးနှံ သီးထပ်သီးညှပ် စိုက်ပျိုးခြင်းတို့ဖြင့် တိုးချဲ့စိုက်ပျိုးကြရန်လည်း တိုက်တွန်းလိုက်ရပါ သည်။      ။