
သန့်သန့်လေး(စစ်ကိုင်း)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများအား အဓိကထားစိုက်ပျိုးလျက်ရှိသည်။ ပြည်တွင်းစိုက်ပျိုး ဧရိယာ၏ ၁၆ ရာခိုင်နှုန်းကို ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိသည်။ ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်း) စိုက်ဧရိယာ ဧက ၇ ဒသမ ၅၅ သန်းရှိပြီး စုစုပေါင်းတင်း ၁၉၆ ဒသမ ၇၅ သန်း ထွက်ရှိခဲ့ပါသည်။
ဆီထွက်သီးနှံများ
ဆီထွက်သီးနှံများမှ ထွက်ရှိသည့် ဆီနှင့် အဆီ များသည် လူတို့၏ အစားအသောက်တွင် မရှိ မဖြစ်လိုအပ်ပြီး ဆီထွက်သီးနှံများသည် မြန်မာနိုင်ငံ သားများ၏ နေ့စဉ်စားသုံးမှုအတွက် နေရာစုံမှ ပါဝင်လျက်ရှိသည်။ နေကြာသီးနှံသည် စားသုံးဆီ အဖြစ်သော်လည်းကောင်း၊ မုန့်ပဲသရေစာအဖြစ် သော်လည်းကောင်း၊ ဆေးဝါးနှင့်ဆေးဝါး အထောက် အကူပြု ပစ္စည်းများအဖြစ်သော်လည်းကောင်း၊ နိုင်ငံခြားတင်ပို့မှုတွင်လည်းကောင်း အရေးကြီး ကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ဆီထွက်သီးနှံများကို ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းတို့ရှိရာ ဈေးကွက်ရရှိ မှုအရ မြေပဲနှင့် နှမ်းအမျိုးမျိုးတို့ကို ပြည်ပသို့ တင်ပို့ ပြီး စားအုန်းဆီ၊ နေကြာဆီ စသည့် စားသုံးဆီများကို ပြည်ပမှ တင်သွင်းလျက်ရှိသည်။
မြန်မာနိုင်ငံ၏ စားသုံးဆီတင်သွင်းမှု ပမာဏ၏ ၉၀ ရာခိုင်နှုန်းကျော်သည် စားအုန်းဆီဖြစ်ပြီး ဈေးနှုန်းအရ ပြည်တွင်းဈေးကွက်တွင် နေကြာဆီ သည် စားအုန်းဆီထက် နှစ်ဆခန့်နှင့် မြေပဲဆီနှင့် နှမ်းဆီများမှာ လေးဆခန့် ဈေးနှုန်း ပိုမိုမြင့်မားနေ ကြောင်း သိရှိရသည်။
ဆီကြောင့်ဖြစ်ပေါ်သည့် ရောဂါများ
ယနေ့ကမ္ဘာပေါ်တွင် လူသားတို့သည် အစား အစာဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထား စားသုံးလာကြသည်။ထိုသို့ စားသုံးရာတွင် စားသုံး ဆီ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးပါလာ သည်။ လူသားတို့အား ဘေးဥပဒ်ဖြစ်စေသော စားသုံးဖွယ်ရာတွင် ဆီကြောင့်ဖြစ်ပေါ်သည့် ရောဂါ များမှာ အများအပြားပင်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့ဝင်ငွေအရ ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီများကို ရွေးချယ်သုံးစွဲလာ ကြသည်။
နေကြာဆီ၏ အကျိုးကျေးဇူးများ
နေကြာဆီတွင် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရေး အတွက် အကျိုးကျေးဇူးများစွာ ပါဝင်သည်။ နေကြာဆီကို သုံးစွဲခြင်းဖြင့် နှလုံးကျန်းမာရေးအားကောင်းမွန်စေခြင်း၊ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိများ ပါဝင်ခြင်း၊ သဘာဝအစိုဓာတ် ထိန်းသိမ်းနိုင်ခြင်း၊ အဆစ်ရောင်နာ၊ ပန်းနာ ရင်ကျပ်ရောဂါနှင့် အူမကြီးကင်ဆာမဖြစ်စေရန် ကာကွယ်ခြင်းနှင့် သွေးတွင်း ကိုလက်စထရော လျော့ကျစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်သည်။
စိုက်ပျိုးသင့်သည့် နေကြာသီးနှံ
စားသုံးဆီသည် ဆန် ပြီးပါက ဒုတိယအရေးကြီး သော အခြေခံစားကုန်ဖြစ်သည်နှင့်အညီ ဆီဖူလုံရေး သည်လည်း အရေးပါလျက်ရှိသည်။ ဆီဖူလုံရေး အတွက် ဆီထွက်သီးနှံအမျိုးမျိုးကို တိုးချဲ့စိုက်ပျိုး လျက်ရှိရာတွင် နေကြာသီးနှံသည်လည်း ဆီဖူလုံရေး အတွက် ဆောင်ရွက်သင့်သည့် သီးနှံတစ်မျိုးဖြစ်ပြီး နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ စိုက်ပျိုးပြီးပါက ပျက်စီးမှုနည်းပါး ခြင်း၊ အထွက်နှုန်းနှင့် တစ်ဧက ဆီထွက်နှုန်း ကောင်းမွန်ခြင်း၊ သီးသန့်၊ သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပြည်တွင်း စားသုံးဆီဖူလုံ ရေးအတွက် အထောက်အကူပြုနိုင်သည့် သီးနှံ ဖြစ်သည်။
နေကြာစိုက်ပျိုးရာတွင် အထွက်ကောင်းမျိုးများ ဖြစ်သည့် ရေဆင်းစပ်မျိုး(၁)နှင့် ဆင်းရွှေကြာ(၂) အထွက်ကောင်းမျိုးများအား အသုံးပြုစိုက်ပျိုးကြ သည်။ ယခုအခါတွင် ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်နေကြာကို မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ လယ်၊ ယာ၊ ကိုင်း၊ ကျွန်းမြေများတွင် သီးသန့်၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးကြခြင်းဖြင့် နေကြာသီးနှံ စိုက်ဧက တိုးချဲ့နိုင်ရေး အလေးထား ဆောင်ရွက်ခြင်း၊ နေကြာသီးနှံများ စိုက်ပျိုးရာ တွင် မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖြင့် စိုက်ပျိုးခြင်းစသည့် နည်းစနစ်ကောင်းများ ဖြင့် စိုက်ပျိုးထုတ်လုပ်ပါက ပြည်တွင်း စားသုံးဆီ ဖူလုံမှုမြင့်မားလာပြီး နိုင်ငံခြားသို့တင်ပို့မှု တိုးတက် လာကာ တောင်သူများ ဝင်ငွေတိုးတက်လာ မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။ ။
- Log in to post comments