စားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်အလိုက် စိုက်ပျိုးမည့်အစီအစဉ်အား ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်၍ ဆောင်ရွက်မည်

 

နေပြည်တော်   မတ်    ၉


ဆီထွက်သီးနှံများ     တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက် သီးနှံများကို    ဇုန်အလိုက်   အကောင်အထည်ဖော် ဆောင်ရွက်ရေး    လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊    ဒုတိယဝန်ကြီးများ၊    အမြဲတမ်း အတွင်းဝန်နှင့်     ညွှန်ကြားရေးမှူးချုပ်များ၊   ဇုန် တာဝန်ခံများ၊ ဌာနတာဝန်ရှိသူများ တက်ရောက်ကြ ပြီး      တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးများက  အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုများထောက်ပံ့
 အစည်းအဝေးတွင်    ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွင်း စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက် သီးနှံများကို    ကြိတ်ခွဲရရှိသည့်  စားသုံးဆီများဖြင့် ပြည်တွင်းဖူလုံမှုရှိစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံ များ    စိုက်ပျိုးရမည့်ပမာဏအတိုင်း    စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရအောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း၏ ရှေ့ပြေးလုပ်ငန်း စဉ်ကို ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊  နေကြာ  ဆီထွက်သီးနှံ သုံးမျိုးကို  နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ    သွင်းအားစုပံ့ပိုးပေးသည့် စနစ်ဖြင့်    စီမံကိန်းရေးဆွဲ   ဆောင်ရွက်ခဲ့ကြောင်း၊ ချေးငွေပံ့ပိုးမှုအနေဖြင့် မြေပဲ တစ်ဧကလျှင် ငွေကျပ် သုံးသိန်း၊ နှမ်း တစ်ဧကလျှင် ငွေကျပ် ၁ ဒသမ ၅ သိန်းနှင့် နေကြာ တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှင့် ညီမျှသည့်  သွင်းအားစုများထောက်ပံ့ပြီး  ဆီစက် လုပ်ငန်းရှင်များနှင့် စာချုပ်များ ချုပ်ဆိုဆောင်ရွက် လျက်ရှိကြောင်း။
အထူးဇုန်လျာထားဧက ပြည့်မီရေး
လာမည့် မိုးနှင့်ဆောင်း ဆီထွက်သီးနှံများ ပိုမိုထွက်ရှိအောင်မြင်စေရန်အတွက်    ဆီထွက်သီးနှံ အထူးအထွက်တိုးဇုန်များသတ်မှတ်၍ ဇုန်တာဝန်ခံ များ ခန့်အပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆီထွက် သီးနှံ     အထူးအထွက်တိုးရေး    ဇုန်တာဝန်ခံများ၏ လုပ်ငန်းတာဝန်များအနေဖြင့်    စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မည့်  ဆီထွက်သီးနှံ  မြေပဲ၊ နှမ်း၊ နေကြာ    အထူးဇုန်လျာထားဧက   ပြည့်မီရေး အတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း၊ စီမံကိန်း ၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းအဆင့်တိုင်းတွင် အချိန်မီ ဆောင်ရွက်ရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ စီမံကိန်းအကောင်အထည်ဖော်သည့် အဖွဲ့များကို    အနီးကပ်ကြီးကြပ်ဆောင်ရွက်ခြင်း၊ လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေးနှင့် စိုက်ပျိုးရေတို့ကို သီးနှံအတွက် လိုအပ်ချိန်တွင် ပံ့ပိုး ပေးနိုင်ရေး၊ အထူးဇုန်အလိုက် စိုက်ဧရိယာများတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေး လုပ်ငန်းများ ကွင်းဆင်းကြီးကြပ်ခြင်း၊ ဆီထွက်သီးနှံ အထူးဇုန် စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် အရင်းမပျောက်ချေးငွေများ ထုတ်ချေး နိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး စသည့်လုပ်ငန်းများကို    တိုင်းဒေသကြီး/ ပြည်နယ် အဆင့်အဖွဲ့အစည်းများနှင့်  ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန် သတ်မှတ်ထားရှိကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေး အတွက်      ဇုန်အလိုက်     အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်များကို လည်းကောင်း၊ ဇုန်တာဝန်ခံများက ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကိုလည်းကောင်း တင်ပြကြရာ ဒုတိယဝန်ကြီး များက   သုံးသပ်ဆွေးနွေးကြပြီး   ဦးစီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များက     သက်ဆိုင်ရာကဏ္ဍ အလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
အရည်အချင်းအလိုက်  စိစစ်ရွေးချယ်
၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ ပြည်တွင်း စားသုံးဆီလိုအပ်ချက်ပြည့်မီစေရေး ရည်မှန်းချက် ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက အထူးစီမံချက်များရေးဆွဲ၍ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရေး၊    စားသုံးဆီဖူလုံစေရေး အစီအမံများ လျာထားဆောင်ရွက်လျက်ရှိရာ ဆီထွက် သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)ဇုန်အလိုက်စိုက်ပျိုးမည့် အစီအစဉ်အား      ၂၀၂၄-၂၀၂၅  ခုနှစ်မှ    စတင်၍ ဆောင်ရွက်မည်ဖြစ်သည်။ အထူးအထွက်တိုးရေးဇုန် များ   သတ်မှတ်ဆောင်ရွက်ရာတွင်    မျိုး၊ မြေ၊ ရေ၊ နည်းပညာပြည့်စုံကောင်းမွန်စေရန်နှင့်  တောင်သူ များကို      အကြံဉာဏ်များ     ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်များမှ ဝန်ထမ်းများအား အရည်အချင်း အလိုက်  စိစစ်ရွေးချယ်၍  တာဝန်ပေးအပ်ထားပြီး တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှု၊ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်မှု တို့ဖြင့်     ဆီထွက်သီးနှံ    အထွက်နှုန်းတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                                             

သတင်းစဉ်