စားသုံးဆီကြောင့် ဘေးမဖြစ်စေလို

Type

 

ဒေါက်တာပြည့်ထူး(FDA)

 

မြန်မာတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှု အလေ့အထတွင် စားသုံးဆီသည် အဓိကအခန်းကဏ္ဍမှ မပါမဖြစ်ပါဝင်နေသည်ကို တွေ့ရှိရပေမည်။ ရှေးမြန်မာများလက်ထက်ကပင် “ဆီရွှဲ ဖွဲတောင် ဟင်းဖြစ်”ဟု တင်စားရလောက်အောင် စားသုံးဆီကို နှစ်ခြိုက်စွာ စားသုံးခဲ့ကြသည်မှာ ယခုကာလ အထိပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်လာမှုနှင့်အတူ ခေတ်နှင့်အညီ ပြောင်းလဲ လာသော စားသောက်မှုပုံစံများကြောင့် ပြည်ပမှ မှာယူတင်သွင်းရသော စားသောက်ကုန်အမျိုးမျိုး အနက် စားသုံးဆီသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

စားသုံးဆီဆိုသည်မှာ လူတို့ချက်ပြုတ်ကြော်လှော်စားသုံးရာတွင် အဆိပ်အတောက်မဖြစ်ပေါ်စေဘဲ စားသုံးရန်သင့်လျော်သောဆီဖြစ်ပြီး ဟင်းသီးဟင်းရွက်ဆီနှင့် တိရစ္ဆာန်ထွက်ဆီဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။ အမှန်စင်စစ်အားဖြင့် စားသုံးဆီသည် ဓာတုဗေဒဖွဲ့စည်းပုံအရ အဆီ အက်စစ် (Fatty Acid) အမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး ပြည့်ဝအဆီအက်စစ်၊ မိုနိုမပြည့်ဝအဆီအက်စစ်၊ ပိုလီမပြည့်ဝအဆီ အက်စစ်တို့ အချိုးအဆအမျိုးမျိုး ပေါင်းစပ်ပါဝင် နေသောကြောင့် စားသုံးဆီတို့၏ အရည်အသွေးများ ကွဲပြားနေရခြင်းဖြစ်ပါသည်။

 မြန်မာတို့ ဟင်းချက်ရာတွင်အသုံးများသော စားသုံးဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ဖြစ်ပြီး ဖွဲနုဆီနှင့် ကနိုလာဆီတို့ကိုမူ အနည်းငယ်သာအသုံးပြုကြရာ ယေဘု ယျအားဖြင့် အပင်ထွက်ဆီများကိုသာ စားသုံးဆီအဖြစ် အသုံးပြုကြသည်ဟု ဆိုနိုင်ပေသည်။

ကမ္ဘာ့စားသုံးဆီဈေးကွက်ကို လေ့လာကြည့်ပါက ဈေးကွက်၏ ၃၀ ရာခိုင်နှုန်းကျော်မှာ စားအုန်းဆီ ဖြစ်ပြီး ပဲပိစပ်ဆီသည် ဒုတိယနေရာတွင်ရှိနေသည်ကို တွေ့ရှိရပါသည်။ နေကြာဆီမှာမူ ကမ္ဘာ့စုစုပေါင်း တင်ပို့မှု၏ ၄၇ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံ၌ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပိစပ်၊ ပဲပုပ်၊ ဆီအုန်းတို့စိုက်ပျိုးကြပြီး မိရိုးဖလာအရ မြေပဲဆီနှင့် နှမ်းဆီတို့ကို အဓိကထား စားသုံးခဲ့ကြကာ နောက်ပိုင်းတွင် နေကြာဆီကိုလည်း နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲလာကြသည်။

မြန်မာတို့သည် ဆီကိုလိုအပ်သည်ထက် ပိုမို ထည့်သွင်းစားသုံးတတ်သည့် လူမျိုးဖြစ်သည့် အလျောက် မြန်မာနိုင်ငံသည် ဆီစားသုံးမှုမြင့်မားသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါသည်။ လက်ရှိတွင် ပြည်တွင်း၌ ပြည်တွင်းစားသုံးဆီ ကြိတ်ခွဲထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းမှာ အရည်အသွေးမပြည့်မီသော ရောနှောဆီများ ရောင်းချခြင်းနှင့် ပြည်တွင်း ဈေးကွက်၌ ပုံမှန်ယှဉ်ပြိုင်မှုမရှိသည့်အတွက် ရပ်ဆိုင်း ခဲ့ရသည်ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း မှပေးပို့သောအချက်အလက်များမှ သိရသည်။

မြန်မာနိုင်ငံကဲ့သို့ ဆီစားသုံးမှုများပြားသည့် နိုင်ငံတွင် စားသုံးဆီအမျိုးမျိုးကို စားသုံးနေကြသည့် အလျောက် နေ့စဉ်စားသုံးနေသော စားသုံးဆီများနှင့်ပတ်သက်သည့် ကျန်းမာရေးရှုထောင့်မှ သက်ရောက်မှုကိုလည်း လေ့လာသင့်သည်။ စားသုံးဆီများတွင် ပုံပြောင်းအဆီအက်စစ်များ (Trans Fatty Acid)နှင့် ကျန်းမာရေးနှင့်ကိုက်ညီမှုမရှိသော အခြားဓာတ်သဘာဝ (ဥပမာ- အာဖလာတော့ ဆင်မှိုဆိပ်) များပါရှိနိုင်သည်။ ထိုကဲ့သို့သော စားသုံးဆီများကြောင့် သွေးအတွင်း ကိုလက်စထရောများ မြင့်တက်လာပြီး နှလုံးနှင့် အသည်းအဆီဖုံးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စသည့် ကုသရန်ခက်ခဲသောဝေဒနာများ ဖြစ်ပေါ်လာနိုင်ပါသည်။ ရှောင်ရှားသင့်သည့် အဆီအမျိုးအစားများမှာ Trans-fat နှင့် saturated fat တို့ပင်ဖြစ်သည်။ ယင်းအဆီများ သည် ခန္ဓာကိုယ်အတွက် အကျိုးမပြုသော ကိုလက်စထရော (Low-density Lipoprotein- LDL)ကိုတိုးစေပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုသော ကိုလက်စထရော (High-density Lipoprotein- HDL)ကို လျော့ကျစေနိုင်ပါသည်။

မပြည့်ဝဆီများဖြစ်ကြသည့် အိုမီဂါသရီး၊ အိုမီဂါဆစ်၊ oleic acid နှင့် linoleic acid များသည် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့်အဆီများဖြစ်ကြပြီး ယင်းကဲ့သို့သောအဆီများကို နေ့စဉ်စားသုံးသည့် အစားအစာများတွင် ထည့်သွင်းစားသုံးပေးခြင်းဖြင့် အဝလွန်ခြင်းကို ကာကွယ်နိုင်စေမည်ဖြစ်ပါသည်။ ထို့ပြင် ခန္ဓာကိုယ်အနေဖြင့် ဗီတာမင် A ၊ D ၊ E နှင့် K တို့ကဲ့သို့သော ဗီတာမင်ဓာတ်များကို စုပ်ယူနိုင်ရန်အတွက် အဆီဓာတ်ကိုလိုအပ်ပေသည်။

အဆီမရှိလျှင် ခန္ဓာကိုယ်က ယင်းဗီတာမင်များကို စုပ်ယူနိုင်မည်မဟုတ်ပါ။ လူအများစုက အဆီဆို သည့်အရာမှာ ခန္ဓာကိုယ်အတွက် မကောင်းသောအရာဟု တရားသေ သတ်မှတ်ထားတတ်ကြပြီး ၎င်းတို့ နေ့စဉ်စားသုံးသည့် အစားအစာများတွင် ပါဝင်သည့်အဆီများကို ချေဖျက်နိုင်ရန်အတွက် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ဆောင်လေ့ရှိကြပါသည်။ အမှန်ဆိုရလျှင် ကျန်းမာသောကိုယ်အလေး ချိန် ထိန်းသိမ်းရန်အတွက်လည်း အဆီဓာတ်သည် ပမာဏတစ်ခုအထိ လိုအပ်ပါသည်။

အခြေခံအားဖြင့် စားသုံးဆီတွင်ပါဝင်သည့် အဆီကို ပြည့်ဝဆီနှင့် မပြည့်ဝဆီဟူ၍ နှစ်မျိုး ခွဲခြား ထားကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အဆီအုပ်စု တစ်ခုချင်းစီ၌ အဆီအမျိုးအစားများစွာ ပါဝင်နေ လျက်ရှိသည်။ မပြည့်ဝဆီများတွင် polyunsaturated fatty acid နှင့် monounsaturated fat တို့ ပါဝင်နေပါသည်။ ယင်းတို့ကို အတန်အသင့်စားသုံးသည့်အခါ ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး နှလုံးရောဂါခံစားရနိုင်ခြေကို လျော့ကျစေနိုင်ပါသည်။ polyun-saturated fat ကို ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီကဲ့သို့သော အသီးအရွက်ဆီများတွင် တွေ့ရတတ်ပြီး သွေးတွင်းကိုလက်စထရောပမာဏနှင့် triglyceride ပမာဏကို လျော့ကျစေပါသည်။

polyun-saturated fat တစ်မျိုးမှာ အိုမီဂါသရီး ဖက်တီးအက်စစ်ဖြစ်ပါသည်။ ယင်းကို အဆီများ သည့် ဆယ်လ်မွန်၊ မက်ကာရယ်နှင့် ငါးခူကဲ့သို့သော ငါးများ၊ နှမ်းကြတ်စေ့ဆီနှင့် သစ်ကြားသီးများတွင် တွေ့ရှိရတတ်ပါသည်။ ထိုကဲ့သို့သော အိုမီဂါသရီး ဓာတ်များ ကြွယ်ဝစွာပါဝင်သည့် အစားအစာများကို တစ်ပတ်လျှင်နှစ်ကြိမ် စားသုံးပေးသင့်ကြောင်း အမေရိကန်နှလုံးအဖွဲ့က အကြံပြုထားပါသည်။

စားသုံးရန်မသင့်သည့် အဆီနှစ်မျိုးမှာ ပြည့်ဝဆီများဖြစ်ကြသည့် saturated fat နှင့် trans fatty acid များဖြစ်ကြပြီး ယင်းတို့သည် သွေးတွင်း ကိုလက်စထရောပမာဏကိုတိုးစေကာ သွေးကြော များကို ပိတ်ဆို့စေသကဲ့သို့ နှလုံးရောဂါဖြစ်နိုင် ခြေကိုလည်း တိုးပွားစေပါသည်။ ပြည့်ဝဆီများကို တိရစ္ဆာန်များမှရရှိသည့် စားသောက်ကုန်များဖြစ်သော အသား၊ နို့နှင့် ဥအမျိုးမျိုးတွင် တွေ့ရှိနိုင် ပါသည်။ ထို့ပြင် အုန်းဆီနှင့် စားအုန်းဆီများတွင် လည်း ပြည့်ဝဆီများပါဝင်နေသည်ကို သတိပြုသင့် ပေသည်။ ပြည့်ဝဆီများကို အခါခါပြန်ကြော်ချက် သည့်နေရာတွင် အသုံးပြုလျှင် ကင်ဆာအမျိုးမျိုးကို ဖြစ်ပေါ်ခံစားရစေသောကြောင့် ကျန်းမာရေးနှင့် သင့်တော်သည့် မပြည့်ဝဆီများကိုသာ အဓိက စားသုံးသင့်ပေသည်။

စားသုံးဆီ တစ်ဂရမ်ကို စားပြီးတိုင်း အင်အားဓာတ် (စွမ်းအင်) ကိုးကီလိုကယ်လိုရီရရှိစေပြီး ထိုရရှိလာသောစွမ်းအင်ကို နေ့စဉ်လှုပ်ရှားသွားလာ မှုများတွင် အသုံးပြုကြရပါသည်။ ထို့ကြောင့် စားသုံးဆီသည် လူတို့အတွက် အင်အားဖြစ်စေသောအစာ အုပ်စုဝင်ဖြစ်သော်လည်း လိုအပ်သည့်ပမာဏထက် ပို၍စားသုံးမိပါက အင်အားဓာတ်လွန်ကဲမှုကို ဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန်တိုးလာနိုင်သည်နှင့်အမျှ အဝလွန်လာကာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်ရောင်ရောဂါ စသည့် နာတာရှည်ဝေဒနာများ ဖြစ်ပေါ်လာစေနိုင်ပါသည်။

စားသုံးဆီကို အလွန်အကျွံစားသုံးသောကြောင့် ဖြစ်ပေါ်စေနိုင်သည့်ရောဂါဆိုးများမှ ရှောင်ရှားနိုင် ရန်အလို့ငှာ အသက်အုပ်စုအလိုက် တစ်နေ့တာအတွက် အနည်းဆုံးလိုအပ်သော စားသုံးဆီပမာဏ ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အာဟာရဌာနခွဲ) က အောက်ပါဇယားအတိုင်း လမ်းညွှန်မှုပြုထား သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်-

လိုက်နာသုံးစွဲခြင်းဖြင့် ကုသရန်ခက်ခဲသော နာတာရှည်ရောဂါဝေဒနာဆိုးများမှ ကင်းဝေးစေ ခြင်းကြောင့် ဆေးကုသမှုအတွက် အသုံးပြုရမည့် ကုန်ကျစရိတ်သက်သာခြင်းနှင့် မိသားစုဝင်များ စိတ်ချမ်းသာမှုကို ရရှိနိုင်ပေသည်။ မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူတစ်ဦးတစ်ယောက်ချင်းမှ အစပြု ၍ မိသားစုပေါင်းများစွာက စားသုံးဆီကို လိုအပ်သလောက်သာ သုံးစွဲလိုက်ခြင်းအားဖြင့် ပြည်သူများ ကျန်းမာသန်စွမ်းပြီး နာတာရှည်ရောဂါများ ကင်းဝေးကာ မိမိတို့၏ လုပ်ငန်းဆောင်တာများကို စွမ်းအားပြည့် ဆောင်ရွက်လာနိုင်ခြင်းနှင့်အတူ စားသုံးဆီတင်သွင်းမှုအတွက် အသုံးပြုရသော နိုင်ငံခြားငွေ ချွေတာလာနိုင်ခြင်းကြောင့် အခြားပြည်တွင်းလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်း တိုးချဲ့ ဆောင်ရွက်လာနိုင်မည်လည်းဖြစ်ပါသည်။

စားသုံးဆီနှင့် ကျန်းမာရေးဆက်နွှယ်မှုကို ဂရုပြုကြခြင်းဖြင့် စားသုံးဆီကြောင့်ဖြစ်ပွားတတ် သော နာတာရှည်ရောဂါဝေဒနာများမှ ကင်းဝေးကြစေရန် အရည်အသွေးစစ်ဆေးပြီးသော စားသုံးဆီများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်ထားသော ပမာဏနှင့်အညီ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲသင့်ကြောင်း တိုက်တွန်းလိုပါသည်။

နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများအနေဖြင့် လည်း ရေရှည်တည်တံ့သောတိုးတက်မှု (Sustainable Development)ကိုဦးတည်၍ မူဝါဒများ၊ ညွှန်ကြားချက်များချမှတ်လျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (၂၀၃၀)၏ ပန်းတိုင် (၃)ဖြစ်သည့် ကျန်းမာရေးနှင့် လူမှုဘဝကောင်းမွန်ရေး (Good Health and Well-being)ကို ဖော်ဆောင်နိုင်ရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ရည်မှန်းချက် (၂)ရပ်ဖြစ်သည့် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်း ရောဂါဘယကင်းရှင်းရေးကို ပြည့်မီရန်အတွက် အထောက်အကူပြုမည့် စားသုံးဆီနှင့်ပတ်သက်သည့် အမိန့်ကြေညာစာများ ထုတ်ပြန်ထားရှိပါသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့က ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက် နေ့တွင် အမိန့်အမှတ် ၂/၂၀၂၄ ဖြင့် ရောနှောဆီ (Blended Oil) အဖြစ် အစားအသောက်ထုတ်လုပ် ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူး ခြင်း သို့မဟုတ် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို ထုတ်ပြန်ခဲ့သည်။ ယင်းညွှန်ကြားချက်အရ ဟင်းသီးဟင်းရွက်ဆီများ ကို ရောနှောဆီ (Blended Oil) အဖြစ် ရောစပ်ရာ တွင် အမျိုးအစားနှစ်မျိုးသာ ရောစပ်ရမည်ဖြစ်ပြီး ဟင်းသီးဟင်းရွက်ဆီတစ်မျိုးသည် အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါဝင်ရမည်ဖြစ်သည်။ ထို့ပြင် အနံ့တု များ ထည့်သွင်းခြင်းမပြုရသည့်အပြင် တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှောဆီအဖြစ် အသုံးပြု ခွင့်မပြုကြောင်း ညွှန်ကြားထားပြီးဖြစ်သည်။

ပြည့်ဝဆီများ ပိုမိုပါဝင်သော စားသုံးဆီများကို ပြန်ကြော်ဆီများအဖြစ် အသုံးပြုမိလျှင် အထက်တွင် ဖော်ပြခဲ့သော ကျန်းမာရေးဆိုးကျိုး အမြောက်အမြား ဖြစ်ပေါ်နိုင်ပေသည်။ စီးပွားရေးရှုထောင့်မှ ကြည့်လျှင်လည်း စားအုန်းဆီကဲ့သို့သောဆီများကို ဓာတုအနံ့များထည့်ကာ ပဲဆီ၊ နှမ်းဆီဟု စားသုံးသူ များအား လိမ်ညာရောင်းချခြင်းမှ ယင်းဆီ၏တန်ဖိုးသည် ပဲဆီ၊ နှမ်းဆီအစစ်များကဲ့သို့ မြင့်မားလာသည့် အတွက် Shadow Inflation ကို ဖြစ်ပေါ်စေမည်ကို တွေ့ရှိရသည်။

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် စားသုံးဆီသည် ပြည်သူများ၏ ကျန်းမာရေးအခန်းကဏ္ဍတွင် သာမက နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင်ပါ အဓိကမဏ္ဍိုင်အဖြစ် ပါဝင်နေသည့်အတွက် ယင်းမဏ္ဍိုင် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန်ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပေသည်။

ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း ယခုကဲ့သို့သော ညွှန်ကြားချက်များ အခါအားလျော် စွာ ထုတ်ပြန်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ပညာပေးခြင်း၊ စားသုံးသူပညာပေးခြင်းများ ပိုမို လုပ်ဆောင်ရန် လိုအပ်သလို စီးပွားရေးလုပ်ငန်းရှင်များကလည်း အမျိုးသားရေးတာဝန်အသိဖြင့် လိုက်နာကျင့်သုံး ပူးပေါင်းပါဝင်ရမည်ဖြစ်သည်။ ထို့ပြင် စားသုံးသူများကလည်း မှန်ကန်သောအသိ၊ သတိတို့ဖြင့် ချင့်ချိန်ရွေးချယ် စားသုံးတတ်သည့် အလေ့အကျင့်ဖြစ်ထွန်းလာရေး တစ်ဦးချင်းစီ ပြုပြင် ပြောင်းလဲရမည်ဖြစ်သည်။ သို့မှသာ မဝေးတော့သည့် အနာဂတ်၌ စားသုံးသူအခန်းကဏ္ဍတွင် နိုင်ငံတော်၊ နိုင်ငံသားနှင့် စီးပွားရေးလုပ်ငန်းရှင်များ သုံးဦးသုံးဖလှယ် အကျိုးရှိလာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။