
နေပြည်တော် ဒီဇင်ဘာ ၂
စားသုံးဆီ အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီး ဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးအောင်နိုင်ဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး များဖြစ်ကြသော ဦးမြင့်စိုး၊ ဦးညွန့်အောင်၊ ဒေါက်တာ အေးထွန်း၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ၊ စားသုံးဆီထုတ်လုပ် ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ အသေးစား နှင့်အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ (နေပြည်တော်ကောင်စီ) နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း စားသုံးဆီ လိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် တစ်သန်းခန့် လိုအပ်ချက်ရှိပြီး ပြည်တွင်း ထုတ်လုပ်မှုမှ လုံလောက်အောင် ဖြည့်ဆည်းပေး နိုင်ခြင်း မရှိသေးသည့်အတွက် လိုအပ်သည့်ပမာဏကို ပြည်ပမှ မှာယူ တင်သွင်းနေရဆဲဖြစ် ကြောင်း၊ စားသုံးဆီများကို စံချိန် စံညွှန်းနှင့်အညီ တင်သွင်း/ထုတ်လုပ်နိုင်မှသာ ကျန်းမာရေး နှင့်ညီညွတ်ပြီး အရည်အသွေး ကောင်းမွန်သည့် စားသုံးဆီများ ဖြစ်သည်ဟု အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း၊ စားသုံးဆီ အရည်အသွေး ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ၊ စမ်းသပ်မှုနည်း စနစ်များ၊ စံချိန်စံညွှန်းများနှင့် အညီဖြစ်စေရေးအတွက် ဓာတ်ခွဲ ခန်းဝန်ထမ်းများအား သင်တန်း ပို့ချမည်ဖြစ်၍ များစွာကြိုဆိုပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနသည် စားသုံး ဆီ၏ ပင်ကိုသဘာဝစစ်မှန်မှုနှင့် အရည်အသွေး စစ်ဆေးခြင်းကို အဓိက ပြုလုပ်ပေးလျက်ရှိပြီး ယခုသင်တန်းတွင် စားသုံးဆီ၏ ပင်ကိုသဘာဝစစ်မှန်မှုကို အဓိက ထား သင်ကြားပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်တို့က အရည် အသွေးကောင်းမွန်သည့် စားသုံး ဆီများထုတ်လုပ်ရေးနှင့် သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းတင်ပြသည်။
ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက ဦးဆောင် ၍ ဆောင်ရွက်သည့် စားသုံးဆီ အရည်အသွေး စစ်ဆေးခြင်းဆိုင် ရာ သင်တန်းကို ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်အထိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်)တွင် ကျင်းပသွားမည် ဖြစ်ပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ အစား အသောက် စစ်ဆေးမှုဆိုင်ရာ ဓာတ်ခွဲခန်းများနှင့် ပုဂ္ဂလိကဓာတ်ခွဲ ခန်းများဖြစ်သည့် UMFCCI နှင့် Myanmar Food Laboratory Network အောက်ရှိ အစား အသောက်စစ်ဆေးသည့် ဓာတ်ခွဲ ခန်းများမှ သင်တန်းသား သင်တန်း သူ ၄၀ တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်