စားရေရိက္ခာဖူလုံဖို့ တိုင်းရင်းငါးပြေမများ မွေးမြူထုတ်လုပ်ကြပါစို့

Type

 

ဝါဝါဖူး(Ph.D)-မွေး/သု(မန်း)

မြန်မာနိုင်ငံနှင့် ငါးစားရေရိက္ခာအရင်းအမြစ်
မြန်မာနိုင်ငံ၌   ငါးစားသုံးမှုမှာ   အသားစားသုံးမှု  စုစုပေါင်း၏   ၆၀ ရာခိုင်နှုန်းကျော်ရှိသည်။  ငါးမွေးမြူရေးသည်  လွန်ခဲ့သော  ဆယ်စုနှစ် နှစ်ခုအတွင်း   လျင်မြန်စွာတိုးတက်လာခဲ့ပြီး  ရေသတ္တဝါမွေးမြူရေး လုပ်ငန်းသည် ကျေးလက်ဒေသနေပြည်သူများ ဝင်ငွေတိုးတက်လာစေ ရေး၊ ပြည်တွင်းစားသုံးသူများ လိုအပ်ချက်နှင့် စျေးကွက်တင်ပို့နိုင်မှုအခြေအနေများတွင် အလားအလာကောင်းများစွာရှိသည်။ 
ငါး၊   ယောက်သွား၊   ခရုစသော ရေနေသတ္တဝါများနှင့် ရေတွင် ပေါက်ရောက်သော ပင်လယ်ရေမှော်အပါအဝင် အပင်များ၊ စီးပွားရေး နှင့် ကုန်သွယ်ရေးတွင် တန်ဖိုးရှိသော ရေနေသတ္တဝါများကို စောင့်ရှောက်၊ ပြုစု၊ မွေးမြူထုတ်လုပ်ခြင်းကို   ရေထွက်ကုန်ပစ္စည်းစိုက်ပျိုးမွေးမြူ  ထုတ်လုပ်ခြင်း   (Aquaculture)  ဟု   အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ရေလုပ်ငန်းသည် မြန်မာနိုင်ငံသားများ၏ စားနပ်ရိက္ခာအတွက် အရေး ပါသော   ကဏ္ဍတစ်ရပ်ဖြစ်သည်။   ရေလုပ်ငန်းကဏ္ဍတွင်   ငါးများကို ဖမ်းဆီးထုတ်လုပ်ခြင်း  (Capture fishery) နှင့်  မွေးမြူထုတ်လုပ် ခြင်း(Culture fishery)ဟူ၍  ကဏ္ဍနှစ်ရပ်  ပါဝင်သည်။   ယခုအခါ ခေတ်မီ၍ အထိအမိကောင်းသည့် ငါးဖမ်းကိရိယာများ အသုံးပြုပြီး ငါးဖမ်းဆီးခြင်းနှင့်       သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတို့ကြောင့် သဘာဝငါးသယံဇာတ လျော့နည်းကျဆင်းလာသည့်အတွက် ဖမ်းဆီး ထုတ်လုပ်ရေးကဏ္ဍတွင် ငါးထုတ်လုပ်မှုမှာ လျော့နည်းကျဆင်းလာခဲ့ ပါသည်။ သဘာဝငါးသယံဇာတမှ ငါးများကို  အလွန်အကျွံဖမ်းခဲ့ခြင်း (Over fishing)ကြောင့် ဖမ်းဆီးထုတ်လုပ်ရေးကဏ္ဍတွင် ငါးထုတ်လုပ်မှု လျော့နည်းကျဆင်းလာမှုကို   ဖြည့်ဆည်းပေးရန်အတွက်   မွေးမြူ ထုတ်လုပ်ရေးကဏ္ဍတွင် ငါးများပိုမိုထုတ်လုပ်ရန် လိုအပ်လာပါသည်။ သဘာဝငါးသယံဇာတကို     ထိခိုက်မှုမရှိဘဲ    လိုအပ်သလောက် အမြောက်အမြားထုတ်လုပ်နိုင်ရန်၊ ငါးများ၏ ရှင်သန်နှုန်းနှင့် ကြီးထွား နှုန်းများကို စမ်းသပ်သုတေသနပြုလုပ်ပြီး အချိန်တိုအတွင်း ဈေးကွက်ဝင် နိုင်သော ငါးအမျိုးအစားရရှိနိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ စားနပ်ရိက္ခာဖူလုံစေပြီး    တစ်ဖက်တစ်လမ်းမှ   ဝင်ငွေရရှိစေနိုင်ရန် ရည်ရွယ်၍ စမ်းသပ်သုတေသနလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ပြီး ရရှိလာသော   သုတေသနရလဒ်များကို   ငါးမွေးမြူသူတောင်သူများသို့ ပြန်လည်ဖြန့်ဝေပေးခြင်းဖြင့်  အသေးစားငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင် ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေနိုင်သည်။ 
စားရေရိက္ခာဖူလုံစေမည့် အရင်းအမြစ်
စားရေရိက္ခာဖူလုံစေရေးဖော်ဆောင်ရာတွင် ရေချိုဒေသတွင်သာ  နေထိုင်ကျက်စားလေ့ရှိပြီး ကုန်းပေါ်တွင် ရက်အတော်ကြာနေထိုင်ရှင်သန်နိုင်သော တိုင်းရင်းငါးပြေမ   (အင်္ဂလိပ်အမည် Climbing perch ဟု ခေါ်ဆိုပြီး သိပ္ပံအမည်အားဖြင့်  Anabas  testudineus)မျိုးစိတ် တစ်မျိုးကို   ရွေးချယ်၍ သုတေသနပြုလုပ်ခဲ့သည်။ 
တိုင်းရင်းငါးပြေမ၏ နေထိုင်မှုဓလေ့ (Habitat)
ရေအပူချိန် ၂၂ မှ ၃၀ ဒီဂရီစင်တီဂရိတ်အတွင်း နေထိုင်နိုင်ကြပြီး မြစ်၊ ချောင်း၊ ရေကန်၊ အင်းအိုင်၊ တူးမြောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိနိုင်ပါသည်။ ပါးဟက်အဖုံးတွင်ပါရှိသော ဆူးများဖြင့် ကုန်းမြေ ပေါ်တွင်လည်း တွားသွားနိုင်သည့် ငါးမျိုးဖြစ်ပါသည်။
ငါးပြေမမျိုးငါးများ ထိန်းသိမ်းခြင်း (Broodstock Management)
ငါးပြေမများသည် မွေးမြူသည့်ကာလ တစ်နှစ်အတွင်း အရွယ်အစား အရှည်အားဖြင့် ၄ ဒသမ ၅ လက်မမှ ၅ ဒသမ ၅ လက်မခန့်ရှည်လျားကာ အလေးချိန် ၃၀-၄၅ ဂရမ်ခန့်တွင် စတင်အရွယ်ရောက်ရှိပြီး မျိုးပွား ရာသီချိန်သည် နှစ်စဉ်  မတ်လမှ  သြဂုတ်လအတွင်းဖြစ်၍ မေလနှင့် ဇွန်လများသည် မျိုးပွားရန် အကောင်းဆုံးကာလဖြစ်ပါသည်။
ငါးပြေမအထီး၏ လက္ခဏာများ
ငါးပြေမအထီး၏ ကျောရေယက်(Dorsal Fin)သည် အမ၏ ကျော ရေယက်နှင့်နှိုင်းယှဉ်ပါက ပိုမိုရှည်လျားပါသည်။ ရင်ရေယက်(Pectoral Fin)နှင့် ဝမ်းရေယက်(Ventral Fin)တို့တွင်   အနီရောင်သန်းနေပြီး အမြီးရင်း(Caudal Peduncle)တွင်  ဒိုင်းမွန်းပုံစံအမည်းစက်များရှိကာ ဝမ်းဗိုက်ကို ဖြည်းညင်းစွာ ညှစ်ကြည့်ပါက အဖြူရောင်မျိုးရည်များ မျိုးပွားအင်္ဂါပေါက်မှ ထွက်ရှိလာပါမည်။ 
ငါးပြေမအမ၏ လက္ခဏာများ
ရင်ရေယက်နှင့်    ဝမ်းရေယက်တို့တွင်   အနီရောင်ဖျော့ဖျော့ ဖြစ်နေပြီး အမြီးရင်းတွင်   အမည်းစက်များသည် ရှည်လျား၍ တစ်ခုနှင့် တစ်ခု   ရောစပ်နေပါသည်။   အရွယ်ရောက်သည့်    ငါးပြေမသည် ဝမ်းဗိုက်အနည်းငယ်ဖောင်း၍      မျိုးပွားအင်္ဂါပေါက်သည်    သိသာစွာ ကြီးထွားကာ   ဝမ်းဗိုက်ကို    ဖြည်းညင်းစွာညစ်ပါက  ဥများ   စို့ထွက် လာပါသည်။
ငါးပြေမ မျိုးငါးစုဆောင်းခြင်း
မျိုးပွားရာသီမတိုင်မီ နှစ်လ- သုံးလကြိုတင်၍ ၃၀-၄၅ ဂရမ်အရွယ် ငါးပြေမမျိုးငါးများကို စုဆောင်းကာ ငါးအထီးနှင့် ငါးအမ သီးသန့်ခွဲခြား ပြီး မွေးမြူပြုစုထားရှိရပါသည်။ ငါးပြေမ မွေးမြူထားသည့် ကန်ရေတွင် အောက်ဆီဂျင်ပျော်ဝင်မှု(D.O)၊ ချဉ်ဖန်နှုန်း(pH)၊ အပူချိန်၊ အမိုးနီးယား ပါဝင်မှုစသည်တို့အား  ပုံမှန်တိုင်းတာ၍   မျိုးငါးများ၏  ကျန်းမာရေး ကောင်းမွန်စေရန်အတွက်   ရေအရည်အသွေးကို   အထူးဂရုစိုက်ရန် လိုအပ်ပါသည်။
မျိုးငါးအစာကျွေးခြင်း
မျိုးငါးများအတွက် ဖော်စပ်စာပြုလုပ်ရာတွင် ပရိုတိန်း ၃၀-၃၅ ရာခိုင်နှုန်းရရှိရန်အတွက် ဖော်စပ်စာပြုလုပ်ပြီး ငါးကိုယ်အလေးချိန်၏ သုံးရာခိုင်နှုန်းကိုတွက်ချက်၍    မနက်တစ်ကြိမ်   ညတစ်ကြိမ်ခွဲ၍ ကျွေးမွေးပါသည်။   မျိုးပွားအင်္ဂါများ၏ဖွံ့ဖြိုးမှုကို  ပုံမှန်စစ်ဆေးရန် လိုအပ်ပြီး    အပြည့်အဝရင့်မှည့်လာချိန်တွင်    မျိုးပွားရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။
မျိုးငါးများ ဆေးထိုးသားဖောက်ခြင်း
မျိုးငါးများဆေးထိုးသားဖောက်ရန်အတွက်     ငါးပြေမအထီး နှစ်ကောင်လျှင် အမတစ်ကောင်နှုန်းစီ အသုံးပြုပြီး သတ်မှတ်ဟော်မုန်း ဆေးကို   ငါးအထီး၊ ငါးအမ  နှစ်မျိုးလုံးတွင်  ထိုးသွင်းပေးပါသည်။ ငါးဆေးထိုးပြီးနောက်    ခြောက်နာရီအကြာတွင်   သဘာဝအတိုင်း ငါးများမိတ်လိုက်ကြပြီး  သန္ဓေအောင်သောငါးဥများ ရရှိလာပါသည်။ သန္ဓေအောင်    ငါးဥများကို    ဥဖောက်လှောင်ကန်(Hatching Jar) ဖန်မှန်ကန်အတွင်း၌ သတ်မှတ်ရေအပူချိန်တွင် ပြောင်းရွှေ့သားဖောက် ပါသည်။ ငါးဥမှ အကောင်ပေါက်ရန် (၁၂-၁၅)နာရီကြာမြင့်ချိန်ရှိပြီး ရေအပူချိန်ပေါ်မူတည်၍လည်း ငါးဥမှ အကောင်ပေါက်ရန် ကြာမြင့်ချိန် ကွာခြားနိုင်ပါသည်။
ငါးမှုန်ပြုစုခြင်း (Seed Rearing)
ငါးပြေမငါးမှုန်များသည် အရွယ်အစားအားဖြင့် ၁ ဒသမ ၆ မှ ၁ ဒသမ ၈ မီလီမီတာရှိပြီး ဇောက်ထိုးအနေအထားဖြင့်  ကူးခတ်သွားလာ နေပါသည်။ ငါးဥပေါက်ပြီး ၃၂ နာရီအကြာတွင် အစာခြေလမ်းကြောင်း မှာ ပြည့်ပြည့်စုံစုံဖွံ့ဖြိုးလာပြီးနောက် အစာစတင်စားချိန်တွင် အပင် မျှောလှေး(Phytoplankton)ကို ငါးမှုန်များအသက် ငါးရက်သားအထိ ကျွေးသည်။   ၅ ရက်မှ   ၁၁  ရက်အတွင်း  သတ္တမျှောလှေး (Zooplankton)များ ကျွေးမွေးပါသည်။ ထို့နောက် သားပေါက်အရွယ် အစား ၁၂-၁၆ မီလီမီတာအထိ ရောက်ရှိချိန်တွင် ငါးမှုန်စာ(Fish meal powder)များရောစပ်ဖျော်၍ စတင်ကျွေးနိုင်ပြီဖြစ်ပါသည်။  ပထမ သုံးပတ်အတွင်း ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းမှာ လျင်မြန်စွာ ကောင်းမွန် လာသည်ကို တွေ့ရှိရပါသည်။ သုံးပတ်ကြာပြီးနောက် အရွယ်အစားကြီး ထွားလာသည်နှင့်အမျှ   အသားဓာတ်  ၃၀-၃၅  ရာခိုင်နှုန်းရှိသော ငါးငယ်အစာအမှုန့်(Small Size Pellet)ကို ကျွေးနိုင်ပြီဖြစ်ပါသည်။ ကျွေးမွေးစဉ်ကာလအတွင်း ငါးမှုန်များ ရှင်သန်နှုန်းကောင်းမွန်စေရေးနှင့် ကြီးထွားနှုန်းတိုးတက်စေရေးသည်  အဓိကအရေးကြီးသည့်အတွက် ရေအရည်အသွေးများ ကောင်းမွန်စွာထိန်းသိမ်းနိုင်ရန် အထူးလိုအပ် လှပါသည်။ အရွယ်အစားကွာခြားမှုသည် အဓိကအားဖြင့် ကျွေးသော အစားအစာ အမျိုးအစားကွဲပြားခြင်း၊ အစာလုယက်စားသောက်ခြင်း များကြောင့်ဖြစ်သည်။  လုယက်စားသောက်ခြင်းကြောင့်    အသေ အပျောက်လည်းများစေနိုင်သဖြင့်    ရှင်သန်နှုန်းကောင်းမွန်စေရန် အတွက်  ငါးအရွယ်အစားအလိုက် သီးခြားကန်ခွဲ၍ မွေးမြူခြင်းဖြင့်    ရှင်သန်နှုန်းပိုမိုရရှိစေပါသည်။    


ထို့အတူ   ရေပုံမှန် လဲလှယ်ပေးခြင်း၊  ပုံမှန်နေရာ၊    ပုံမှန်အချိန် အစာ ကျွေးခြင်း၊ မွေးမြူထားသော ငါးအရေ အတွက်ပမာဏ၏ လိုအပ်ချက် နှင့် ကိုက်ညီသော အစာကျွေးနှုန်းဖြင့် နှိုင်းဆတွက်ချက်၍ကျွေးမှသာ   အာဟာရပြည့်ဝပြီး အရည်အသွေး ကောင်းမွန်သော ငါးမျိုးကောင်း မျိုးသန့်များ  ရရှိနိုင်မည်ဖြစ်ပါသည်။ 
ငါးပြေမသားဖျန်းများ(Fingerlings)မှသည် အသားတိုးမွေးမြူခြင်း(Grow-out)
တိုင်းရင်းငါးပြေမ အသားတိုးမွေးမြူရန်အတွက်  မြေကြီးကန်ဖြင့် မွေးမြူခြင်းထက် အုတ်ကန်ဖြင့် မွေးမြူခြင်းသည် ငါးများ  လွတ်မထွက် စေရန် ကာကွယ်ပေးပါသည်။   အုတ်ကန်၏   အတွင်းဘက်အောက်ခြေ မျက်နှာပြင်တွင်  မြေသားခင်း၍  မွေးမြူခြင်းဖြင့်  ငါးများကျန်းမာရေး ကောင်းမွန်ပြီး    ကြီးထွားနှုန်းကို    တိုးတက်စေပါသည်။    သဘာဝ ပတ်ဝန်းကျင် အနေအထားကဲ့သို့ဖြစ်နေစေရန် ငါးကန်ရေမျက်နှာပြင် ၏ ၃၀-၄၀   ရာခိုင်နှုန်းကို  ရေနေအပင်များဖြစ်သည့်  ဗေဒါ သို့မဟုတ် အလွယ်တကူရရှိသော    ဘဲစာရွက်ရေပေါ်နေအပင်များ    (Water Floating Plants)ဖြင့် ဖုံးအုပ်၍ အသုံးပြုနိုင်ပါသည်။  ငါးဖျန်းအရွယ် သည် ရေမျက်နှာပြင်အထက်နားတွင် ကူးခတ်သွားလာနေသည့်အတွက် ဗျိုင်းများ၊ တင်ကြီးငှက်များ လာရောက်ဖမ်းယူခြင်းများ ရှိနေနိုင်သဖြင့် အကာအရံများ   ပြုလုပ်ထားရှိရန်   လိုအပ်ပါသည်။   လှောင်အိမ်ဖြင့် တိုင်းရင်းငါးပြေမမွေးမြူမည်ဆိုပါက သီးသန့်မွေးမြူခြင်း (Mono-culture)တွင် သာမက ရောနှောမွေးမြူခြင်း(Polyculture)ဖြင့်လည်း မွေးမြူနိုင်ပါသည်။ 
ငါးပြေမနှင့် စားရေရိက္ခာဖူလုံရေး
ငါးပြေမသည် စောင်းလျားသီးနှင့် ချက်ပြုတ်စားသုံးပါက အရသာ ထူးကဲသည့်အပြင် ဆီးကျောက်ရောဂါအတွက် သက်သာပျောက်ကင်း နိုင်သည့် ဆေးဖက်ဝင်ငါးတစ်မျိုးဖြစ်ပါသည်။ ထို့ပြင် ငါးစျေးကွက်တွင် တန်ဖိုးကောင်းရရှိသော ရေပန်းစားနေသည့် ငါးမျိုးဖြစ်ပြီး ကျေးလက်နေ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ   ပါဝင်လျက်ရှိပါသည်။    ငါးပြေမမွေးမြူခြင်းသည် အခြားငါးမြစ်ချင်းကဲ့သို့သော ငါးမျိုးများမွေးမြူခြင်းထက် မွေးမြူသည့် အချိန်ကာလတိုတိုဖြင့် အကျိုးအမြတ်ပိုမိုရရှိနိုင်သည့် ငါးမျိုးဖြစ်သည့် အပြင် လူတို့မသုံးဘဲ ပစ်ပယ်ထားသည့် ကျင်းငယ်၊ ရေအိုင်ငယ်များတွင် စနစ်တကျမွေးမြူပါက   အချိန်တိုအတွင်း   မွေးမြူဖြစ်ထွန်းနိုင်သည့် ငါးမျိုးဖြစ်ပါသည်။
ကျေးလက်နေပြည်သူများ၏  စားရေရိက္ခာဖူလုံစေရေး၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်   တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ  မိသားစု ဝင်ငွေများ   တိုးပွားရရှိလာနိုင်စေရေးနှင့်  ငါးမွေးမြူရေး  အသိပညာ ဗဟုသုတများ ရရှိလာနိုင်စေရေးတို့အတွက် မြန်မာနိုင်ငံအနှံ့အပြားတွင် အလွယ်တကူ ရရှိနိုင်သော တိုင်းရင်းငါးပြေမများကို မွေးမြူထုတ်လုပ် ကြပါစို့ဟု တိုက်တွန်းရင်း သုတေသနရလဒ်များကို မျှဝေရေးသားတင်ပြ လိုက်ရပါသည်။        ။