
စာပေနှင့် အနုပညာမူပိုင်ခွင့်နှင့် နည်းပညာ အသိပညာပေး အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ
======================================================
ရန်ကုန် ဒီဇင်ဘာ ၁၃
စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီက ကြီးမှူးကျင်းပသော စာပေနှင့် အနုပညာ မူပိုင်ခွင့်နှင့် နည်းပညာ အသိပညာပေး ဆွေးနွေးပွဲအပိုင်း(၂) (Copyright and Technology Webinar: Episode 2 ) ကို ယနေ့ ည ၇ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အွန်လိုင်းမှ တက်ရောက်
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေ မူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာ စကား ပြောကြားရာတွင် မူပိုင်ခွင့်နှင့်ပတ်သက်သည့် ဆွေးနွေးရမည့်အကြောင်း အရာများစွာရှိပြီး ကျယ်ပြန့်ပါကြောင်း။
စာပေထုတ်ဝေမှုနှင့်ပတ်သက်သည့် မူပိုင်ခွင့်ပြဿနာများသည် ယခင်ကပင် ရှိခဲ့ပြီး ယခု နည်းပညာအပြောင်းအလဲနှင့်အတူ မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများသည် ပြောင်းလဲဖြစ်ပေါ်လာမည်ဟု ထင်မြင်မိပါကြောင်း၊ နည်းပညာအပြောင်းအလဲ ကြောင့် ဖြစ်ပေါ်လာမည့် စာပေနှင့် မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများအား နည်းပညာ ကိုပင် အသုံးပြု၍ ဖြေရှင်းရမည့် နည်းလမ်းများကို ယခုဆွေးနွေးပွဲတွင် အသိ ပညာပေးဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးမှုများမှတစ်ဆင့် မှတ်သားစရာများ၊ အတွေးသစ်၊ အမြင်သစ်များနှင့် ဆောင်ရန်ရှောင်ရန် ကိစ္စရပ် များကို သိရှိလာကြမည်ဖြစ်ပါကြောင်း။
ယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးကြသူများအနေဖြင့် ကိုဗစ်ကပ်ရောဂါ ကာလတွင် အိမ်မှာနေထိုင်ကာ ကပ်ရောဂါရှောင်တိမ်းနေသော စာဖတ်သူများ အတွက် တန်ဖိုးရှိသည့် စာပေများကို ပိုမိုရေးသားနိုင်ကြမည်ဟု ထင်မြင်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဆရာချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မူပိုင်ခွင့်အသိပညာပေး Video Clip ကို ပြသသည်။
ထို့နောက် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးမြင့်ထွန်းက “နည်းပညာခေတ် စာအုပ်ထုတ်ဝေမှုပုံစံ အပြောင်းအလဲနှင့်မူပိုင်ခွင့်ပြဿနာ” ခေါင်းစဉ်နှင့် ဒုတိယ ဥက္ကဋ္ဌ(၂) ဦးသောင်းစုငြိမ်းက “စာပေနှင့်အနုပညာမူပိုင်ခွင့် ကာကွယ်ရေးနှင့် နည်းပညာ၏ အခန်းကဏ္ဍ” ခေါင်းစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် စာပေနှင့် အနုပညာမူပိုင်ခွင့်နှင့် နည်းပညာဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးသောင်းစုငြိမ်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမြင့်ထွန်း၊ ကော်မတီအဖွဲ့ဝင် ဦးဇော်မင်းဦးနှင့် စာရေးဆရာမ လွန်းထားထားတို့က ပါဝင် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အွန်လိုင်းမှချိတ်ဆက်တက်ရောက်နားထောင်ကြသူများက ၎င်းတို့ သိရှိလိုသော မေးခွန်းများကို မေးမြန်းကြရာ စကားဝိုင်းဆွေးနွေးပွဲ ဟောပြောဆွေးနွေး သူများက ပြန်လည်ဖြေကြားကြသည်။
သတင်းစဉ်