
နေပြည်တော် နိုဝင်ဘာ ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က စာပေဗိမာန်စာမူဆုရရှိသည့် စာအုပ်များကို ဖြန့်ချိရောင်းချ လျက်ရှိသည်။
ဇော်ဦးငြိမ်း၏ “ဗွီအက်စ်နိုင်ပေါလ်၏
စိတ်ကူးရောင်စုံဝတ္ထုတိုများစုစည်းမှု”
ဘာသာပြန်စာပေ(ရသ) ပထမဆု
ယင်းစာအုပ်တွင် ၂၀၀၁ ခုနှစ် စာပေဆိုင်ရာနိုဘယ်ဆုရှင် အိန္ဒိယနွယ်ဖွား ဗြိတိသျှနိုင်ငံသား စာရေးဆရာကြီး ဗွီအက်စ်နိုင်ပေါလ် ၏ ဝတ္ထုတိုများစုစည်းမှုမှ ကောက်နုတ်ထားသော သူ့မွေးဇာတိ ထရီနီဒတ်ကျွန်းနိုင်ငံနောက်ခံ ဝတ္ထုတိုခြောက်ပုဒ်ဖြစ်သည်။ ဗွီအက်စ် နိုင်ပေါလ်၏ မထင်မှတ်သော အလှည့်အပြောင်း၊ အထေ့အငေါ့များဖြင့် စာရေးဟန်မှာ သူမတူသော စွမ်းရည်တစ်ရပ်ပင်။ ကိုးကွယ်ယုံကြည်မှု၊ တပည့်ငယ်သားများအပေါ် အနိုင်ကျင့်တတ်သော ဆရာ၊ ဂုဏ်သိက္ခာ နှင့် ဘဝအကျပ်အတည်း၊ မပြေနိုင်သော ပူဆွေးသောကနှင့် အားနာ တတ်သောစိတ်၊ ဗျူရိုကရေစီဆန်လွန်းသူ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်ရပ်၊ အမေ၏ အထင်ကြီးမှုနှင့် မေတ္တာကို လိုချင်သောသား စသည့်ဖြစ်ရပ် စုံများကို ရေးသားထားသော ရသဘာသာပြန်စာအုပ်ဖြစ်ပြီး ရောင်းဈေးမှာ ငွေကျပ် ၂၀၀၀ ဖြစ်သည်။
ရန်ကုန်ဌေးဇော်၏ “အသက်ရှည်ပါရေ”
လူငယ်စာပေ ပထမဆု
ယင်းစာအုပ်တွင် ဝတ္ထုဟန်ရေးသားထားသော စာမူ ခုနစ်ပုဒ် ပါဝင်သည်။ အညာဒေသ၏ ရေအခက်အခဲမှသည် ရေသည်ဆေးဖြစ် ကြောင်း၊ မြေအောက်ရေ လုံလောက်အောင် ထိန်းသိမ်းသုံးစွဲရန်လို ကြောင်း ပညာပေး ရေးသားထားသည့်အပြင် လူကုန်ကူးခံရသော မိန်းကလေးများ၏ ဘဝနှင့် ကယ်တင်စောင့်ရှောက်ရေးကဏ္ဍ၊ လူငယ် လူရွယ်တို့၏ လက်တွေ့ကျသော မြို့ပြထူထောင်ရေးလုပ်ငန်း၊ အနှိမ်ခံဒုက္ခသည်လူတန်းစားတို့၏အခြေအနေ၊ အိမ်ခြေရာခြေမဲ့တို့၏ ဘဝ၊ အမှိုက်ကောက် လူတန်းစားတို့၏ ဝမ်းစာရှာဖွေမှု စသည်တို့ကို အလွှာစုံအောင် ရေးသားထားသည်။ ထို့ပြင် ပရဟိတကျောင်းအချို့မှ ခါးသီးသောအတွေ့အကြုံလည်း ပါဝင်ရေးသားထားသည့်အတွက် ဘဝမျိုးစုံကို စုတ်ချက်အထူအပါး၊ ဆေးသားအနုအရင့် သင့်ရာ ရွေးချယ် ပန်းချီကားချပ်သဖွယ်ရေးသားထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပြီး ရောင်းဈေးမှာ ငွေကျပ် ၂၀၀၀ ဖြစ်သည်။
အောင်ပန်းဝေ(LL.B)၏ “မြန်မာ့ရုပ်သေး ကြိုးဆွဲနည်းပညာ”
မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆု
ယင်းစာအုပ်တွင် ရုပ်စုံ(ရုပ်သေး) ကြိုးဆွဲနည်းဆိုင်ရာပညာရပ်ကို မတိမ်ကော မပပျောက်စေရန် ရည်ရွယ်၍ ကမ္ဘာ့ရုပ်သေးအမျိုး အစားများနှင့် မြန်မာ့ရုပ်သေးသမိုင်းတို့ကို ဖော်ထုတ် တင်ပြထား သည်။ ရုပ်သေးကြိုးဆွဲရာတွင် အသုံးပြုသည့် ကြိုး၊ ဂျက်၊ ကိရိယာများ၊ တီးကြိုး၊ မောင်းရင်းကြိုး၊ လက်ဖျားကြိုး၊ ကကြိုးများ၏ ဆွဲနည်း၊ သတ်နည်း၊ ကြိုးပြင်နည်း၊ ကြိုးတပ်ဆင်နည်းများကို အသေးစိတ် ရှင်းလင်းရေးသားထားသည်။ ထို့ပြင် ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့သည့် ရုပ်သေးကြိုးဆွဲပညာရှင်များအကြောင်းကိုပါ ရေးသား ဖော်ပြထားသောကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာကို မြတ်နိုးသူများနှင့် သုတေသနပြုလိုသူများအတွက် လက်ဝယ် ဆောင်ထားသင့်သည့် စာအုပ်ကောင်းဖြစ်ပြီး ရောင်းဈေးမှာ ငွေကျပ် ၁၈၀၀ ဖြစ်သည်။
“ရိုးရာပုံပြင် စာပေစာတမ်းများ”
ယင်းစာအုပ်ကို ၁၉၈၉ ခုနှစ်တွင် အတွဲနှစ်တွဲခွဲ၍ ပြည်သူ့လက်စွဲ စာစဉ်အဖြစ် စာပေဗိမာန်က ပထမအကြိမ်ထုတ်ဝေခဲ့ပြီး ယခုအခါ စာပေဗိမာန်က အတွဲနှစ်တွဲကို တစုတစည်းတည်းပေါင်း၍ ဒုတိယ အကြိမ် ပြန်လည်ထုတ်ဝေခြင်းဖြစ်သည်။ ယင်းစာအုပ်တွင် ဆရာကြီး ဦးတင်လှ(မောင်မြန်မာ)၊ ဆရာကြီး ဦးကျော်အောင်(ကျော်အောင်)၊ ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းနှင့် ဆရာကြီး ဦးမင်းနိုင်တို့ ဖတ်ကြားတင်သွင်းခဲ့သည့် ရိုးရာပုံပြင်ဟူသည်၊ နိုင်ငံတကာရိုးရာပုံပြင်၊ မြန်မာ့ရိုးရာပုံပြင်နှင့် တိုင်းရင်းသားရိုးရာပုံပြင်များ စာတမ်းလေးစောင် ပါဝင်သည်။
ရိုးရာပုံပြင်များ ဖြတ်သန်းလာခဲ့ရသော ခရီးမှာ အလွန်ရှည်လျားပြီး ခေတ်အဆက်ဆက်ကို ကျော်လွန်ဖြတ်သန်းလာခဲ့ရခြင်း၊ တစ်ဦး၏ နှုတ်မှ ပြောဆိုသောစကားကိုမှတ်၍ တစ်ဆင့်ပြန်လည်ပြောပြရခြင်း၊ ပုံပြင်ပြောသူများ၏ အသိဉာဏ်ချင်း မတူညီခြင်း၊ ဘာသာစကား တံတိုင်းကြီးကို ခက်ခဲစွာကျော်လွှားရခြင်း၊ နယ်မြေအပိုင်းအခြားကို နည်းအမျိုးမျိုးဖြင့် ဖြတ်ကျော်ရခြင်း စသည့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကာ အောင်မြင်စွာ ချီတက်ခဲ့သော ရိုးရာပုံပြင်များ တိမ်ကော ပပျောက်သွားခြင်း မရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြန်လည်ထုတ်ဝေထား သော စာအုပ်ဖြစ်သည့်အတွက် စာဖတ်ပရိသတ်များကို သုတရော ရသပါ ရရှိစေမည်ဖြစ်ကာ ရောင်းဈေးမှာ ငွေကျပ် ၅၀၀၀ ဖြစ်သည်။
အဆိုပါ စာအုပ်များကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ် ဆိုင်(ဖုန်း ၀၆၇ -၃၄၁၄၆၈၁)၊ ၈၆လမ်း၊၂၁လမ်းနှင့် ၂၂လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူ နိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်