
နေပြည်တော် မတ် ၂၇
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆု ရရှိသည့် စာရေးဆရာ မိုးမြင့်ဝင်း (မဟာဝိဇ္ဇာ) ၏ “မဟာဂီတတွင် ဖွဲ့ဆိုခဲ့ သော မင်းခမ်းတော်များ” စာအုပ်နှင့် ကလေးစာပေ တတိယဆုရရှိသည့် စာရေးဆရာ ထက်ဝေအောင် (စစ်ကိုင်း) ၏ “ပန်းတိုင်း ပွင့်ခွင့်ရှိပါသည်နှင့် အခြား ကလေးဝတ္ထုတိုများ” စာအုပ်တို့ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
စာရေးဆရာ မိုးမြင့်ဝင်း (မဟာဝိဇ္ဇာ) ၏ “မဟာဂီတတွင် ဖွဲ့ဆိုခဲ့သော မင်းခမ်းတော်များ” စာအုပ်၌ အခန်း (၆) ခန်းခွဲကာ တင်ပြထားပြီး မင်းခမ်းတော် ဟူသည့် အဓိပ္ပာယ်ရှင်းလင်းချက်၊ လက်ယာမင်းခမ်းတော်၊ လက်ဝဲ မင်းခမ်းတော်၊ မင်းခမ်းတော်ဆိုင်ရာ မဟာဂီတသီချင်းများ၊ ကြိုးသီချင်းများမှ မင်းခမ်းတော်ဖွဲ့သီမှု၊ ဘွဲ့သီချင်းများမှ မင်းခမ်းတော်ဖွဲ့သီမှု၊ သီချင်းခန့်များမှ မင်းခမ်းတော်ဖွဲ့သီမှု၊ မွန်သီချင်းများမှ မင်းခမ်းတော်ဆိုင်ရာဖွဲ့သီမှု စသည်ဖြင့် မင်းခမ်းတော်ဘွဲ့ သီချင်းများနှင့် ပတ်သက်ပြီး မဟာဂီတထဲမှ သုတေသန ပြု ရှာဖွေဖော်ထုတ်ထားသည့်အတွက် သုတေသနပြုလိုသူများနှင့် မဟာဂီတ သီချင်းများအကြောင်းကို ထဲထဲဝင်ဝင် လေ့လာလိုက်စားချင်သူများ လက်ဝယ် ဆောင်ထားသင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပြီး ငွေကျပ် ၂၅၀၀ ဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။
ကလေးစာပေ တတိယဆုရရှိသည့် စာရေးဆရာ ထက်ဝေအောင် (စစ်ကိုင်း) ၏ “ပန်းတိုင်း ပွင့်ခွင့်ရှိပါသည်နှင့် အခြား ကလေးဝတ္ထုတိုများ” စာအုပ်၌ ဝတ္ထုတို (၁၆) ပုဒ်ပါဝင်ပြီး ကလေးတိုင်း ပညာ သင်ခွင့်ရစေလိုခြင်း၊ ကလေးများ၏ ကောင်းမွန်သော စိတ်ကူး၊ ဂိမ်းကစားခြင်း ၏ ဆိုးပြစ်၊ အတုမြင်အတတ်သင်နှင့် နယ်လွန်စိတ်ကူးယဉ်ခြင်းတို့ကို ရသ ဇာတ်လမ်းလေးများဖြင့် သိလွယ်သော စကားလုံး၊ တိုရှင်းသော ဝါကျများဖြင့် ဇာတ်ကွက်ဇာတ်လမ်းဖွဲ့ကာ ပုံဖော်ထား သည်။ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေး အလေ့အကျင့်၊ ဇွဲနပဲနှင့် ကြိုးစားချင်စိတ်၊ ကလေးများကို မြေတောင်မြှောက်ပေးရန် လိုအပ်မှု၊ စိတ်ယုတ်မွေး၍ သူတစ်ပါးအပေါ် မကောင်းကြံပါက ကိုယ်ဘေးရန်သင့် တတ်ပုံ၊ သစ်ပင်စိုက်ပျိုးခြင်းကို မြတ်နိုး တတ်စေလိုသော ရည်ရွယ်ချက်တို့ဖြင့် ရေးဖွဲ့ထားသည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်ပြီး ငွေကျပ် ၂၀၀၀ ဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။
အဆိုပါ စာအုပ်များကို အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂- ၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁- ၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။
ဇော်ဝင်းထွန်း