စာပေဗိမာန်စာမူဆုရ စာအုပ်များနှင့် ပခုက္ကူစာပေဆုရစာအုပ် ဖြန့်ချိရောင်းချ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆုရ စာအုပ်များနှင့် ပခုက္ကူစာပေဆု  ကဗျာ ပေါင်းချုပ် ပထမဆုရစာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

 

ဆည်းဆာရသစာတမ်းများ


စာပဒေသာ  ဒုတိယဆုရရှိသည့်  စာရေးဆရာ   ဇာတ်ညွှန်း အကယ်ဒမီ ကိုကိုလေး၏ “ဆည်းဆာရသစာတမ်းများ” စာအုပ်တွင် အသက်အရွယ်  ဘဝအတွေ့အကြုံကို  အခြေပြုကာ ပတ်ဝန်းကျင် အထိအတွေ့နှင့် ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ်အကြောင်းရပ် ဝေဝေ ဆာဆာဖြင့်  ရေးဖွဲ့ထားသည်။  လောကကြီးတွင်   ပတ်ဝန်းကျင်၌ ပြောလေ့ဆိုထရှိပြီး ယဉ်ပါးသော အသုံးအနှုန်းဖြင့် တွင်ကျယ်နေသော အဆိုအမိန့်၊ အပြောအဆို၊ လမ်းညွှန်အမှတ်အသားများထဲက အတွေး ကို သမားရိုးကျ  မှတ်တမ်းခွဲကာ  မျက်မှောက်ခေတ် မြန်မာစာပေ လောကတွင် ခေတ်စားလာသော  ရသဟန်   စာပဒေသာအဖွဲ့ဖြင့် စုစည်းထားသောကြောင့် စာဖတ်ပရိသတ်များ ဖတ်ရှုရာတွင် ရိုးအီ မသွားသည့်     စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။    ရောင်းဈေး  ကျပ် ၂၀၀၀ ဖြစ်သည်။

 


ကချင်ပြည်နယ်တိုင်းရင်းသားများ၏ 
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း


နိုင်ငံရေးစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ ဇွဲသန်းသျှင်း (သုံးဆယ်) ၏ “ကချင်ပြည်နယ်တိုင်းရင်းသားများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း” စာအုပ်တွင် အင်္ဂလိပ် - မြန်မာစစ်ပွဲ သုံးကြိမ် ရင်ဆိုင်ပြီး မြန်မာ့အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရသည်မှ ပင်လုံညီလာခံအပြီး ၁၉၄၇ ခုနှစ်၊ ဇွန်လ တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံတွင်  ကချင်ပြည်နယ်   ဖွဲ့စည်းရေးအတွက်   ကချင် ကိုယ်စားလှယ်များ ကြိုးပမ်းခဲ့သည့် နှစ် ၅၀ လွတ်လပ်ရေး တိုက်ပွဲ ခရီးစဉ်ကို အခန်း ၁၁ ခန်းဖြင့် ဖွဲ့စည်းထားပါသည်။ ရက်စဉ်သမိုင်း၊ အတ္ထုပ္ပတ္တိအကျဉ်း၊ ဓာတ်ပုံ၊ ကျမ်းကိုးစာရင်း ဝေဝေဆာဆာဖြင့် ပြုစု ရေးသားထားသောကြောင့် နိုင်ငံရေးကို  စိတ်ဝင်စားသည့်  စာဖတ် ပရိသတ်များ ဗဟုသုတတိုးပွားစေမည့်အပြင်  အိမ်မှာ   ဆောင်ထား သင့်သော လက်မလွှတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ ရောင်းဈေး ကျပ် ၂၅၀၀ ဖြစ်သည်။

 


လမင်းစန္ဒာ လင်းပါစေနှင့် အခြားဝတ္ထုတိုများ


ဝတ္ထုတိုပေါင်းချုပ်   ဒုတိယဆုရရှိသည့်    စာရေးဆရာမ သက်သက်နွယ် ၏ “လမင်းစန္ဒာ လင်းပါစေနှင့် အခြားဝတ္ထုတိုများ” စာအုပ်တွင် ဝတ္ထုတို ၁၆ ပုဒ်ပါဝင်ကာ ယနေ့ခေတ်ကာလ ပြည်သူများ အကြား ပိုမိုအဖြစ်များလာပြီး လူတိုင်းက အလေးဂရုပြုလာကြသော အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှု၊ အွန်လိုင်း အကြမ်းဖက်မှု စသည့် ကြေကွဲစရာဖြစ်စဉ်များအပေါ်  အခြေခံ၍  အမှုအခင်း၏  သားကောင်အမျိုးသမီးများ၊   ကလေးသူငယ်များ၏ ဘဝနှင့်ဒုက္ခကို  မီးမောင်းထိုး ဖော်ကျူးပြထားသော ဝတ္ထုတိုကောင်း လက်ရာမွန်များဖြစ်သည်။

 


ထို့ပြင် စာရေးသူကိုယ်တိုင်သည်လည်း အမျိုးသမီးရေးရာအဖွဲ့၏ နှစ်သိမ့်ဆွေးနွေးရေးဌာနတွင်   နှစ်သိမ့်ဆွေးနွေးသူအဖြစ်   တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သဖြင့်  အကြောင်းအရာပိုင်းဆိုင်ရာ ရေးဖွဲ့ရာ၌ ကျွမ်းကျင်ပိုင်နိုင်သည်ကို တွေ့ရမည်ဖြစ်ပြီး  ဝတ္ထုများတွင်  ကျူးလွန် ခံရသူ အမျိုးသမီးများနှင့်   ကလေးသူငယ်များ၏  အုပ်ထိန်းသူများ သင်ခန်းစာရယူနိုင်စေရန်၊ ပညာဗဟုသုတရှိစေရန်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထိန်းသိမ်းတတ်စေရန်နှင့် မှန်မှန်ကန်ကန် ဆင်ခြင်စဉ်းစား ဆုံးဖြတ်နိုင်စေရန်ရည်ရွယ်သော  စာရေးသူ၏   စေတနာကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။ စာအုပ်ရောင်းဈေးမှာ ကျပ် ၂၀၀၀ ဖြစ်သည်။


ပန်းတစ်ပွင့် လန်းစွင့်ခဲ့ပြီ


လူငယ်စာပေ ဒုတိယဆုရရှိသည့်  စာရေးဆရာမ  သက်ဦးခင်၏ “ပန်းတစ်ပွင့် လန်းစွင့်ခဲ့ပြီ” စာအုပ်တွင် စာရေးသူငယ်စဉ်က ကျောင်းသား ဘဝ အပြိုင်အဆိုင် ကြိုးစားအောင်မြင်ခဲ့ပုံများ၊  အခက်အခဲများကို ကျော်လွှားကာ အောင်မြင်သော ဘဝမှတ်တိုင်တစ်ခု စိုက်ထူခဲ့ပုံများ ကို  အားကျအတုယူဖွယ်  ရေးသားထားသည်။ ထို့ပြင် အညာဒေသ ကျေးလက်နှင့် မြို့ပြဓလေ့၊ မြန်မာ့လူနေမှုဘဝနှင့် ခေတ်ပြိုင်အခြေအနေ များကို ပေါ်လွင်အောင် ရေးသားထားပြီး မြန်မာမှု မြန်မာ့ဓလေ့များ လည်း စုံလင်စွာခြံရံရေးသားထားသော လူငယ်စာအုပ်ကောင်းတစ်အုပ် ဖြစ်ကာ ရောင်းဈေး ကျပ် ၂၀၀၀ ဖြစ်သည်။

 


အမေ ကဗျာဆရာမနှင့် အခြားကဗျာများ


ပခုက္ကူဦးအုံးဖေတည်ထောင်သော  ပခုက္ကူစာပေဆု   ကဗျာ ပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ ကိုလေးပြည့်၏ “အမေ ကဗျာဆရာမနှင့် အခြားကဗျာများ” စာအုပ်တွင်  ကဗျာပုဒ်ရေ ၇၀ ပါရှိပြီး လေးလုံးစပ်၊ ရှစ်လုံးဖွဲ့၊ လေးဆစ်ချိုး၊ လေးချိုး၊ တျာချင်း၊ နွယ်သာကီသံဖြတ် စသည်ဖြင့် ကဗျာဖွဲ့နည်းစုံလင်စွာ ပါရှိသည့်အပြင် အကြောင်းအရာမှာလည်း စုံလင်ရုံမျှသာမက တင်ပြပုံများလည်း ဆန်းသစ်သည်။ မိဘကျေးဇူး၊ ဆရာကျေးဇူးများကို ဖွဲ့ဆိုသကဲ့သို့ တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ကိုလည်း ဖွဲ့ဆိုသီကုံးထားပြီး စိတ် ခွန်အားပေးသော  ကဗျာများ၊    နှလုံးသားအာဟာရကဗျာများ၊ ကျေးလက်အလှကဗျာများ၊ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ကဗျာများ စသည်တို့ကိုလည်း ရေးသားဖွဲ့ဆိုထားသော ကဗျာစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ ရောင်းဈေး ကျပ် ၁၅၀၀ ဖြစ်သည်။

 


အဆိုပါစာအုပ်များကို အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ 

 


စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ


ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ ပထမဆုရ  လွင်မြန်မာ(မန်းတက္ကသိုလ်) ရေးသားသည့်  “မြန်မာ့ ရွှေချည်ထိုး” စာအုပ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ 

 


ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူ နိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ရုံးများမှ တစ်ဆင့်လည်းကောင်း၊ စာတိုက်မှ တစ်ဆင့် လည်းကောင်း ပေးပို့လျက်ရှိပါသည်။

 


စာပေဗိမာန်စာအုပ်အသင်း ဝင်လိုပါက အတွင်းရေးမှူး၊ စာပေ ဗိမာန်စာအုပ်အသင်း အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့  လိပ်မူ၍ဆက်သွယ်နိုင်ကြောင်း သိရသည်။