
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆုရ စာအုပ်များကို ဖြန့်ချိရောင်းချလျက် ရှိသည်။
ဆိုင်းဂီတဖြင့် တိုင်းပြည်အလှဆင်သူ (သို့)
အလင်္ကာကျော်စွာ စိန်စတင်း
စာပဒေသာ ပထမဆုရရှိသည့် စာရေးဆရာ မြေလတ်မင်းလွင်၏ “ဆိုင်းဂီတဖြင့် တိုင်းပြည်အလှဆင်သူ (သို့) အလင်္ကာကျော်စွာ စိန်စတင်း” စာအုပ်တွင် မြန်မာ့ဆိုင်းဂီတလောက၌ တစ်ခေတ်တွင် တစ်ယောက် လျှမ်းလျှမ်းတောက် ထွန်းပေါက်ထင်ရှားပေသော အလင်္ကာကျော်စွာဘွဲ့ရ ဆိုင်းပညာရှင် စိန်စတင်း၏ ဘဝနှင့် ပန်တျာ ဂီတ ပြည့်ဝသော ဆိုင်းပညာ၊ ပီသကြည်မြသော တစ်မူထူးသည့် လက်သံ၊ ရေးဖွဲ့သည့်တေးသီချင်း၊ ဆိုင်းလောက၏အနာဂတ် စသည့် အကြောင်းအရာတို့ကို စေ့စုံစွာရေးသားထားသည်။ ဧရာဝတီတိုင်းမှ ထွက်ပေါ်လာသော ဆိုင်းပညာရှင် စိန်စတင်း၏ ပန်တျာဂီတ လေ့လာဆည်းပူးတီထွင်မှု၊ အံ့မခန်းသည့် လက်စွမ်းအကြောင်းရပ် တို့မှာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး ဆိုင်းလောက၏ ရှေ့ဆောင်အဖြစ် ထင်ရှားစေသူဖြစ်ကြောင်း ပေါ်လွင်အောင် ရေးဖွဲ့ထားသည်။ မြန်မာ့ ရိုးရာယဉ်ကျေးမှုအထောက်အကူပြုပြီး ခိုင်မာသောအချက်အလက် များကို စုစည်းရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကာ ရောင်းဈေးမှာ ကျပ် ၂၅၀၀ ဖြစ်သည်။
နေနှင့် လမင်း အလင်းသစ္စာကဗျာများ
စာပေဗိမာန်စာမူဆု ကဗျာပေါင်းချုပ် တတိယဆုရရှိသည့် စာရေးဆရာ ကနောင်နိုင်နွယ်ဦး၏ “နေနှင့် လမင်း အလင်းသစ္စာ ကဗျာများ” စာအုပ်တွင် ကဗျာ ၆၅ ပုဒ်ပါရှိပြီး အကြောင်းအရာ အလိုက် အခန်းများခွဲကာ စုစည်းဖော်ပြထားသည်။ ကျေးလက်အလှ၊ ကိုယ်ကျင့်တရား၊ စာပေနှင့် ယဉ်ကျေးမှု၊ ချစ်ခြင်းမေတ္တာဖွဲ့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မျိုးဆက်သစ်တို့ အတွေးအမြင်မှန်ကန်ရေး တို့အပြင် မြန်မာ့လယ်ယာလုပ်ငန်း၏ နွေမိုးဆောင်းအလှများကို ရသမြောက်စွာ ဖော်ကျူးရေးသားထားသော ကဗျာစာအုပ်ကောင်း တစ်အုပ်ဖြစ်ပြီး ရောင်းဈေးကျပ် ၃၀၀၀ ဖြစ်သည်။
ပဲ့ကိုင်ရှင်တို့၏ နှလုံးသားအလှနှင့် ဝတ္ထုတိုများစုစည်းမှု
စာပေဗိမာန် စာမူဆု ဝတ္ထုတိုပေါင်းချုပ် တတိယဆုရရှိသည့် စာရေး ဆရာ တင်တော်၏ “ပဲ့ကိုင်ရှင်တို့၏ နှလုံးသားအလှနှင့် ဝတ္ထုတိုများ စုစည်းမှု” စာအုပ်တွင် ဝတ္ထုတို ၁ဝ ပုဒ် ပါရှိသည်။ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ ကျေးဇူးတရား၊ တာဝန်နှင့် ဝတ္တရား၊ သစ္စာစောင့်သိမှု၊ ကူညီရိုင်းပင်းမှု၊ အနစ်နာခံမှု၊ အများအကျိုးသယ်ပိုးမှု၊ ဥပဒေစည်းကမ်း လိုက်နာမှု စသည်ဖြင့် ဘဝမျိုးစုံ၊ စရိုက်အဖုံဖုံကို စာရေးသူက ကိုယ်တွေ့ ဖြစ်ရပ်များနှင့် ထင်ဟပ်ပြီး ရေးဖွဲ့ထားသည်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ရာထူးဂုဏ်ရှိန်မြင့်ခြင်းတို့က လူ့တန်ဖိုးမဟုတ်ဘဲ ရိုးသားခြင်း၊ သစ္စာ ရှိခြင်း၊ ကတိတည်ကြည်ခြင်းနှင့် စိတ်နှလုံးပြည့်ဝပြီး အများအကျိုးဆောင်ရွက်ခြင်းတို့ကသာ တကယ့်စစ်မှန်သော လူ့တန်ဖိုးဖြစ်ကြောင်း၊ ကျောင်းဆရာ၊ ဆရာမများသည် တပည့်များကို စာလည်းသင်ပေးရင်း လူကိုလည်း ပြင်ပေးရကြောင်း၊ တပည့်များ၏ စွမ်းဆောင်ရည်နှင့် သင့်လျော်မည့်လမ်းကြောင်းကို မှန်ကန်စွာ လမ်းညွှန်ပြသထိန်း ကျောင်းပေးနေကြရသည့် နှလုံးလှပဲ့ကိုင်ရှင်များဖြစ်ကြောင်းကို မီးမောင်းထိုးပြထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ရောင်းဈေး ကျပ် ၂၀၀၀ ဖြစ်သည်။
အဆိုပါစာအုပ်များကို အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ် ဝယ်ယူနိုင်ပြီး လက်ကားမှာယူလိုပါက အမှတ် ၅၂၉၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု လူငယ်စာပေ ဒုတိယဆုရ ဧပရယ်ယုနိုင် (ရွှေတောင်) ရေးသားသည့် “မမဆိုသောသမီးကြီး” စာအုပ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးများမှ တစ်ဆင့်လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက်ရှိသည်။ စာပေဗိမာန် စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး စာပေဗိမာန်စာအုပ်အသင်း အမှတ်(၅၂၉-၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ တို့သို့ လိပ်မူ၍ဆက်သွယ်နိုင်ကြောင်း သိရသည်။