စာပေဗိမာန်စာမူဆုရ စာအုပ်များ ဖြန့်ချိရောင်းချ

 

နေပြည်တော် ဇန်နဝါရီ ၁၅


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က စာပေဗိမာန် စာမူဆု၊  ဝတ္ထုတိုပေါင်းချုပ်  ပထမဆုရရှိသည့် စာရေးဆရာမ နန္ဒာခင် (သက္ကလမြေ) ၏ “အဖေ့ခြံ နှင့် အခြားရသ ဝတ္ထုတိုများ” စာအုပ်၊ ကလေးစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကန့်ဘလူ ခင်မောင်ဆွေ၏ “စက္ကူကျားနှင့် ရွှံ့ရုပ်နွား ကလေးကဗျာ များ” စာအုပ်နှင့် ဝတ္ထုရှည် ဒုတိယဆုရရှိသည့် စာရေးဆရာမောင်အင်း (ဥက္ကံ) ၏ “သဲရေစစ်” စာအုပ်တို့ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

 


စာရေးဆရာမ နန္ဒာခင် (သက္ကလမြေ) ၏ “အဖေ့ခြံ နှင့် အခြားရသ ဝတ္ထုတိုများ” စာအုပ်၌ ပွဲ၊ မှား၊ ယူ၊ နှိုးစက်၊ ရောင်ပြန်၊ အလုပ်ဂုဏ်၊ အဖေ့ခြံ၊ သစ္စာပန်း၊ ရွှေနားဖူးလေးတစ်ရန်၊ နှလုံးသားကိုအလှဆင် စသည့် ဝတ္ထုတို ၁၀ ပုဒ် ပါဝင်၍ ဇာတ်ပွဲမကြည့်ဖူးသော  မိန်းမငယ် တစ်ဦးက ပွဲကြည့်ရဖို့အရေး ကြုံရာကျပန်းအလုပ်လုပ်၊ ငွေစု ကြိုးစား ခဲ့ရပြီး ပွဲခင်းထဲရောက်သည့်အခါ သူမျှော်လင့်မထားသော စိတ်ညစ် စရာ၊ စိတ်ကသိကအောက်ဖြစ်စရာများ   ကြုံရပုံကို  ရေးဖွဲ့ထားသော   ပွဲ၊ လောဘကြောင့် ကျူးလွန်ခဲ့သော မသမာမှုများသည် နောင်တစ်ချိန် တွင် ကျူးလွန်ခဲ့သူ၏အနာဂတ်မျိုးဆက်အတွက် ဆိုးကျိုးသက်ရောက် တတ်ပုံကို ရေးဖွဲ့ထားသော မှား၊ ပေးလှူခြင်းမှန်သမျှသည် သံသရာ အတွက် ရယူခြင်းဖြစ်ကြောင်း သတင်းစကားပါးထားသော ယူ၊ အိမ် တစ်အိမ်တွင်   အဘွားဖြစ်သူသည်   တစ်အိမ်လုံး၏   အရေးအပါဆုံး မိသားစုဝင်ဖြစ်ကြောင်း ဖော်ကျူးထားသည့် နှိုးစက် စသည့်ဝတ္ထုလေး များကို ရှင်းလင်းပြေပြစ်သော အဖွဲ့အနွဲ့များဖြင့် တန်ဆာဆင် ရေးဖွဲ့ ထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ၎င်းစာအုပ်ကို ရောင်းဈေး ငွေကျပ် ၂၀၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

 


စာရေးဆရာ ကန့်ဘလူခင်မောင်ဆွေ၏ “စက္ကူကျားနှင့် ရွှံ့ရုပ်နွား ကလေးကဗျာများ” စာအုပ်၌ ကဗျာအပုဒ်ပေါင်း ၇၆ ပုဒ် ပါဝင်၍ တိရစ္ဆာန်မူရာဖွဲ့၊ အရွယ်အစား၊ အနည်းအများ၊ အတိုအရှည် စသည့် ပုံပန်းသဏ္ဌာန် အတိုင်းအတာ ပမာဏဖွဲ့၊ စကားပုံဖွဲ့၊ သတ်ပုံဖွဲ့၊ မြို့ဖွဲ့၊ လူ့အမူအရာ သိမ်းသွင်းသောအဖွဲ့ စသည်ဖြင့် ကဗျာအဖွဲ့မျိုးစုံသည့် အပြင်  အကြောင်းအရာ ပါးပါးလျလျလေးများကို အပြလှလှ၊ အသံချိုချို၊ ကလေးအလိုက်တသိဖြင့်  မြင်လွယ်၊  ကြားလွယ်၊  ခံစားလွယ်သော စကားလုံးများဖြင့်     ဖွဲ့စည်းထားသောကြောင့်   မူကြိုအရွယ်မှ ပထမတန်းအရွယ်အထိ    ကလေးများအတွက်    ရွတ်ဆိုလွယ်၊  နားဝင်လွယ်၊ နားစွဲလွယ်သော  ကဗျာစာအုပ်ကောင်း  တစ်အုပ်ဖြစ်ပြီး   ၎င်းစာအုပ်ကို ရောင်းဈေး ငွေကျပ် ၃၀၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

 


စာရေးဆရာ    မောင်အင်း (ဥက္ကံ) ၏ “သဲရေစစ်” စာအုပ်၌ တောရွာ ဓလေ့ကို အခြေခံကာ ရေးဖွဲ့ထားသော   စာအုပ်ကောင်း တစ်အုပ်ဖြစ်၍   မြို့ကြီးသားများ နားမလည်နိုင်သည့်  တောဓလေ့ အငွေ့အသက်တို့ များစွာပါဝင်ပြီး တောရွာများမှ   ဗဟုသုတများကို “မျိုးကောင်းပင်သန်   ပျိုးမှန်သီး၊ သံကိုပုံသွင်း     နနွင်းဆေးဖြစ်၊ အသည်းနှင့် ချစ်ရဲသူ၊ သဲရေစစ်” စသည့် အခန်းပေါင်း ၁၅ ခန်းဖြင့် ရသမြောက်စွာ  ရေးဖွဲ့တင်ပြထား ပြီး ၎င်းစာအုပ်ကို ရောင်းဈေး ငွေကျပ် ၂၀၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

 


အဆိုပါ  စာအုပ်များကို  အမှတ်  ၅၂၉ - ၅၃၁  ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင်    (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊  ၈၆  လမ်း၊  ၂၁  လမ်းနှင့်  ၂၂ လမ်းကြား   မန္တလေးမြို့ရှိ  စာပေဗိမာန်စာအုပ်ဆိုင်   (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း နှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉၅၃၁ ကုန်သည်လမ်းရှိ  စာပေဗိမာန်  အရောင်းဌာန  (ဖုန်း ၀၁-၈၂၄၉၀၃၁၊   ၀၁-၈၃၈၁၄၄၈)    သို့  ဆက်သွယ်နိုင်ကြောင်း  သိရ သည်။ 


သတင်းစဉ်