စာပေ သို့မဟုတ် အနုပညာလက်ရာများ မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများ

 

စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့်အခွင့်အရေး ပိုင်ရှင်များ၏အခွင့်အရေးများကို ဥပဒေနှင့်အညီ  အကာအကွယ်ပေး နိုင်ရန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို အမိန့်ကြော်ငြာစာအမှတ် (၂၁၈/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  (၃၁)   ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပြီ ဖြစ်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ကို   အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်      စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို   မှတ်ပုံတင်ခြင်းဆိုင်ရာ   နည်းဥပဒေများကို  ၂၀၂၃  ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ်(၇၀/၂၀၂၃)ဖြင့် ထုတ်ပြန် ခဲ့ပါသည်။   မှတ်ပုံတင်လျှောက်ထားခြင်းအတွက်   လိုအပ်သော လျှောက်လွှာပုံစံများကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ  ၂ဝ ရက်နေ့တွင်    ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။   စာပေ သို့မဟုတ် အနုပညာလက်ရာ မှတ်ပုံတင်လျှောက်ထားခြင်း၊ ဆက်နွှယ် သည့်    အခွင့်အရေးဆိုင်ရာကိစ္စရပ်    မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ယင်းတို့နှင့်စပ်လျဉ်းသည့် လျှောက်ထားခြင်းများအတွက် လျှောက်လွှာ ပုံစံအမျိုးအစား  ၁၃  မျိုးကို   သတ်မှတ်ထုတ်ပြန်ထားပါသည်။ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းနှင့်သက်ဆိုင်သည့် လျှောက်ထားမှုအမျိုးမျိုးအတွက် ပေးသွင်းရမည့်အခကြေးငွေများကို သတ်မှတ်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။  လျှောက်လွှာ  တစ်စောင် ချင်းစီအတွက် သုံးစွဲသူလက်စွဲ (User Guideline) ကိုလည်း ထုတ်ပြန် သွားမည်ဖြစ်ပါသည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်     မှတ်ပုံတင်လျှောက်ထားလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန သို့  လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သည့်အပြင်  အီလက် ထရောနစ်စနစ်ကိုအသုံးပြုပြီး (Online Filing) နှင့်လည်း လျှောက်ထား နိုင်မည်ဖြစ်ပါသည်။ မှတ်ပုံတင်လျှောက်ထားရာတွင် မူပိုင်ခွင့်ပိုင်ရှင် ကိုယ်တိုင်လျှောက်ထားနိုင်သလို ကိုယ်စားလှယ်နှင့်လည်း လျှောက် ထားနိုင်ပါသည်။ နိုင်ငံခြားသားကလျှောက်ထားမည်ဆိုလျှင် မြန်မာ နိုင်ငံသားကိုယ်စားလှယ်ကို မဖြစ်မနေခန့်အပ်ပြီး လျှောက်ထားရမည် ဖြစ်ပါသည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်သည်  မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မှတ်ပုံမတင်ထားသည်ဖြစ်စေ   မူပိုင်ခွင့်ကိုရရှိမည်ဖြစ်သော်လည်း မူပိုင်ခွင့်မှတ်ပုံတင်ထားခြင်းဖြင့် မူပိုင်ခွင့်အငြင်းပွားမှုများ ဖြစ်ပွားသည့် အခါ မှတ်ပုံတင်လက်မှတ်ကို ခိုင်လုံသော သက်သေအထောက်အထား အဖြစ် တရားစွဲဆိုရာတွင် တင်ပြနိုင်မည်ဖြစ်ပါသည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲ