
နေပြည်တော် စက်တင်ဘာ ၂
စားနပ်ရိက္ခာဖူလုံရေး အတွက် နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အရှိန် အဟုန်မပျက် ဆောင်ရွက်နိုင်ရေး နှင့် တောင်သူများ၊ လုပ်ငန်းရှင်များ ၏ လိုအပ်သော နည်းပညာနှင့် အကူအညီများပေးနိုင်ရန် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သက်ဆိုင်ရာဒေသ အာဏာပိုင်များ၊ ဆက်စပ်ဌာန များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် တာဝန်ရှိသူများ နှင့်အတူ စက်တင်ဘာ ၁ ရက်တွင် စိုက်ပျိုးရေးသိပ္ပံ ကျောင်းတွင် တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေး ဒီပလိုမာ သင်တန်းများအတွက် သင်ကြားရေး အထောက်အကူပြု လုပ်ငန်းများ တည်ဆောက်မွမ်းမံ နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းများနှင့်အညီ ပြီးစီးရေး၊ ဆရာ ဆရာမများ အရည်အချင်း မြှင့်တင်ပေးနိုင်ရေး၊ သင်ကြားမှု သင်ယူမှု မထိခိုက်စေရေးနှင့် ကျန်းမာရေးဆိုင်ရာ အစီအမံများ ထည့်သွင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးဗဟိုဌာန (နေပြည် တော်) ၏ လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝေလင်းမောင် က ငါးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဘဏ္ဍာနှစ် အလိုက် တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ် သည်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က သဘာဝ ဘေးဒဏ်ခံ ဒေသများသို့ တိရစ္ဆာန် အစာနှင့် တိရစ္ဆာန်သုံး ဆေးဝါး ဖြန့်ဖြူး ပေးနေမှုများကိုလည်း ကောင်း၊ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်ဖြန့်ဖြူးခြင်း၊ မြစိမ်း ရောင် (အသားကဏ္ဍ) ကျေးရွာ ထူထောင်ခြင်းနှင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ခွာနာ လျှာနာရောဂါ ကာကွယ်ထိန်းချုပ် ဇုန် တည်ထောင်ခြင်း လုပ်ငန်း များ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က လိုအပ်သည်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်