
သစ်တောမောင်
စားနပ်ရိက္ခာဖူလုံရေး
စားနပ်ရိက္ခာဖူလုံရေးသည် မိသားစုတိုင်း အတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ဖြစ် သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝ ပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးအကြီးဆုံးလိုအပ်ချက်တစ်ရပ် ဖြစ်ပါ သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးသည် စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားနပ်ရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။
ယနေ့အချိန်အခါတွင် ကမ္ဘာနှင့်တစ်ဝန်း ရာသီ ဥတု ပြောင်းလဲခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ မြေဆီလွှာအာဟာရလျော့နည်းလာခြင်း၊ မြေအဆင့် အတန်းလျော့ကျခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ ရေခန်းခြောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်း လာခြင်း၊ ပိုးမွှားများ ကျရောက်ခြင်း၊ သဘာဝဘေး အန္တရာယ်များ ကျရောက်ခြင်း စသည့်ပတ်ဝန်းကျင် ဆိုင်ရာပြဿနာများ ဖြစ်ပေါ်လျက်ရှိပြီး စားနပ် ရိက္ခာထုတ်လုပ်မှု ပမာဏလျော့နည်း ကျဆင်းခြင်း၊ အရည်အသွေးများ ကျဆင်းခြင်း၊ စားနပ်ရိက္ခာ ရှားပါးခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ အကျိုးဆက် အားဖြင့် စားနပ်ရိက္ခာဈေးနှုန်း ကြီးမြင့်ခြင်းများ လည်း ဖြစ်ပေါ်လျက်ရှိသည်။
ယခုအခါတွင် ကမ္ဘာ့နိုင်ငံများ တွေ့ကြုံနေရ သည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ စိန်ခေါ် မှုများ၊ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန် သဘာဝကို အခြေခံသောဖြေရှင်းခြင်း နည်းလမ်းများ (Nature-based solutions) ကို အသုံးပြုရန် အလေးပေး ဆောင်ရွက်လာကြပါသည်။ ဥပမာအားဖြင့် စားနပ်ရိက္ခာဖူလုံရေးအတွက် သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် ရာသီဥတု သာယာမျှတ စေရန် ထိန်းညှိပေးနိုင်ပြီး မြေဆီဩဇာကြွယ်ဝစေ သည့် သစ်ပင်များ ရောနှောစိုက်ပျိုးခြင်း၊ ရေဝေ ရေလဲဒေသ သစ်တောများ ထိန်းသိမ်းခြင်း၊ မြေ အသုံးချမှု စနစ်ကျထိရောက်မှန်ကန်စွာ ဆောင်ရွက် ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်မည့် စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုခြင်း (Climate Smart Agriculture-CSA)၊ ကောင်းမွန်သော စိုက်ပျိုးနည်းနှင့် မွေးမြူရေးစနစ်များ အသုံးပြုခြင်း စသည့်နည်းလမ်းများသည် ရိက္ခာဖူလုံရေးအတွက် အလွန်အထောက်အကူပြုနိုင်သည့် သဘာဝအခြေခံ သော နည်းလမ်းများဖြစ်ပါသည်။ တစ်နည်းအားဖြင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agrofor-estry) နည်းစနစ်များကို အသုံးပြုခြင်းဖြင့် စားနပ် ရိက္ခာဖူလုံခြင်း၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ခြင်း၊ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ခြင်း စသည့်အကျိုးကျေးဇူး များ ရနိုင်မည်ဖြစ်ပါသည်။
စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့ရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့သည် ဆက်စပ်လျက်ရှိပါသည်။ မြန်မာ နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စိုက်ပျိုးရေး ထုတ်ကုန်များနှင့် သားငါးမွေးမြူရေး ထုတ်ကုန် ထုတ်လုပ်သူအများစုမှာ တစ်နိုင်တစ်ပိုင်စိုက်ပျိုး မွေးမြူသူများ၊ အသေးစားထုတ်လုပ်သူများ၊ အစု အဖွဲ့ဖြင့် ထုတ်လုပ်သူများ ဖြစ်ပါသည်။ စားနပ် ရိက္ခာထုတ်လုပ်နိုင်မှုပမာဏနှင့် အရည်အသွေးသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်မှုနှင့် ထုတ်လုပ်သူ များ၏ စွမ်းဆောင်ရည်အပေါ်တွင် များစွာမူတည်နေ ပါသည်။ စိုက်ပျိုးခြင်း၊ သားငါးမွေးမြူခြင်း၊ ငါးဖမ်း ခြင်းနှင့် ရေထွက်ပစ္စည်းများထုတ်လုပ်ခြင်း စသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသေးစား လုပ်ငန်းများ ၏ သဘောသဘာဝမှာ နေရာဒေသကို လိုက်၍သော် လည်းကောင်း၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေး မှုများ၊ တန်ဖိုးထားစံနှုန်းများနှင့် သော်လည်းကောင်း ဆက်စပ်နေပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် အကျိုးပြုလျက်ရှိပါသည်။
သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း
(Agroforestry)
သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းသည် မြေအသုံးချမှု နည်းစနစ်တစ်မျိုးဖြစ်၍ ၎င်းအသုံးချခံ မြေဧရိယာပေါ်မှ ရေရှည်အကျိုးအမြတ်အများဆုံး ရရှိရန်နှင့် သစ်တောထွက်ပစ္စည်း၊ စိုက်ပျိုးသီးနှံနှင့် မွေးမြူရေးထုတ်ကုန် သုံးမျိုးအနက် ထုတ်ကုန် တစ်မျိုးထက် ပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ လုပ်ကိုင်သော မြေယာအသုံးချမှု စနစ်တစ်ခုဖြစ် သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။
အခြေခံအားဖြင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းစနစ်တွင် သစ်တောသစ်ပင်များနှင့် ဆေးဖက်ဝင်ပင်များ၊ နွယ်ပင်များ အပါအဝင် ရာသီ သီးနှံအပင်များ၊ စားပင်သီးပင်များ၊ တိရစ္ဆာန်မွေးမြူ ရေးလုပ်ငန်းများကို ဒေသနှင့်ကိုက်ညီသော အဖိုး တန်သစ်တောသစ်ပင်များ၊ ကြီးမြန်ပင်များ စုစည်း ပူးပေါင်းစိုက်ပျိုးကာ မြေဧရိယာတစ်ခုတည်းမှ အထွက်နှုန်းကောင်းမွန်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ မြေအသုံးချ နည်းစနစ် အမှန်ကန်ဆုံး နှင့် မြေစွမ်းအားအပြည့်အဝ အသုံးချရေးအတွက် စုစည်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ သဘာဝအရင်း အမြစ်များကို ရေရှည်အပြည့်အဝ အသုံးချရေး အတွက် စီမံအုပ်ချုပ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဂေဟစနစ်ကိုတည်ငြိမ်စေပြီး ရာသီဥတုကို ထိန်းညှိ ပေးနိုင်သည့် သစ်တောသစ်ပင်များ နှင့်တွဲဖက်ပြီး စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ခြင်းဖြင့် ကျေးရွာ အဆင့်၊ ဒေသအဆင့် ရာသီဥတုမျှတပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူး များစေနိုင်ပါသည်။
သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းစနစ်တွင် သစ်တောသစ်ပင်များကို နှစ်ရှည် သို့မဟုတ် နှစ်ချင်း စားသုံး သီးနှံများနှင့် သော်လည်းကောင်း၊ တိရစ္ဆာန် အစားအစာဖြစ်သည့် အပင်များ၊ မြက်၊ ပဲမျိုးများ စသည်တို့နှင့်သော်လည်းကောင်း ရောနှော စိုက်ပျိုး လေ့ရှိပါသည်။ ငါး၊ ပုစွန်၊ ကဏန်းများနှင့် ဒီရေတော အပင်များ ရောနှောစိုက်ပျိုးမွေးမြူခြင်း၊ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ ကျွဲ၊ နွားများနှင့် သစ်တောသစ်ပင်များ ရောနှောစိုက်ပျိုး၊ မွေးမြူခြင်းတို့သည်လည်း သီးနှံ သစ်တော ရောနှောစိုက်ပျိုးခြင်းလုပ်ငန်းများ ဖြစ်ပါ သည်။
သီးနှံသစ်တောစိုက်ပျိုးနည်းစနစ် အမျိုးမျိုး ရှိပါသည်။ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း တွင် ပါဝင်သည့် အစိတ်အပိုင်းများ အပေါ်မူတည်၍ လည်းကောင်း၊ မတူကွဲပြားသောဒေသများနှင့် ဂေဟ စနစ်များ၊ မြေမျက်နှာသွင်ပြင်၊ ရာသီဥတု၊ မိရိုးဖလာ စိုက်ပျိုးမှုပုံစံများအပေါ်တွင် မူတည်၍ လည်း ကောင်း သီးနှံသစ်တောစိုက်ပျိုးနည်းစနစ် အမျိုးမျိုး ကွဲပြားပါသည်။ သီးနှံသစ်တောရောနှော စိုက်ပျိုး ခြင်းတွင် အခြေခံအားဖြင့် အောက်ဖော်ပြပါ မတူညီသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတို့ ပါဝင်သည်-
(က) ရာသီသီးနှံနှင့် သစ်တောသစ်ပင်များ ရောနှောစိုက်ပျိုးသောစနစ် (Agri-silviculture)၊
(ခ) သစ်တောသစ်ပင်များနှင့် ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက် စသည်တို့ ရောနှော စိုက်ပျိုး ဆောင်ရွက်သော စနစ် (Silvopastrol)၊
(ဂ) ရာသီသီးနှံနှင့် သစ်တောသစ်ပင်များ၊ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက် စသည့် တိရစ္ဆာန်များ ရောနှော စိုက်ပျိုး မွေးမြူ သော စနစ် (Agro-silvopastrol) နှင့်
(ဃ) သစ်တောသစ်ပင်များနှင့် ပျားတွဲဖက် မွေးမြူခြင်း၊ သစ်တောသစ်ပင်များ၊ ဒီရေတောအပင်များနှင့် ငါး၊ ပုစွန်၊ ကဏန်းတွဲဖက်မွေးမြူခြင်း အပါအဝင် ဘက်စုံစိုက်ပျိုးမွေးမြူစနစ် (Multi-purpose tree lots, apiculture with trees, aquaculture with trees etc.) တို့ ဖြစ်ပါသည်။
ထို့ပြင် ဒေသအလိုက် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနည်းစနစ်များ ကွဲပြားကြပြီး အပူပိုင်း ဒေသများတွင် အောက်ဖော်ပြပါ သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်းနည်းစနစ်များ၊ ပုံစံများကို လည်း တွေ့နိုင်ပါသည်-
v တောင်ယာစိုက်ပျိုးခြင်း၊
v အပင်အလွှာစုံပါသည့် အိမ်ခြံဥယျာဉ် (Home Garden) တည်ထောင်စိုက်ပျိုးခြင်း၊
v သစ်တောစိုက်ခင်းနှင့် ရာသီသီးနှံ ရောနှော စိုက်ပျိုးခြင်း၊
v ပုံစံမျိုးစုံဖြင့် သစ်တောသစ်ပင်၊ ရာသီသီးနှံ၊ နှစ်ရှည်-နှစ်လတ်စားသီးနှံများ ရောနှော စိုက်ပျိုးခြင်း၊
v လေကာတန်းများနှင့် အရိပ်ပင်တန်း စိုက်ပျိုးခြင်း၊
v အဓိက သီးနှံ/ နှစ်ရှည်-နှစ်လတ်စားသီးနှံ များကို အခြေပြုပြီး သစ်တောသစ်ပင်များ နှင့် ရောနှောစိုက်ပျိုးခြင်း၊
v ဥယျာဉ်သီးနှံစိုက်ခင်းများကြား လိုင်း အလိုက် စိုက်ပျိုးခြင်း၊
v မြစ်များ၊ စမ်းချောင်းများတစ်လျှောက် စိုက်ပျိုးခြင်း၊
v လယ်၊ ယာများ၏ ဘေးပတ်လည်တွင် သစ်တောသစ်ပင်များ စိုက်ပျိုးခြင်း၊
ဥပမာအားဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသော တောင်ယာစနစ်ဖြင့် ကျွန်းစိုက်ခင်းများ ထူထောင်ခြင်း၊ ဥယျာဉ်ခြံစိုက်ပျိုးလုပ်ကိုင်ခြင်း၊ သစ်တောမြေများအတွင်း စားကျက်ချထားခြင်း၊ သီးနှံတစ်ကန့်၊ သစ်တောတစ်ကန့် စိုက်ပျိုးခြင်း၊ လေကာပင်တန်း စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံများတွင် ခြံစည်းရိုးပင်များ စိုက်ပျိုးခြင်း၊ တောတောင် စိုက်ခင်းများကို အမှီပြု၍ ပျားမွေးမြူခြင်း၊ ဒီရေတော ဒေသများကို အမှီပြု၍ ငါး၊ ပုစွန်မွေးမြူခြင်း စသော စိုက်ပျိုးမွေးမြူမှု လုပ်ငန်းများသည် သီးနှံသစ်တော စိုက်ပျိုးမှုစနစ်၏ အနီးစပ်ဆုံးသော ဥပမာများ ဖြစ်ပါသည်။
သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း
အကျိုးကျေးဇူးများ
သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်-
(က) မြေဧရိယာကို ထိရောက်စွာ အပြည့်အဝ အသုံးပြုနိုင်ခြင်း၊
(ခ) မြေတစ်ယူနစ်ဧရိယာမှ ကုန်ထုတ်လုပ်မှု ပမာဏတိုးတက်လာစေခြင်း၊
(ဂ) မြေဆီဩဇာ ပိုမိုကောင်းမွန်လာစေခြင်း၊
(ဃ) မြေတိုက်စားမှုကို လျော့နည်းစေပြီး မြေဆီလွှာထိန်းသိမ်းခြင်း ပိုမိုကောင်းမွန် လာစေခြင်း၊
(င) ကျေးရွာ၊ ဒေသအဆင့် ရာသီဥတုမျှတစေ ရန် ထိန်းညှိပေးခြင်း၊
(စ) သီးနှံလုံးဝပျက်စီးယိုယွင်းမှု ကဲ့သို့သော အန္တရာယ်လျော့နည်းစေခြင်း၊
(ဆ) ဇီဝဒြပ်ထုလောင်စာစွမ်းအင် ရရှိစေခြင်း၊
(ဇ) လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် လယ်ယာဝင်ငွေတို့ကို ပို၍တိုးပွားလာ အောင် တိုးချဲ့ဆောင်ရွက်လာနိုင်ခြင်း၊
(ဈ) သီးနှံစုံစိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက်ဆောင်ရွက်သဖြင့် အာဟာရပြည့် အစားအစာများ လုံလောက်စွာရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါ သည်။
သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနည်းစနစ်ကို
ပေါင်းစပ်ဆောင်ရွက်သင့်သော လုပ်ငန်းများ
ရေ၊ မြေ၊ ရာသီဥတု၊ မြေမျက်နှာသွင်ပြင်၊ ထုတ်ကုန်ဈေးကွက်တို့ကို ထည့်သွင်းစဉ်းစားပြီး အောက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းလုပ်ငန်းကို ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါသည်-
(က) သစ်တောစိုက်ခင်းများ ပြန်လည်တည် ထောင်ခြင်း၊
(ခ) ရွှေ့ပြောင်းတောင်ယာမှ အမြဲတမ်း အခြေတကျ စိုက်ပျိုးလုပ်ကိုင်ခြင်း စနစ်ပြောင်းလဲခြင်း၊
(ဂ) ရေဝေရေလဲထိန်းသိမ်းခြင်း၊ မြေဆီလွှာ ထိန်းသိမ်းခြင်းနှင့် လူမှုစီးပွားရေး၊ သစ်တောလုပ်ငန်းများ ဆောင်ရွက်ရာ တွင် နည်းလမ်းတစ်ခုအဖြစ် ဆောင်ရွက် နိုင်ခြင်း၊
(ဃ) မတ်စောက်သော တောင်တန်းများတွင် ရေမြေထိန်းသိမ်းမှု လုပ်ငန်းများအဖြစ် ကျင့်သုံးဆောင်ရွက်ခြင်း၊
(င) သစ်ထွက်ပစ္စည်းနှင့် သစ်ထွက်မဟုတ် သော အခြားပစ္စည်းများ၊ လယ်ယာ ထွက်ကုန်ပစ္စည်းများ၊ မွေးမြူရေး လုပ်ငန်းများ ပိုမို ထုတ်လုပ်ရေးအတွက် ဆောင်ရွက်ခြင်း၊
(စ) မြေအကန့်အသတ်ရှိသော အခြေအနေ တွင် ထုတ်ကုန်တစ်မျိုးထက် ပိုမိုသော ထုတ်လုပ်နိုင်ရေးနှင့် မြေအသုံးချမှု မှန်ကန်စေရေး ဆောင်ရွက်ခြင်း၊
(ဆ) ဘက်စုံပါဝင်သော စိုက်ပျိုးရေး၊ မွေးမြူ ရေးနည်းစနစ်အဖြစ် အကောင်အထည် ဖော်ခြင်း၊
(ဇ) အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဈ) ကမ်းရိုးတန်းဒေသများတွင် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများကို ဒီရေတော အပင်များ ထည့်သွင်းစိုက်ပျိုး မွေးမြူခြင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောလုပ်ငန်းများ
ပေါင်းစပ်ဆောင်ရွက်ခြင်း
သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ် များသည် မိသားစုအလိုက် တစ်နိုင်တစ်ပိုင် ဆောင်ရွက်သော မိရိုးဖလာလုပ်ငန်းများဖြစ်သကဲ့သို့ အစုအဖွဲ့ဖြင့် ဆောင်ရွက်နိုင်သော လုပ်ငန်း လည်း ဖြစ်ပါသည်။ မိမိ၏ ရည်ရွယ်ချက်၊ ရည်မှန်း ချက်များနှင့်အညီ စီးပွားဖြစ်ဆောင်ရွက်နိုင်သော လုပ်ငန်းများ ဖြစ်ပါသည်။ နေရာဒေသ၊ ရာသီဥတု၊ ဈေးကွက်နှင့် ဒေသခံပြည်သူများ၏ စိတ်ဝင်စားမှု အပေါ်အခြေခံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောလုပ်ငန်းများကို စနစ်တကျ ပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါသည်။
သစ်တောဦးစီးဌာနအနေဖြင့် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများကို အထောက်အကူပြု နိုင်ရန်၊ ကျေးလက်ဒေသနေ ပြည်သူများအတွက် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းနိုင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးစေရန်အတွက် ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်းများ (Community Forestry) ကို ၁၉၉၅ ခုနှစ်တွင် စတင်ခွင့်ပြုခဲ့ပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆိုင်ရာ ညွှန်ကြားချက်များကို ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါသည်။ ဒေသခံပြည်သူများ သစ်တော ထွက်ပစ္စည်းများကို မိမိသုံးစွဲရုံသာမက စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် ၂၀၁၉ ခုနှစ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆိုင်ရာ ညွှန်ကြားချက်များ (Community Forestry Instructions) ကို ပြန်လည်ပြင်ဆင်ထုတ်ဝေခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ကို စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးလျက် ရှိပါသည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တွင် ပါဝင်ဆောင်ရွက်သော ဒေသခံပြည်သူများ သည် ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုထားသည့် သစ်တောမြေများတွင် စီမံချက်များရေးဆွဲပြီး သီးနှံ သစ်တောရောနှောစိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများမှ သစ်တောထွက်ပစ္စည်းများ သာမက စားနပ်ရိက္ခာဖူလုံရေးအတွက် သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင် ရေးအတွက် သစ်တောဦးစီးဌာနအနေဖြင့် အားပေး ကူညီဆောင်ရွက်လျက်ရှိပါသည်။
ယနေ့အချိန်အထိ နိုင်ငံနှင့်တစ်ဝန်း ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော ၉၈၃၄၉၆ ဧက တည်ထောင်နိုင်ခဲ့ပြီး အစုအဖွဲ့ပေါင်း ၇၀၇၈ က လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများတွင် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း ၅၆၉၆၇၃ ဧကနှင့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း တွင် ၈၇၆၁ ဧက၊ သီးနှံသစ်တောရောနှောစိုက်ခင်း စုစုပေါင်း ၅၇၈၄၃၄ ကို တည်ထောင်ခဲ့ပြီးဖြစ်သည်။ သစ်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်လုပ်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်ပြည်သူများ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်သော သီးနှံသစ်တောရောနှောစိုက်ခင်း များကို တည်ထောင်စိုက်ပျိုးခဲ့ခြင်း ဖြစ်ပါသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်ဆောင်ရွက် သော ကျေးလက်ပြည်သူများအနေဖြင့် မိမိကိုယ်ပိုင် လယ်၊ ယာများတွင်ဖြစ်စေ၊ မိမိနေအိမ်ခြံဝင်းများ တွင်ဖြစ်စေ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ မွေးမြူ ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် သစ်တော သစ်ပင်များ၊ စားပင်သီးပင်များကို ထည့်သွင်း ပေါင်းစပ်စိုက်ပျိုးခြင်းဖြင့် မိမိရပ်ရွာဒေသတွင် ရာသီဥတုကောင်းမွန်မျှတပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းနိုင် ပါသည်။ စားနပ်ရိက္ခာဖူလုံပြီး လူမှုစီးပွားဖွံ့ဖြိုးနိုင် မည်ဖြစ်ပါသည်။
အလားတူ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းဆောင်ရွက်သော အစုအဖွဲ့များ၊ တစ်နိုင် တစ်ပိုင် သစ်တောစိုက်ခင်း တည်ထောင်သူများ အနေဖြင့်လည်း မိမိတို့၏ သစ်တောထိန်းသိမ်းရေး၊ သစ်တောစိုက်ခင်းလုပ်ငန်းများတွင် ဒေသအလိုက် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း အပါအဝင် ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့် သီးနှံများ ထည့်သွင်းစိုက်ပျိုး ခြင်း၊ နှစ်ရှည်သီးပင်စားပင်များ ထည့်သွင်းစိုက်ပျိုး ခြင်း၊ ဒေသနှင့် ကိုက်ညီသောမွေးမြူရေးလုပ်ငန်း များ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် သစ်တောထွက် ပစ္စည်းများ ရရှိရုံသာမက စားနပ်ရိက္ခာများ ဖူလုံပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သီးနှံ သစ်တောရောနှောစိုက်ပျိုးခြင်းဖြင့် ရာသီဥတုမျှတ ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပိုမိုအောင်မြင် ဖြစ်ထွန်းကာ စားနပ်ရိက္ခာဖူလုံရေးကို အထောက် အကူပြုနိုင်မည် ဖြစ်ပါသည်။ ။
- Log in to post comments