
မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသမိုင်းမှတ်တမ်း
(၁၈၈၆ -၂၀၂၂)
ဦးစိုင်းကျော်သူ ရေးသားသော “မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ သမိုင်းမှတ်တမ်း(၁၈၈၆-၂၀၂၂ )” စာအုပ်ထွက်ရှိလာသည်။ စာအုပ် တွင် မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ် လွတ်လပ်ရေးဆုံးရှုံးပြီး နောက် ပထမဆုံး ရွေးကောက်ပွဲ စတင် ကျင်းပခဲ့သည့် ၁၉၂၂ ခုနှစ် မှစ၍ ၂၀၂၀ ပြည့်နှစ်အထိ ကျင်းပ ခဲ့သော အထွေထွေရွေးကောက်ပွဲ ၁၇ ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်ကြိမ်၊ ပြဋ္ဌာန်းခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေ သုံးမျိုးတို့နှင့် ယနေ့ မျက်မှောက်အချိန် ရွေးကောက်ပွဲအလွန်ကာလ ၂၀၂၂ ခုနှစ်အထိ ဖြစ်စဉ်ဖြစ်ရပ်များကို ရေးသားထားသည်။ ထို့ပြင် နိုင်ငံရေးပါတီ များ တည်ထောင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပူးပေါင်းဖွဲ့စည်းခြင်းများ နှင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ၊ ရွေးကောက်ပွဲများတွင် ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံရေး ပါတီများ၊ အမတ်များ/လွှတ်တော်ကိုယ်စားလှယ်များ၊ ရွေးကောက် ပွဲများတွင်တင်သွင်းလာသော ကန့်ကွက်လွှာအမှုများနှင့် အနိုင်အရှုံး ရလဒ်များ၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းခဲ့သော ဥပဒေ၊ နည်းဥပဒေများကို အခန်း ၈ ခန်းခွဲ၍ ရေးသားထားပါသည်။ ၁၈၈၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်ပေါင်း ၁၃၆ နှစ်အတွင်း မြန်မာနိုင်ငံ၏ရွေးကောက်ပွဲများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်၊ ဖြစ်ရပ်များ၊ အကြောင်း အရာစုံလင်စွာ ဖော်ပြထားသောစာအုပ်ဖြစ်၍ နိုင်ငံသားတိုင်း ဖတ်ရှုလေ့လာသင့်သော စာအုပ်ဖြစ်သည်။
စာအုပ်သည် စာမျက်နှာ ၅၀၅ မျက်နှာ၊ ခန့်ချုပ် (ကတ်ထူ) အဖုံး၊ ၁၉ x ၂၆.၂၅ စင်တီမီတာရှိပြီး တန်ဖိုးငွေကျပ် ၂၀၀၀၀ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရွေးကောက်ပွဲခုံရုံးဌာန၊ နေပြည်တော်၊ ဖုန်း ၀၆၇-၄၀၄၄၁၀၊ ၀၆၇-၄၀၄၄၀၈၊ ၀၉-၅၁၉၀၅၄၅ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။
စုန်ရေဆန်ရေ စီးပါလို့နှင့် အင်္ဂလန်ခရီးသွား ရသစာစုများ
စုန်ရေဆန်ရေ စီးပါလို့နှင့် အင်္ဂလန် ခရီးသွား ရသစာစုများ စာအုပ်သည် စာရေးသူ လေယာဉ်မှူးကြီး သိန်းဇော် ရေးသားသည့် ဆဋ္ဌမ မြောက်စာအုပ်ဖြစ်ပြီး အင်္ဂလန်သို့ သွားရောက်လည်ပတ်ခွင့်ရသည့် အခိုက် ခရီးသွားအတွေ့အကြုံ များကို စုစည်းရေးသားထားသည့် စာအုပ်ဖြစ်သည်။
အင်္ဂလန်တွင် ရောက်ရှိနေ ခိုက် အင်္ဂလန်ခရီးစဉ်များအပြင် စကော့တလန်နိုင်ငံခရီးစဉ်များ၊ လန်ဒန်နှင့် ကင်းဘရစ်မြို့ခရီးစဉ်များ နှင့် ရောက်ရန်ခဲယဉ်းသောနေရာများသို့ ရောက်ရှိခဲ့သဖြင့် စာအုပ် တစ်အုပ်အဖြစ် ထုတ်ဝေနိုင်အောင် ရေးသားစရာအကြောင်းအရာများ ရရှိခဲ့ကြောင်း၊ ခရီးသွားမှတ်တမ်းပုံစံ ရေးသားခြင်းထက် ခရီးသွား ရသဆောင်းပါးများအဖြစ် ဖန်တီးထားကြောင်း အမှာစာတွင် ဖော်ပြ ထားသည်။
စာအုပ်တွင် အင်္ဂလန်သို့အသွား၊ ပျော်ရွှင်ဖွယ်ရာအိမ်ဖြစ်ပါစေ (Home Sweet Home)၊ မေတ္တာရောင်ပြန်ခရီးစဉ် (၁)(၂)၊ စုန်ရေ ဆန်ရေစီးပါလို့၊ သူနှင့်ကျွန်တော်၊ လေယာဉ်မောင်းလိုင်စင်ကို ဘယ်လို သက်တမ်းတိုးသလဲ စသည်တို့ အပါအဝင် လက်ရွေးစင် ခရီးသွားရသ ဆောင်းပါး ၁၃ ပုဒ် ပါဝင်ပြီး အင်္ဂလန်နှင့် စကော့တလန်နိုင်ငံတို့ရှိ ရောက်ရန်ခဲယဉ်းသော သဘာဝအလှအပနေရာများ၊ ရှေးဟောင်း ရဲတိုက်ကြီးများ၊ ရှေးဟောင်းဘုရားကျောင်းကြီးများ၏ ဓာတ်ပုံများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ စာအုပ်ကို ဂျူတီစာပေက ပထမအကြိမ် ထုတ်ဝေခြင်းဖြစ်ပြီး တန်ဖိုး ကျပ် ၅၀၀၀ ဖြစ်သည်။
တစ်သက်တာ သင်္ချာဗေဒင်
လူ့သမိုင်းဇာတ်ခုံသို့ တင်သွင်း သော … ကံကြမ္မာအစီရင်ခံစာ... “တစ်သက်တာ သင်္ချာဗေဒင်’’ စာအုပ်ကို သင်္ချာဘာသာကို နှစ်ပေါင်း ၅၀ နီးပါး ယနေ့တိုင် တစိုက်မတ်မတ် သင်ကြားနေသူ ဆရာဦးမောင်မောင်တီ ရေးသား ထားခြင်း ဖြစ်သည်။
ကိန်းဂဏန်းများသည် လူ့ ဘဝသက်တမ်း ဖြစ်စဉ်နှင့် နှီးနွှယ်ဆက်စပ်နေပြီး ကံကြမ္မာကို ထူးဆန်းအံ့ဩဖွယ်ရာ လွှမ်းမိုး ကြီးစိုးနေသည်ဖြစ်ရာ ‘‘မည်သူမဆို… ကံကြမ္မာဂဏန်းရှာတတ်လျှင် … လက်ရှိရောက်ရှိနေသော အသက်အပိုင်းအခြားသည် ပန်းခင်းတဲ့ လမ်းပေါ်မှာလျှောက်လှမ်း နေရသလား … ခရမ်းတောရဲ့ ဆူးခင်းလမ်းကို ဖြတ်သန်းနေရသလား … ကောင်းဆိုးနှစ်သွယ်ကို သက်ရောက်ပြဇယားမှာ (3)နှင့် (6) အမှတ်အသားသင်္ကေတကို ရှာဖွေကြည့်ရှုခြင်းဖြင့် ယေဘုယျသဘော ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်’’ဟု စာရေးသူက ဆိုထားပါသည်။
ဗေဒင်ပညာရပ်မှာ ထင်ရှားကျော်ကြားသော ဆရာဒဂုန်၏သမီး ‘‘ဒေါက်တာ ဒဂုန်ခင်သဇင်’’ က စကားလက်ဆောင် အမှာစာ ရေးသားရာတွင် ‘‘ဆရာ့စာအုပ်ထဲမှာ နိုင်ငံခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို သုတေသနပြုလုပ်ထားပါတယ်။ သူက ၁ ဂဏန်းသမားဖြစ်လို့၊ သူက ၉ ဂဏန်းသမားဖြစ်လို့ စသည်ဖြင့် တိကျသောမွေးသက္ကရာဇ်တွေနဲ့ တွက်ပြထားတော့မအံ့ဩဘဲ မနေနိုင်ပါဘူး’’ဟု ရေးသားဖော်ပြ ထားသည်။
ယင်း တစ်သက်တာ သင်္ချာဗေဒင်စာအုပ်ကို ဦးစန်းဦး (စိတ်ကူးချိုချို) မှ ပုံနှိပ်ပြီး ‘ဂျူတီ’ စာပေက ၂၀၂၂ ခုနှစ် ဇွန်လပထမအကြိမ်ထုတ်ဝေ ကာ ဆရာဦးမောင်မောင်တီ (သင်္ချာ) ဖုန်း ၀၉၅၁၈၆၆၃၇ က ဖြန့်ချိပြီး တန်ဖိုးငွေကျပ် ၂၀၀၀ သတ်မှတ်ထားသည်။
ဖားမင်းသားလေးနှင့် အခြားပုံပြင်များ
ဖားမင်းသားလေးနှင့် အခြား ပုံပြင်များစာအုပ်သည် အင်္ဂလန်၊ ဂျပန်၊ ဂျာမနီ၊ နော်ဝေ၊ ဇမ်ဘီ ယားနှင့် ချက်ကိုဆလိုဗက်ကီးယားနိုင်ငံတို့မှ ကောင်းနိုးရာရာ ပုံပြင်များကို မြန်မာမှုပြုကာ နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ် သားငယ် သမီးငယ်များအတွက် စာပေဗဟုသုတနှင့် ယဉ်ကျေး မှုတိုးပွားစေရန် ပုံပြောသည့်ပုံစံ စကားပြောဟန်ဖြင့် ဖန်တီးထား သည့် စာအုပ်ဖြစ်ကြောင်း စာရေးသူ မောင်မောင်ညွန့်လှိုင်၏ အမှာစာတွင် ဖော်ပြထားသည်။
စာအုပ်တွင် မပိုလေးနဲ့ ဘီလူးကြီး၊ ဝက်သားငယ်ကလေးသုံးကောင်၊ ဖားမင်းသားလေး၊ ဖိနပ်ချုပ်သမားနဲ့ မှင်စာလေးနှစ်ကောင်၊ ပုလဲ မင်းသမီးကလေး၊ ယုန်ကလေးရဲ့ဦးချို စသည့် နိုင်ငံတကာ ပုံပြင်ပေါင်း ၁၀ ပုဒ်ကို မြန်မာမှုပြုကာ ရေးသားထားပြီး ကလေးငယ်များ စာပေ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းသာမက စာပေဖန်တီးမှုရသများ ကိုပါ ရရှိခံစားနိုင်စေရန် ကြိုးပမ်းထားကြောင်းလည်း စာရေးသူက ဖော်ပြထားသည်။ စာအုပ်ကို ဆုပြည့်စုံထွန်းစာပေက ပထမဆုံးအကြိမ် ထုတ်ဝေခြင်းဖြစ်ပြီး တန်ဖိုး ကျပ် ၃၀၀၀ ဖြစ်သည်။