စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ရန်ကုန်အထိုင်ဈေးတစ်ပိဿာလျှင် ၅၆၈၅ ကျပ်

 

နေပြည်တော်    မေ   ၁၅


စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း     ကြီးကြပ်ရေး ကော်မတီအနေဖြင့်  စားအုန်းဆီ  ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ   ပြည်တွင်း၌   ဖြစ်သင့်ဖြစ်ထိုက်သည့်  ဈေးနှုန်းများဖြစ်ပေါ်စေရေး  ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး   စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့်  မလေးရှား နိုင်ငံနှင့်  အင်ဒိုနီးရှားနိုင်ငံတို့တွင်  ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊  အခွန်အခများ ထည့်သွင်းတွက်ချက်၍  ပြည်တွင်းဈေးကွက်၌  ရောင်းဝယ်ဖောက် ကားရမည့်   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

 


ယခုအပတ်အတွင်း   ကမ္ဘာ့စားအုန်းဆီ  ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်းများ အနည်းငယ် ကျဆင်းလာပြီး  တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ်အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခုနှစ် မေ ၁၆ ရက်မှ မေ ၂၂ ရက်အထိ ရန်ကုန်အထိုင်ဈေး  အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၅၆၈၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 


ထို့အပြင်  ပြည်တွင်းဈေးကွက်အတွင်း   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊  ဈေးကစားရန်   ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပေးထုတ်ပြန်ထားသည်။

 


အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website:www.doca.gov.mm နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                                                                                

သတင်းစဉ်