စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၅၈၁၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

နေပြည်တော်    ဇွန်   ၁၉


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန           စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း  လုပ်ငန်းကြီးကြပ်ရေး   ကော်မတီ အနေဖြင့်     စားအုန်းဆီကမ္ဘာ့ဈေးနှုန်း     ဖြစ်ပေါ်ပြောင်းလဲမှုနှင့် အညီ   ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ   ဖြစ်ပေါ် စေရေး  ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး  စားအုန်းဆီ အဓိက         ထုတ်လုပ်တင်ပို့သည့်   မလေးရှားနိုင်ငံနှင့်     အင်ဒိုနီးရှားနိုင်ငံတို့ တွင် ဖြစ်ပေါ်နေသည့် FOB    ဈေးနှုန်းများကို     နေ့စဉ် စောင့်ကြည့် ကာ  သယ်ယူပို့ဆောင်ခ  ကုန်ကျစရိတ်များ၊    ဘဏ်စရိတ်များ၊    အခွန်အခများ    ထည့်သွင်းတွက်ချက်၍  ပြည်တွင်းဈေးကွက်၌    ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား    ရည်ညွှန်းဈေးနှုန်း ကို  ထုတ်ပြန်ပေးလျက်ရှိသည်။

 


ယခုအပတ်အတွင်း   ကမ္ဘာ့ စားအုန်းဆီ  ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင်  ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ    ဇွန် ၂၀ ရက် မှ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်   ၅၈၁၅  ကျပ်ဖြစ်ကြောင်း  ထုတ်ပြန်ကြေညာထားသည်။

 


ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း  ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်း၊   ဈေးကစားရန်  ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်းနှင့် မသမာ သည့်    လုပ်ဆောင်မှုများ  ပြုလုပ်ပါက   အရေးကြီးကုန်စည်နှင့်           ဝန်ဆောင်မှုဥပဒေအရ  အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း          အသိပေးထုတ်ပြန်ထားသည်။

 


အဆိုပါ   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို   စားသုံး သူရေးရာဦးစီးဌာန၏   Website: www.doca.gov.mm၊ Facebook Page  နှင့်   မြန်မာနိုင်ငံ   ဆီကုန်သည် နှင့်   ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင်  ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


သတင်းစဉ်