
ဆရာကြည်
=====
ဤ “ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း” စာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သော ဗုဒ္ဓအကြောင်း မှတ်တမ်းတင်ခြင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ အစမှအဆုံးအထိ ဖတ်ကြည့်သောအခါ ဗုဒ္ဓဝင် ဖြစ်ပါသည်။ ဤစာအုပ်သည် မြတ်ဗုဒ္ဓ၏ သန္ဓေယူသည်မှ ပရိနိဗ္ဗာန်စံသည်အထိ (တေဇောဓာတ် လောင်ကျွမ်းခြင်း) စုဆောင်းဖော်ပြရေးသားထားပါသည်။ မကျဉ်းမကျယ်သော ဗုဒ္ဓအကြောင်း ဖြစ်ပါသည်။ စာရေးသူက တိုတိုနှင့်လိုရင်းသို့ရောက်အောင် ရေးပြထားပါသည်။
(၁၆-၁-၂၀၂၂) ရက်နေ့မှအဆက်
နန္ဒမင်းသားအား ရဟန်းပြုစေခြင်း
ဘုရားရှင်သည် ထီးနန်းစည်းစိမ်ကို စွန့်လွှတ် ၍ တောထွက်ကာဘုရားအဖြစ် ကျင့်သောကြောင့် သုဒ္ဓေါဒနမင်းကြီးသည် သူ့အရိုက်အရာ ဆက်ခံရန် အတွက် သားတော်မင်းနန်(နန္ဒ)ကို ကြံရွယ်ထား သည်။ နန္ဒမင်းသည် မင်း၏ ဒုတိယမိဖုရား မိထွေး တော်ဂေါတမီက မွေးဖွားသောသားဖြစ်သည်။ ဘုရား နှင့် ဖခင်တူအမေကွဲညီဖြစ်သည်။ ဘုရားရှင်ကို မွေးဖွားပြီးရက်အနည်းငယ်အကြာမှာ မွေးဖွား သော သားဖြစ်ပါသည်။ သူသည်နှမတော် ဇနပဒကလျာဏီနှင့် စုံမက်သည်။ သူတို့ကလည်း မောင်နှမများဖြစ်သည်။
ထိုသို့မင်းကြီးသည် ကြံရွယ်ထားသည့်အတိုင်း ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ရောက်ပြီး သုံးရက်မြောက်တွင် စီစဉ်သည်။ ညီတော်မင်းနန္ဒ အား (၁) အိမ်တက်မင်္ဂလာ၊ (၂) ဥသျှောင်ထုံးမင်္ဂလာ၊ (၃) သင်းကျစ်ဆောင်းမင်္ဂလာ၊ (၄) ထိမ်းမြားမင်္ဂလာ၊ (၅) အိမ်ရှေ့ထီးဆောင်းမင်္ဂလာများကို သမီးတော် ဇနပဒကလျာဏီနှင့် အိမ်ရှေ့မင်းအပ်နှင်းရန် ကျင်းပနေလေသည်။
ယင်းသို့ ကျင်းပနေချိန်တွင် ဘုရားရှင်သည် နန်းတော်သို့ ဆွမ်းခံကြွတော်မူသည်။ မင်္ဂလာ မဏ္ဍပ်၌လည်း ထူးမြတ်သော မင်္ဂလာတရားများ ဟောကြားသည်။ ထို့နောက် ညီတော်မင်းနန်အား ဘုရားရှင်သည် သူ့သပိတ်လှမ်းပေးလိုက်သည်။ ညီတော်မင်းနန်သည် ဘုရားရှင်အား အစ်ကိုတော် လည်းဖြစ်၊ ကြောက်ချစ်ရိုသေရသောကြောင့် သပိတ်ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွှဲပေး အပ်ခြင်းမပြုဝံ့ချေ။ ထိုသပိတ်ကိုထမ်းလျက် ဘုရားရှင်၏နောက်မှ လိုက်သွားရလေသည်။ ယင်း သပိတ်ကို ဘုရားရှင်သည် စောင်းတန်းရင်းရောက် လျှင် ပြန်ယူမည်ဟုထင်၍ နောက်မှတစ်ပါတည်း လိုက်လာခဲ့ရသည်။ စောင်းတန်းရင်းရောက် လည်း သပိတ်ကိုပြန်မယူပါ။ နန်းရင်ပြင်ရောက် လျှင် ယူလိမ့်မည်အထင်နှင့် လိုက်သွားရသည်။ နန်းရင်ပြင်ရောက်လည်း ဘုရားရှင်က သပိတ်တော် ကို ပြန်မယူဘဲရှိနေသည်။ နန္ဒမင်းသားသည် ဘုရားသတိမေ့နေသည်ထင်၍ ဘုရားရှင်ရှေ့သို့ ထွက်ကာ ကျော်တက်ပြီး ရဟန်းတော်များအား စကားပြောလျက် ဤနေရာသို့ ရောက်လျှင်ရယူ လတ္တံ့အထင် လိုက်သွားလေသည်။
ယင်းအကြောင်းသတင်းများကို နန်းတွင်းသူ များထံမှကြားသိသော ဇနပဒကလျာဏီသည် သူ၏မောင်တော်မင်းနန် ကြည့်သော် သူစိတ်မချမ်း သာဖြစ်ရသည်။ စိတ်သောကရောက်ရသည်။ ထို့ကြောင့် သူသည် မင်းနန်အား “မောင်တော် မြန်မြန်ပြန်လာပါ”ဟု ပြောကြားလေသည်။ ထိုစကား ကို မင်းနန်ကြားသောသူ့အသံကြားတွင် သပ်လျှို လိုက်သလိုခံစားပြီးနေရလေသည်။ ဘုရားရှင်က လည်း နန္ဒမင်းသားထံမှ သပိတ်ကိုမယူဘဲ ကျောင်းတော်သို့ ကြွသွားလေသည်။
ကျောင်းသို့ရောက်သောအခါ မင်းနန်အား ရဟန်းပြုနိုင်မည်လားဟု ဘုရားရှင်က မေးလေသည်။ ညီတော်မင်းနန်သည် ဘုရားအားကြောက်သည်၊ ချစ်သည်၊ ရိုသေသည်ဖြစ်၍ ပြန်မပြောလိုဘဲ သူ့ဆန္ဒ မပါဘဲလျက် ရဟန်းပြုမည်ဖြစ်ကြောင်း ပြန်လျှောက် ရလေသည်။ ဘုရားရှင်က သူ့လက်ယာရံ အရှင်သာရိ ပုတ္တရာအားခေါ်၍ ညီတော်မင်းနန်အား ရဟန်းပြုစေ သည်။ နန္ဒမင်းသည် သူ၏အချစ်ညီမ ဇနပဒကလျာဏီ ကို စားလည်း ဒီစိတ်၊ ထိုင်လည်း ဒီစိတ်တို့ဖြင့် နှမတော်ကို လွမ်း၍နေပေသည်။ သူ၏နားထဲတွင် ညီမတော်မှာလိုက်သည့်စကားကို ကြားနေ၍ စားမဝင်အိပ်မပျော် ဖြစ်နေသည်။
သားတော်ရာဟုလာအား
လောကုတ္တရာအမွေ ရှင်ပြုပေးခြင်း
နောက် ခုနစ်ရက်မြောက်သောနေ့တွင် ဘုရားရှင် သည် ရဟန္တာအပေါင်းနှစ်သောင်းခြံရံလျက် နန်းတော်သို့ ဆွမ်းစားကြွတော်မူသည်။ ထိုအခါ ယသော်ဓရာသည် သူ၏သားတော်ရာဟုလာကို ဝတ်စားဆင်ယင်၍ ဘုရားထံသို့ စေလွှတ်တော်မူ သည်။ ရာဟုလာသည် ခုနစ်နှစ်သားအရွယ်သာရှိ သေးသည်။ နန်းတော်တွင် ယခုဆွမ်းစားကြွတော်မူ သည့် ဘုရားရှင်အား သူ၏ဖခင်ဖြစ်ကြောင်း၊ ဟိုယခင် က နန်းတော်မှာ သူနှင့်နေစဉ်က ရွှေအိုးကြီးလေးလုံး ရှိကြောင်း၊ ယင်းရွှေအိုးကြီးတို့သည် ဘုရားရှင် တောထွက်ရဟန်းဝတ်သည်မှစ၍ ပျောက်ကွယ်သွား ကြောင်း၊ မိဘအမွေသည် သားသမီးခံစားထိုက် ကြောင်းတို့ကြောင့် အမွေတောင်းခံရန် ဘုရားထံသို့ လွှတ်စေခဲ့သည်။
ရာဟုလာသည် အမွေတောင်းခံရန်အတွက် ဘုရားရှင်ဆွမ်းဘုဉ်းပေးနေသော နေရာသို့သွား၍ ရပ်လျက် ဘုရားရှင်အား “မိဘတို့၏အရိပ်သည် အလွန်ချမ်းမြေ့ရှာပါသည်” စသည်ဖြင့် ၎င်းနှင့် သင့်တော်သောစကားများ ပြောဆို၍ ကပ်နေသည်။ ဘုရားရှင်လည်း ဆွမ်းဘုဉ်းပေးပြီးသော် ရဟန္တာအပေါင်း နှစ်သောင်းခြံရံလျက် ကျောင်းတော်သို့ ပြန်ကြွလေ သည်။ ထိုအခါ၌ ရာဟုလာသည် ဘုရား၏သင်္ကန်းစကို ဆွဲလျက်ကပ်လိုက်သွားသည်။ မိဘတို့၏ အမွေကို သားသမီးတို့ ခံစားရစမြဲဖြစ်သည်။ ဘုရားရှင်က သူ့အားအမွေပေးရန် လျှောက်ထားခြင်းနှင့်အတူ ဘုရားနောက်သို့ လိုက်သွားလေသည်။
ဤအဖြစ်ကို အခြားရဟန်းများ မြင်သော်လည်း ဘုရားရှင်၏အရိပ်ကိုသာ ကြည့်နေကြရသည်။ မည်သို့မျှ ဝင်မပြောဘဲနေကြလေသည်။ ကျောင်း ရောက်သောအခါ ဘုရားရှင်သည် သင်္ကန်းစကို ဆွဲလိုက်လာသော ရာဟုလာအား တစ်ဒင်္ဂသာ ချမ်းသာ ပြီး အစဉ်ဆင်းရဲသည့်လောကီအမွေကိုမပေးဘဲ သူကြိုးစားအားထုတ်ထားသော တရားအမြတ်အမွေ ဖြင့် သူ့သားတော်ရာဟုလာအား လောကုတ္တရာ အမွေပေးမည်ဆိုပြီး အရှင်သာရိပုတ္တရာအားခေါ်၍ သားတော်အား ရှင်ပြုပေးရန် အမိန့်ပေးသည်။ အရှင် သာရိပုတ္တရာသည် ရာဟုလာ၏ “ဥပဇ္ဈာယ်ဆရာ” ဖြစ်၍ ၎င်းအား ဆုံးမဩဝါဒပေးသူသည် အရှင် မဟာကဿပ ဖြစ်ပေသည်။
ရာဟုလာကို ရှင်ပြုပေးသည်ဟူသော သတင်း ကို သုဒ္ဓေါဒန မင်းကြီးသည် ကြားသည်ရှိသော် ဘုရား ထံသို့လာရောက်ပြီး သူ၏ ခံစားချက်များကို ရှင်းလင်း ပြောကြားလေသည်။ သားတော်သည် အဘ၏ဆန္ဒကို မငဲ့ကွက်ဘဲတောထွက်ခဲ့သည်။ ယင်းအတွက် ဖခမည်းတော်အရိုက်အရာကို ဆက်ခံမည့်သူမရှိ ဖြစ်ခဲ့သည်။ ထို့ကြောင့် သားတော်မင်းနန်ကို သူ၏ အရိုက်အရာကိုဆက်ခံရန် လုပ်ဆောင်ခဲ့သော်လည်း ဘုရားရှင်က ရဟန်းပြုစေသည်။ ယခုလည်း “သားတော်သည် အချစ်၊ မြေးမှာအနှစ်” ဆိုသလို ရာဟုလာအား သူ၏နန်းကို ဆက်ခံ၍ စကြဝတေးမင်း ဖြစ်ဖို့ ရည်ရွယ်ထားသည်။ သားတော်ဘုရားက ယခု လုပ်ဆောင်ခြင်းကြောင့် သာကီနွယ်မင်းမျိုးပြုတ် တော့မည်ကို သူတွေးပူပြီး သောကရောက်ကြောင်း ဘုရားရှင်အား ပြောကြားလျှောက်ထားလေသည်။
ဘုရားရှင်လည်း ဖခမည်းတော်မင်းကြီးအား တရားစကားများ ဟောကြားပြသသည်။ ယင်း အချိန်မှစ၍ “ပဗ္ဗဇိတသုတ်” ဒေသနာတော်ကို ဘုရားက ဟောကြားခဲ့သည်။
သုဒ္ဓေါဒနမင်းကြီးသည် သားတော်ဘုရားရှင် အား နောင်တွင်မည်မျှပင်အကျိုးရှိပါစေ အကျိုးကို မမြင်သော မိဘများ စိတ်ဆင်းရဲမည်ဖြစ်၍ မိဘ တို့၏ ခွင့်ပြုချက်မရဘဲ ရဟန်းပြုခွင့်မပေးရန် လျှောက်ထားလေသည်။ ထိုအခါ ဘုရားရှင်က မင်း၏စကားအတိုင်း ဆောင်ရွက်ပေးမည်ဟု ဝန်ခံ ပေးလေသည်။ မင်းကြီးပြန်လေသော် ဘုရားရှင် သည် ရဟန်းတို့အား နောင်တွင် မိဘတို့၏ ခွင့်ပြု ချက်မရသော သားများကို ရဟန်းဝတ်ခွင့်မပြု ကြောင်း “ဒုက္ကဋ် အာပတ်သင့်စေ’’ဟု သိက္ခာပုဒ်ဖြင့် ပညတ်တော်မူခဲ့လေသည်။
သုဒ္ဓေါဒနမင်းကြီး အနာဂါမ်ဖြစ်ခြင်း
နောက်နေ့ ဘုရားရှင်သည် နန်းတော်၌ ဆွမ်းဘုဉ်းပေးပြီးတွင် သုဒ္ဓေါဒနမင်းကြီးသည် တစ်ချိန်က သားတော် ဒုက္ကရစရိယာကျင့်စဉ်ကာလ က နတ်သားတစ်ပါးက ဘုရားရှင်သည် စင်္ကြံဦး၌ ကမ္မဋ္ဌာန်းကျင့်နေစဉ် ပုံလဲ၍ သေပြီဖြစ်ကြောင်း သုံးကြိမ်တိုင်တိုင် လာပြောသည်။ ခမည်းတော်က နတ်သားပြောသည်ကို မယုံခဲ့ကြောင်းပြောပြလေ သည်။ သူ့စိတ်တွင်လည်း ဘုရားရှင်သည် ဘုရား မဖြစ်ဘဲနှင့် ဘယ်နည်းမျှ သေလိမ့်မည်မဟုတ်။ နတ်သား၏စကားကိုပယ်ခဲ့ကြောင်း၊ ယခု၌ သူထင် သည့်အတိုင်း ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်နေသည်။ ယင်းကို အမှန်တိုင်း သူသည် ပီတိဝမ်းမြောက် ဖြစ်နေလေသည်။
ဘုရားရှင်သည် ဖခမည်းတော် သုဒ္ဓေါဒန၏ စကားကိုကြားသော် ယခုအချိန်၌ ဘုရားရှင်သည် ပါရမီရင့်နေပြီဖြစ်သည်။ ပါရမီနုစဉ် ရှေးဘဝက အကြောင်းကို ပြန်ဟောပြလေသည်။ “မဟာ ဓမ္မပါလဇာတ်တော်”ကို ဟောပြလေသည်။ မဟာ ဓမ္မပါလသူဌေးဖြစ်စဉ် ဒီသာပါမောက္ခက တူရာ အရိုးကိုပြပြီး သင်၏သားသေပြီဟု ပြောစဉ်က လည်းမယုံခဲ့ကြောင်း ပြန်ပြောင်းဟောပြလေ သည်။ မည်သို့အလီလီပြောသော်လည်း မယုံခဲ့ ကြောင်း ဤမဟာဓမ္မပါလဇာတ်တော်ကို ဟောပြ ၍ သုဒ္ဓေါဒနမင်းသည် အနာဂါမ်အဖြစ်တည်လေ သည်။
သာကီဝင်မင်းသားများ ရဟန်းပြုခြင်း
ဘုရားရှင်သည် သူ၏ဖခမည်းတော်မင်းကြီး နှင့်တကွ ဆွေတော်မျိုးတော် တစ်သိန်းကိုးသောင်း တို့အား တရားရေအေးတိုက်ကျွေးခဲ့သည်။ ယင်းသို့ တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးပြီး နောက် ဝါဆိုခါနီးတွင် ကပိလဝတ်ပြည်မှ ဖယ်ခွာ၍ ကြွချီတော်မူလေသည်။ ဘုရားရှင်သည် ဤသရက် တောဥယျာဉ်သို့ ရောက်၍ သီတင်းသုံးတော်မူလေ သည်။
ဘုရားရှင် ကပိလဝတ်ပြည်မှ ဖယ်ခွာ၍သွား သော် သုဒ္ဓေါဒနမင်းကြီးသည် သာကီနွယ်မင်း အပေါင်းတို့အားစုဝေးစေပြီး သားတော်ဘုရား မွေးဖွားပြီးသောအခါ လက္ခဏာဖတ်ရာ၌ စကြဝတေး မင်းသော်လည်းကောင်း (ဝါ) ဘုရားသော် လည်း ကောင်းဖြစ်မည်ဟု မင်္ဂလာပွဲ၌ သိကြပါသည်။ ယင်းသို့သိထားသော ဆွေတော်မျိုးတော်တို့သည် မည်သည့်ဘဝပင်ဖြစ်ဖြစ် မင်းသားများခြံရံလျက် ရှိရမည်ဟု ဝန်ခံကတိပေးခဲ့ကြောင်း သုဒ္ဓေါဒနမင်း ကြီးက ပြန်ပြောင်းပြောသည်။
a စာမျက်နှာ ၁၈ မှ
ထို့ကြောင့် သုဒ္ဓေါဒနမင်းကြီးက ဆွေတော် မျိုးတော်တို့အား သားတော်အနီးတွင် ဆွေမျိုးရင်းချာ များမရှိသဖြင့် တစ်အိမ်ထောင်လျှင် မင်းသားတစ်ဦး ကျပေး၍ ဘုရားရှင်ထံသို့စေလွှတ်ကာ ရဟန်းပြုရန် ပြောကြားလေသည်။
ထိုအခါ၌ သာကီနွယ်ဆွေတော်မျိုးတော် တို့သည် သူတို့ဝန်ခံထားသည့်အတိုင်း မင်းသား တစ်ထောင်တို့သည် “အနုပိယ” သရက်တောဥယျာဉ် တွင် သီတင်းသုံးနေသည့် ဘုရားရှင်ထံသို့သွား၍ ရဟန်းပြုကြလေသည်။ ယင်းသို့ သာကီနွယ်အပေါင်း တို့တွင် ထင်ရှားကျော်ကြားသည့် မင်းသားများ ဖြစ်ကြသည့် “အနုရုဒ္ဓါ၊ အာနန္ဒ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဘဂု၊ ဒေဝဒတ္တ (ဒေဝဒတ်)’’ မင်းသား ခြောက်ဦးသည် ဆတ္တာသည် “ဥပါလိ” ကို ဘုရားရှင် သွားရာလမ်း အတိုင်းသွား၍ ၎င်းအား ခေါ်သွားလေသည်။
မလ္လတိုင်းအတွင်း ရောက်ရှိသောအခါ ခရီးလမ်းကြား၌ မင်းသားတို့သည် သူတို့ဝတ်ဆင် ထားသော ပစ္စည်းတန်ဆာများကိုချွတ်၍ ထုတ်ပြီး “ဥပါလိ” အား အပ်လေသည်။ ထို့နောက် ယင်းပစ္စည်းများ သူတို့ပါသွားလျှင် အန္တရာယ်ဖြစ် မည်စိုး၍ သင်ပဲယူပြီးအသက်မွေးဟု ပေးလိုက် လေသည်။
ဥပါလိသည် သူပစ္စည်းများ မယူပါရစေနှင့်၊ သူလည်း မင်းသားတို့နှင့်အတူ ရဟန်းပြုလိုကြောင်း နှစ်ကြိမ်တိုင်တိုင် ပြောသည်။ မင်းသားက လက်မခံ ဘဲ ပြန်လွှတ်လေသည်။ ဥပါလိသည် မင်းသားတို့ စကားကို မလွန်ဆန်နိုင်၍ ငိုကြွေးကာ ဖယ်ခွာခဲ့လေ သည်။
ထို့နောက် ဥပါလိသည် ယင်းပစ္စည်းနှင့် နေပြည်တော်သို့ သူပြန်လာလျှင် သူ့ကိုသာကီနွယ် ဝင်များက မင်းသားကိုသတ်၍ ယင်းပစ္စည်းတန်ဆာ များ ယူလာသည်အထင်နှင့် သူ့အားသတ်မည်ကို စိုးရိမ်သည်။ သူသည် ယင်းပစ္စည်းများကို သစ်တစ်ပင်၌ချိတ်ဆွဲကာ မင်းသားတို့နောက်သို့ အမီလိုက်၍ သူလည်းရဟန်းပြုမည်ဖြစ်ကြောင်း မင်းသားတို့အားပြောသည်။ ထိုအခါ မင်းသားတို့မှာ လည်း ဥပါလိအားမငြင်းဘဲ ဘုရားထံသို့ သွားကြလေ သည်။ ဘုရားထံ ရောက်သောအခါ မင်းသားတို့သည် သူတို့ကခက်ထန်သည်။ ထို့ကြောင့် ဥပါလိကို မရိုသေ မည်စိုး၍ သူ့အား အရင်ရဟန်းပြုပေးရန် ဘုရားရှင် အား တောင်းခံကြပါသည်။ ဘုရားရှင်ကလည်း ၎င်းတို့စီစဉ်သည့်အတိုင်း ရဟန်းပြုပေးလိုက်သည်။
ဘုရားရှင်က ဤခုနစ်ဦးအား ရဟန်းပြုပေးပြီး နောက် ရဟန်းအပေါင်းခြံရံလျက် ခရီးဆက်သည်။ ဒုတိယဝါကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ဝါကပ်သီတင်းသုံးသည်။ ထိုဝါတွင်း၌ အရှင် ဘဒ္ဒိယသည် ဝိဇ္ဇာ သုံးပါး၊ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်သည်။ အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခု အဘိညာဉ် ကိုရသည်။ အရှင်အာနန္ဒာသည် သောတာပန် ဖြစ်လေသည်။ အရှင်ဘဂု၊ အရှင်ကိမိလ၊ အရှင် ဥပါလိတို့သည် နောင်သောအခါ၌ ရဟန္တာဖြစ်ကြ လေသည်။ အရှင်ဒေဝဒတ်သည် ပုထုဇဉ်တို့၏ အဘိညာဉ်တန်ခိုး ရရှိလေသည်။
အနုရုဒ္ဓါသည် သုဒ္ဓေါဒနမင်းကြီး၏ ညီတော် “သက္ကောဒန” မင်း၏သား ဖြစ်သည်။ အစ်ကိုကား မဟာနာမဖြစ်၏။ အနုရုဒ္ဓါသည် ရှေးဘဝကုသိုလ်ကံ ကြောင့် မကြောင့်မကြမတောင့်တရဘဲ ပြည့်စုံ သည်။ နတ်တို့က မသည်၊ သဒ္ဓါတရားသည်ဖြင့် လူ့ဘဝကိုငြီးငွေ့၍ ရဟန်းပြုခြင်းဖြစ်သည်။ ဘဒ္ဒိယ သည် သုဒ္ဓေါဒနမင်းကြီး၏ နှမတော် “ကာဠိဂေါဓာ” အမည်ရှိ မိဖုရား၏သားဖြစ်သည်။ ၎င်းသည် သဒ္ဓါ ထက်သန်၍ ရဟန်းပြုလာသူမဟုတ်၊ အရှင်နုရုဒ္ဓါကို ချစ်မြတ်နိုးကာ မခွဲနိုင်၍ ရဟန်းဝတ်ခြင်းဖြစ်သည်။ “အာနန္ဒာသည် သုဒ္ဓေါဒနမင်း၏ ညီတော် “အမိတော ဒန” မင်းသား၏သား ဖြစ်သည်။ ဒေဝဒတ် သည် မယ်တော် မာယာဒေဝီ၏မောင်တော် သုပ္ပဗုဒ္ဓ၏ သားတော်ဖြစ်သည်။ ။
- Log in to post comments