
နေပြည်တော် ဇူလိုင် ၁၆
ကချင်ပြည်နယ် ဗန်းမော်မြို့သစ် နွယ်လန်းကျေးရွာ နွယ်လန်းတပ်နယ်၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ အကွာ လယ်ကွင်းအနီး၌ ဇူလိုင် ၁၅ ရက်က အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ကျေးရွာများနှင့် နွယ်လန်းတပ်နယ် နယ်မြေခံတပ်များမှ တပ်ပြင်သို့ သွားရောက်ခဲ့သော စစ်သည်များကို လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်သည် သုံးဦးသည် ဇူလိုင် ၁၄ ရက်က တပ်ဌာနချုပ်ရှိရာ နွယ်လန်းမှထွက်ခွာခဲ့ပြီး တပ်၏အနောက်မြောက်ဘက် လယ်ကွင်းသို့ရောက်ရှိစဉ် အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးနှင့် စကားများရာမှ ဒေါသအလျောက် ဓားဖြင့်ထိုးခဲ့ပြီး ဓားကို ကျေးရွာအနီးရှိ ချောင်းအတွင်းသို့ ပစ်ချခဲ့ကြောင်းသိရှိရသည်။
အဆိုပါစစ်သည်သုံးဦးကို နယ်မြေခံတပ်တွင် ချုပ်နှောင်ထားရှိပြီး လူသတ်မှုနှင့် ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမှု များ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဗန်းမော်မြို့နယ်ရဲစခန်းမှ အခြားပြစ်မှုဆိုင်ရာ ကျူးလွန်ခဲ့မှု ရှိ၊ မရှိကို သိရှိနိုင်ရေး အတွက် ရင်ခွဲစစ်ဆေးချက်အပြင် ဓာတုဝန်ရုံးသို့ လုပ်ထုံးလုပ်နည်း အချက်အလက်များ ပေးပို့ထားကြောင်းသိရသည်။
ဓာတုဝန်ရုံး၏ အဖြေရရှိမှုအပေါ်မူတည်၍ လူသတ်မှုအပြင် အခြားကျူးလွန်ပြစ်မှုကိုပါ ဆက်လက်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်