
ဗန်းမောက် နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ၌ မိုးရွာသွန်းမှုများရှိနေသဖြင့် တောင်သူ အများစုမှာ ရိတ်သိမ်းပြီးစ စပါးကောက်လှိုင်း များ မိုးမမိစေရန်နှင့် အမိုးအကာအောက် ရောက်ရှိစေရေးအတွက် အချိန်မီဆောင်ရွက် နေကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်၌ ယခုလအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်သူ အများစုမှာ ကောက်လွှာများနှင့် ကောက်လှိုင်း ပုံများ မိုးမိသဖြင့် ခြွေလှေ့ရိတ်သိမ်းရန် အခက်ကြုံနေကြရပြီး ကောက်လှိုင်းစည်းများ အမိုးအကာအောက် အလျင်အမြန်ရောက်ရှိ စေရန်အတွက် အားသွန်ခွန်စိုက် ဆောင်ရွက် နေကြရကြောင်း ဗန်းမောက်မြို့နယ် ကျွဲကော ကြီးကျေးရွာအုပ်စုမှ တောင်သူဦးသန်းမြက ပြောသည်။
“မိုးကအဆက်မပြတ်ရွာနေလို့ ကောက်လွှာ တွေမှာ စပါးအညှောက်ထွက်လာမှာ စိုးရိမ် မိတာကြောင့် အမိုးအကာအောက်ကို ရောက် အောင် အခုလို စုပုံနေတာပါ” ဟု ၎င်းက ပြောသည်။ ယခုအခါ ဆင်းဧကရီ(၃) စပါး အဟောင်း တစ်တင်းလျှင် ငွေကျပ် ၇၀၀၀၊ ငွေတိုးစပါးအဟောင်း တစ်တင်းလျှင် ငွေကျပ် ၈၀၀၀ နှင့် ကောက်ညှင်းစပါးအဟောင်း တစ်တင်းလျှင် ငွေကျပ် ၈၅၀၀ ဈေးနှုန်းများဖြင့် ဝယ်ယူနေကြပြီး စပါးတစ်တင်းလျှင် ၁၈ ပြည် ခန့်ရှိသော တင်းတောင်းများ ကိုင်ဆောင်၍ ဈေးပိုပေးကာ ဝယ်ယူနေသောကြောင့် ပုံမှန် ၁၆ ပြည်ထက် နှစ်ပြည်ခန့်ကြီးနေသည့်အတွက် တောင်သူများမှာ နစ်နာမှုရှိနေကြရကြောင်း သိရသည်။
ကောက်သစ် ဆင်းဧကရီ (၃) စပါး တစ်တင်းလျှင် ငွေကျပ် ၅၀၀၀ ဖြင့် အဝယ် လိုက်နေသော်လည်း စပါးဝယ်ကုန်သည် အချို့မှာ တင်းတောင်းအရွယ်ပမာဏ ကြီးနေ သဖြင့် တောင်သူများ စိတ်ပျက်နေရကြောင်း၊ ဗန်းမောက်မြို့နယ်ရှိ တောင်သူအများစုမှာ ဆင်းဧကရီ(၃)၊ မနော်၊ ငွေတိုး၊ ဘေးကြား၊ စောရှုတ်၊ ကောက်ညှင်း စသည့် စပါးမျိုးများ ကိုသာ အများအပြားစိုက်ပျိုးကြပြီး ပေါ်ဆန်း မွှေးနှင့် လုံးသွယ်မွှေးစပါးမှာ ရေမြေဒေသနှင့် ကိုက်ညီမှုမရှိသဖြင့် စိုက်ပျိုးသူ မရှိကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်၌ ယခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးမှုတွင် စုစုပေါင်းဧက ၄၀၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံအများစုမှာ ဆင်းဧကရီ (၃) စပါးများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
၀၇၈