
ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ မဟာနာယကကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူး ပြုသော ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် Shenzhen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူး၊ တောင်တရုတ်ပင်လယ် တရုတ်ဗုဒ္ဓဘာသာအဖွဲ့ အစည်း ဒုတိယဥက္ကဋ္ဌ Hongfa ဘုန်းတော်ကြီး ကျောင်း ဆရာတော် Venerable Master YinShun က လှူဒါန်းသော တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ဆေး ၅၀၀၀ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိ မင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်း တော်ကြီး၏ ဘုရားခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ထံမှ ပရိသတ်များ က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော် မူသော ပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် အလှူရှင် Shenzhen ဗုဒ္ဓဘာသာ အဖွဲ့ကိုယ်စား ဒေါ်ဌေးဌေးမော်နှင့် တရုတ်ကုန်သည် ကြီးများအသင်းဥက္ကဋ္ဌ ဦးအိုင်ထွန်းတို့က လှူဒါန်း ခြင်းအကြောင်းကို လျှောက်ထားကြပြီး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ၅၀၀၀ ကို ပေးအပ်လှူဒါန်း ကြရာ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းဝင်းက လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် (Myanmar Chinese Chamber Of Commerce)နှင့် Fu Xing Brothers Group Of Companies ဥက္ကဋ္ဌ ဦးအိုင်ထွန်းနှင့်ဇနီး အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်ညွန့် မိသားစုတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ကြီးနှင့် တာဝန်ကျ ဒုတိယဥက္ကဋ္ဌနှစ်ပါး၊ တွဲဖက် အကျိုးတော်ဆောင်တစ်ပါး၊ အဖွဲ့ဝင်တစ်ပါးတို့ထံ အလှူငွေကျပ်သိန်း ၂၀၀ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံမှ အနုမောဒနာတရား နာယူကြ ပြီး ရေစက်သွန်းလောင်း အမျှပေးကြသည်။
သတင်းစဉ်