ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

 

နေပြည်တော်    စက်တင်ဘာ  ၂၁


ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြော ပွဲ၊   ပြပွဲနှင့်   ပြိုင်ပွဲများကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။


အခမ်းအနားသို့ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီဝင်    ပြန်ကြားရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ခံ ကျောင်းအုပ်    ဆရာမကြီး၊    ဆရာ    ဆရာမများ၊ ကျောင်းသား   ကျောင်းသူများနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော် ၏  အနာဂတ်သည်  ကျောင်းသား  ကျောင်းသူများ၊  လူငယ်များ၏ လက်ဝယ်တွင်ရှိကြောင်း၊ ထို့ကြောင့်  လူငယ်များအနေဖြင့်    ဗလငါးတန်     ပြည့်ဝရန်နှင့်  အတတ်ပညာ၊ အသိပညာ ပြည့်ဝရန်လိုအပ်ကြောင်း၊  လက်ရှိတွင် ကျေးလက်နေပြည်သူများ အပါအဝင်  ဒေသခံတိုင်းရင်းသားများ၏ စာတတ်မြောက်မှုနှင့်  အတန်းပညာတတ်မြောက်မှု အားနည်းလာသဖြင့်   ယခင်က    အောင်မြင်မှုရခဲ့သည့်  “အ”    သုံးလုံး သင်တန်းများကဲ့သို့ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ   စာတတ်မြောက်စေရေး  “ဝ၊ ထ၊ က၊ လ၊ သ” စီမံကိန်းကို အကောင်အထည်ဖော်  ဆောင်ရွက်နေပြီဖြစ်ကြောင်း။


ပညာရေးသည် နိုင်ငံအတွက် အရေးကြီးကြောင်း၊  ထို့ကြောင့်      ကျောင်းနေအရွယ်       ကလေးတိုင်း လက်လှမ်းမီ သင်ယူနိုင်ရေးအပြင် ဘက်စုံပညာရေး ကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ လူငယ်  များအနေဖြင့် ဗလငါးတန် ပြည့်စုံရုံသာမက မျိုးချစ်  စိတ်ဓာတ်ရှိပြီး မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးစံများကို ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး     ကျောင်းစာကြည့်တိုက် အတွက်     စာအုပ်၊    စာစောင်များကို    ပေးအပ် လှူဒါန်းသည်။
ယင်းနောက် စာရေးဆရာ ရဲမွန်ကျော်က “ဗလ ငါးတန်ဖွံ့ဖြိုးဖို့     စာဖတ်ကြပါစို့”      ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး  ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) ဖျော်ဖြေရေးတီးဝိုင်း အဖွဲ့က     ဖျော်ဖြေရေးအစီအစဉ်များဖြင့်     သီဆို တင်ဆက်ကြသည်။


ထို့နောက်   မြန်မာနိုင်ငံတစ်ဝန်းလုံး၌ရှိသည့်  အထင်ကရနေရာများကို ကျောင်းသား ကျောင်းသူ လူငယ်များ     ဗဟုသုတရရှိစေရန်      ‘‘လှပသာယာ ပြည်မြန်မာ’’ ရောင်စုံဓာတ်ပုံများ ခင်းကျင်းပြသခြင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အသိပညာ ပေး   စာအုပ်စာစောင်များ   ခင်းကျင်းပြသခြင်းနှင့်  မြားပစ်ပြိုင်ပွဲ၊  စက်ပန်းလှည့်ပြိုင်ပွဲ၊  အရုပ်ဆက် ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက် ပြိုင်ပွဲများ    ကျင်းပခြင်းတို့ကို    ဆောင်ရွက်ကြပြီး ပျော်ရွှင်ဖွယ်ဂိမ်းများကစား၍  အနိုင်ရရှိသူများကို အမျိုးသားစာပေဆုရှင်    ဆရာစိုးတင့်   (ဧရာဝတီ) မိသားစုက     လှူဒါန်းသည့်      စာရေးကိရိယာနှင့်  စားသောက်ဖွယ်ရာများ   ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်