ဗိုလ်မှူးချုပ် သန်းတင် (ငြိမ်း) ရေးသားသည့်  “ကိုယ်တွေ့ဖြစ်ရပ်များ - စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ”စာအုပ် ထုတ်ဝေဖြန့်ချိ

 

 

နေပြည်တော် ဇူလိုင် ၁၃


ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန  စာပေ ဗိမာန်က  ဗိုလ်မှူးချုပ်သန်းတင် (ငြိမ်း) ရေးသားသည့်  “ကိုယ်တွေ့ ဖြစ်ရပ်များ - စစ်ဆင်ရေးပြီး  စစ်ဆင်ရေးမှ” စာအုပ်ကို ထုတ်ဝေ ဖြန့်ချိလိုက်သည်။  ယင်းစာအုပ်မှာ ၂၀၀၄ ခုနှစ် အမျိုးသားစာပေ (နိုင်ငံရေး) ဆုရစာအုပ်ဖြစ်ပြီး တတိယအကြိမ် ထုတ်ဝေခြင်းဖြစ်သည်။ စာရေးသူ၏ အသက် ၁၆နှစ်အရွယ် တပ်သားသစ်ဘဝမှစတင်လျက် တပ်မတော်တွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်လျက်   နိုင်ငံနှင့် ပြည်သူအတွက်  တိုက်ပွဲဝင်အောင်မြင်ခဲ့သည့်   စစ်ခေါင်းဆောင် တစ်ဦး၏   ကိုယ်တွေ့မှတ်တမ်းစာအုပ် ဖြစ်သည်။
စာရေးသူသည်    ၁၉၄၂ ခုနှစ်တွင်   နယ်ချဲ့အင်္ဂလိပ်တို့ကို တိုက်ခိုက်ရန် မြန်မာ့လွတ်လပ်ရေး တပ်မတော် (BIA) သို့  ဝင်ရောက် ခဲ့ပြီး  မင်္ဂလာဒုံ ပထမအပတ် ဗိုလ်သင်တန်းသို့   တက်ရောက်ခဲ့သည်။ ဗိုလ်မှူးချုပ်၊   ဒုတိယဝန်ကြီး၊  ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်တာဝန်တို့ကို  အဆင့်ဆင့်  ထမ်းဆောင်ခဲ့ပြီး တပ်မတော်တာဝန် ၃၃ နှစ်၊ နယ်ဘက် တာဝန်  ၁၃နှစ်၊    တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နိုင်ငံတော်     ကာကွယ်ရေးတာဝန်များကို တပ်မတော်တွင် ထမ်းဆောင်စဉ်အတွင်း စစ်ဆင်ရေးအမျိုးမျိုး၊  တိုက်ပွဲအမျိုးမျိုး  ဆင်နွှဲခဲ့ပုံ   ကိုယ် တွေ့ဖြစ်ရပ် များကို   စိတ်ဝင်စားဖွယ် မှတ်တမ်းတင် ရေးသားထားသည်။    နိုင်ငံ လွတ်လပ်ရေး  မရမီ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲ့သည့် အတွေ့ အကြုံများ၊ လွတ်လပ်ရေးရပြီးသည့်နောက်  နှစ်ပေါင်း သုံး၊ လေးဆယ် တိုင်အောင် ပြည်တွင်းရောင်စုံသူပုန် သောင်းကျန်းသူတို့ကို  စစ်ဆင် ရေးပြီး  စစ်ဆင်ရေးအသွင်   တိုက်ခိုက်ခဲ့ရသည့်  တိုက်ပွဲအတွေ့အကြုံ များကို  အချက်အလက်တိကျစွာ၊   အရေးအသား   သွက်လက်စွာ  တင်ပြရေးသားထားသည်။
စာရေးသူက  “ဤဖြစ်ရပ်တွေက   တကယ့်ဖြစ်ရပ်တွေဖြစ်ပါ သည်။    လွတ်လပ်ရေးရပြီး     မြန်မာ့တပ်မတော်သည်   ရောင်စုံသူပုန် သောင်းကျန်းသူတွေအပေါ်   တရားတဲ့စစ်ပွဲတွေဖြင့် ရင်ဆိုင်ခဲ့ ရပါသည်။ ရဲဘော်တွေရဲ့   နောင်တော်တွေဟာ  မည်ကဲ့သို့ တိုက်ခိုက် ပြီး   ကျော်လွှားခဲ့ရသည့်  ဖြစ်ရပ်တွေကို နောင်လာနောက်သား  ညီငယ်အရာရှိ၊ အကြပ်တပ်သားတွေအားလုံးကို  သိစေချင်ပါသည်” ဟု အမှာတွင် ရေးသားထားပြီး နိုင်ငံ၏လွတ်လပ်ရေးကို ထိန်းသိမ်း နိုင်ရန်     တပ်မတော်သားများသည်  ဇွဲ၊ စွမ်းရည် တိုင်းပြည်လူမျိုးနှင့်    တပ်မတော်ကို ချစ်သည့် စိတ်ဓာတ်လိုအပ်ကြောင်း     နှိုးဆော်ရေးသား ထားသည်။
စာအုပ်တွင်  စာမျက်နှာ ၄၃၇ မျက်နှာ ပါဝင်ပြီး၊ အပိုင်း (၇) ပိုင်းခွဲကာ  ကိုးကားသော စာအုပ် စာတမ်းများ၊ ဓာတ်ပုံ၊ မြေပုံများဖြင့် ပြည့်စုံ ဝေဆာစွာ   ရေးသားထားသည်။  တန်ဖိုးငွေကျပ်၆၅၀၀ ဖြင့် ရန်ကုန်မြို့ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊   နေပြည်တော်ရှိ  စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေ ဗိမာန်စာအုပ်ဆိုင်   (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။       သတင်းစဉ်