
လန်ဒန် ဇန်နဝါရီ ၁၂
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်း များချိုးဖောက်ပြီး ယမန်နှစ် မေ ၂၀ ရက်က လူစု လူဝေးဖြင့် အခမ်းအနားကျင်းပခဲ့သော ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ရာထူးမှ နုတ်ထွက် ပေးရန် အတိုက်အခံများက တောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗြိတိန်အစိုးရက ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းများအား ချိုးဖောက် ခဲ့သဖြင့် ဂျွန်ဆင်၏ပါတီဖြစ်သော ကွန်ဆာဗေးတစ် ပါတီဝင်အချို့ကလည်း ၎င်းအား ရာထူးမှ နုတ်ထွက် ပေးရန်အလားတူ တောင်းဆိုခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်ဂျွန်ဆင်သည် ယခုလက်ရှိအချိန်တွင် မိမိ အမှားကို ဝန်ခံပြီး တောင်းပန်မှုပြုလုပ်ပါက လက်ရှိ အခြေအနေတင်းမာမှုများ လျော့ကျသွားနိုင်ကြောင်း ကွန်ဆာဗေးတစ်ကိုယ်စားလှယ်တစ်ဦးက ပြောကြား သည်။
အဆိုပါ အခမ်းအနားကျင်းပခဲ့သည့်အတွက် မိမိစိတ်မကောင်းဖြစ်မိကြောင်း ဂျွန်ဆင်က ပါလီမန် ၌ တောင်းပန်စကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဂျွန်ဆင်နှင့် ၎င်း၏ဇနီး ကယ်ရီတို့သည် အခြားဝန်ထမ်းများနှင့်အတူ တက်ရောက်ခဲ့ပြီး ဂျွန်ဆင်၏ အတွင်းရေးမှူး မာတင် ရေးနိုးက ၎င်းအခမ်းအနားအတွက် ဖိတ်ကြားခြင်းကို အီးမေးလ်ဖြင့် ပေးပို့ခဲ့ကြောင်း အိုင်တီဗီနယူးစ်က ပြောကြားသည်။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး ဖြေရှင်းပြောကြားရန် ဂျွန်ဆင်၏ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့သည်။
ကိုးကား - စီဂျီတီအင်န်
ဘာသာပြန် - စိုးသူရ