
လန်ဒန် အောက်တိုဘာ ၂၅
ရီရှီဆူးနက်ခ်သည် အစိုးရအသစ် ဖွဲ့စည်းရန် ဘက်ကင်ဟမ်နန်းတော်၌ ချားလ်ဘုရင် ၃ နှင့် တွေ့ဆုံပြီးနောက် နှစ်လအတွင်း ဗြိတိန်၏ တတိယ မြောက် ခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည့်အတွက် ဗြိတိန်ရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ ဝန်ကြီးချုပ် သစ် တရားဝင်ခန့်အပ်မှုကို စောင့်ဆိုင်းနေကြပြီ ဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ၎င်းသည် ရာစုနှစ်များအတွင်း ဗြိတိန်၏ အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာ မည်လည်း ဖြစ်သည်။ ဆူးနက်ခ်သည် စက်တင်ဘာလ က ခေါင်းဆောင်ရာထူးအတွက် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရာတွင် လစ်ထရက်ဇ်ကို ရှုံးနိမ့်ထားသူ ဖြစ်သည်။ သို့သော်လည်း အသက် ၄၂ နှစ်အရွယ်ရှိ ဆူးနက်ခ်သည် အောက်တိုဘာ ၂၀ ရက်တွင် လစ်ထရက်ဇ် တာဝန်မှနုတ်ထွက်ကြောင်း ကြေညာ ပြီးနောက် ခေါင်းဆောင်ဖြစ်လာရန် လူကြိုက်များ သူလည်း ဖြစ်သည်။
ကွန်ဆာဗေးတစ်ခေါင်းဆောင်အဖြစ် ကြေညာ ပြီးနောက် လက်ရှိတွင် တည်ငြိမ်မှုနှင့် စည်းလုံး ညီညွတ်မှု လိုအပ်ကြောင်း၊ စီးပွားရေးအကျပ် အတည်း ဖြေရှင်းဆောင်ရွက်ရေးကို အဓိက ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆူးနက်ခ်က ပထမဆုံးလူထုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဆူးနက်ခ်သည် ဗြိတိန်၌ အချမ်းသာဆုံးသူ များထဲမှတစ်ဦးဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးအဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
မဲဆန္ဒရှင်များမှာ ကွန်ဆာဗေးတစ်များကို စိတ်ကုန်နေကြပြီး အထွေထွေရွေးကောက်ပွဲ တွင် ရွေးချယ်ခွင့်ရှိသင့်ကြောင်း အတိုက်အခံ ခေါင်းဆောင်များက ပြောသည်။
အင်န်အိတ်ချ်ကေ