ဗီယင်နာမြို့သည် ကမ္ဘာ့နေထိုင်ရန်အသင့်တော်ဆုံးမြို့များစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်

 

ဗီယင်နာ    ဇွန်   ၂၄


ဩစတြီးယားနိုင်ငံ၏ မြို့တော် ဗီယင်နာသည် ကမ္ဘာပေါ်ရှိ နေထိုင်ရန် အသင့်တော်ဆုံးမြို့များအနက်     ထိပ်ဆုံး၌  ရပ်တည်နေကြောင်း စီးပွားရေးဆိုင်ရာ လေ့လာဆန်းစစ်ရေးအဖွဲ့(EIU)၏ ဇွန်၂၃ ရက်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အသက်ရှင်နေထိုင်မှုဆိုင်ရာ အညွှန်းကိန်းများ စာရင်းတွင် ဖော်ပြသည်။ 

 


ဗီယင်နာမြို့သည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကလည်း EIU စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် မြို့တစ်မြို့ဖြစ်ပြီး ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကြောင့် အဆင့်လျော့ကျခဲ့သည်။ ယခုနှစ်တွင် ဗီယင်နာမြို့၏ တည်ငြိမ်မှုနှင့် ကောင်းမွန်သည့် အခြေခံအဆောက်အအုံစနစ်များအပြင်   ကောင်းမွန် သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ယဉ်ကျေးမှုနှင့်ဖျော်ဖြေရေးဆိုင်ရာ အခွင့်အလမ်းများ ပေါကြွယ်ဝမှုတို့ကြောင့် ကမ္ဘာပေါ်ရှိ နေထိုင်ရန်  အသင့်တော်ဆုံးမြို့တစ်မြို့အဖြစ်  ထိပ်ဆုံးစာရင်းတွင် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။ 

 


အနောက်ဥရောပနှင့် ကနေဒါနိုင်ငံတို့ရှိ မြို့များသည် ထိပ်ဆုံး စာရင်းတွင် လွှမ်းမိုးထားနိုင်ပြီး  ဗီယင်နာမြို့အပြင်  ကိုပင်ဟေဂင်၊ ဇူးရစ်၊ ကာဂါရီ၊ ဗန်ကူးဗားနှင့် ဂျီနီဗာမြို့များသည်လည်း ကမ္ဘာ့နေထိုင် ရန် အသင့်တော်ဆုံးမြို့များစာရင်းတွင် ရပ်တည်လျက်ရှိသည်။ ယင်းမြို့ များ၏နောက်တွင်  ဖရန့်ဖတ်၊  တိုရွန်တို၊  အမ်စတာဒမ်၊   အိုဆာကာ နှင့်   မဲလ်ဘုန်းမြို့များလည်းပါဝင်ပြီး အိုဆာကာနှင့် မဲလ်ဘုန်းမြို့တို့ သည် အဆင့် ၁၀ ၌ အတူရပ်တည်နေသည့် မြို့နှစ်မြို့ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာ လေ့လာဆန်းစစ်ရေးအဖွဲ့(EIU)က ထုတ်ပြန်သည်။ 

 


အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများဖြစ်သည့် ဆီးရီးယား နိုင်ငံ ဒမတ်စကတ်မြို့၊ နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့နှင့် လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၊ အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျာမြို့နှင့် ပါကစ္စတန် နိုင်ငံ ကရာချိမြို့တို့သည် ကမ္ဘာ့နေထိုင်ရန် အဆိုးဆုံးမြို့များအဖြစ် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

 


စီးပွားရေးဆိုင်ရာ လေ့လာဆန်းစစ်ရေးအဖွဲ့၏ အဆိုပါအစီရင် ခံစာသည် ကမ္ဘာတစ်ဝန်းရှိ   မြို့ပေါင်း  ၁၇၂  မြို့တို့၏ တည်ငြိမ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်၊ ပညာရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကောင်းမွန်မှုဟူသည့် အချက်ငါးချက်အပေါ်  အခြေခံ၍   စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။                                            

ဆင်ဟွာ