
ဒေါက်တာခင်ခင်ကြီး
=============
မေး။ ။ ရုံးတွေပြန်ဖွင့်တဲ့အခါ ဝန်ထမ်းတွေ အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး
နည်းလမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုလိုက်နာဆောင်ရွက်ရမယ်ဆိုတာကို ပြောကြားပေးပါဦး။
ဖြေ။ ။ ရုံးပိတ်ရက်ရှည်တွေ (၇) ကြိမ် ပိတ်ပေး လိုက်တဲ့အတွက် ရောဂါဖြစ်ပွားမှုတွေက
တဖြည်းဖြည်းနဲ့ ၁၀ ရာခိုင်နှုန်းအောက်ကို ကျဆင်း လာပြီး ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်လာပါပြီ။ ရုံးပိတ်ခြင်း၊ Work from Home ဆောင်ရွက်ခြင်းက ကာကွယ်ထိန်းချုပ်ရေးမှာ ပါဝင်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ လူမှုဘဝတွေ ပြန်လည်စတင် နိုင်ဖို့ဆိုတာ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက် နိုင်ဖို့က အရေးကြီးပါတယ်။
ဒီလို ဝင်ရောက်ဖို့နဲ့ပတ်သက်ပြီး အချို့ ကလည်း မိမိကို မကူးစက်အောင် ဘယ်လိုလုပ်ရ မလဲဆိုပြီး စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ရုံးကို ပြန်လာရတဲ့အခါ လူရဲ့စိတ်ပိုင်းဆိုင်ရာမှာ ဘယ်လို တွေ ခံစားရသလဲဆိုတာကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၅ ရက်မှာထုတ်ဝေတဲ့ ကျန်းမာရေးနှင့် အပြုအမူပိုင်းဆိုင်ရာသိပ္ပံပညာမဂ္ဂဇင်းက ဖော်ပြ ထားတာကို ပြောကြားလိုပါတယ်။
စိုးရိမ်စိတ်တွေရှိနေ
ပိတ်ရက်ရှည်တွေကနေ လုပ်ငန်းခွင်ကို ပြန်ဝင်ရတော့မယ်။ အချို့တွေက မိတ်ဆွေအပေါင်း အသင်းတွေနဲ့ တွေ့ရမယ်။ မပြီးပြတ်သေးတဲ့ အလုပ်တွေကို ပြန်လည်လုပ်ဆောင်ရမယ်ဆိုပြီး တက်ကြွပါတယ်။ အချို့တွေက စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူးလို့ ပြောထားပါတယ်။ ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ကို သုတေသနလေ့လာချက်အရ ၇၀ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်ကိုဝင်ဖို့ စိုးရိမ် သောကရှိနေပါတယ်။ အဓိက စိုးရိမ်သောက ဖြစ်ရတဲ့ အချက်တွေကို ကြည့်မယ်ဆိုရင် ၅၁ ရာခိုင်နှုန်းက ရောဂါကူးစက်မှာကို စိုးရိမ်ပါတယ်။
နောက်တစ်ခုက အများပြည်သူသယ်ယူ ပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့ ဘတ်စ်ကား၊ ရထား စတာတွေနဲ့ လာရတဲ့အတွက်လည်း စိုးရိမ်ပါတယ်။ နောက်တစ်ချက်က ကလေးတွေကို ထားခဲ့ရမှာ အတွက်လည်း စိုးရိမ်ပါတယ်။ အဓိက ဒီအချက်တွေ ကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မအံ့ဩ ပါနဲ့။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပါတယ်။ သင်တစ်ယောက်တည်း ရင်ဆိုင်နေရတာ မဟုတ် ပါဘူး။ အရင်တုန်းက အိမ်မှာ Work from Home အလုပ်လုပ်စဉ်ကလည်း လုပ်နေကျ အခြေအနေ တစ်ခု မဟုတ်တဲ့အတွက် ခက်ခဲခဲ့ပါတယ်။ ဒါကို ကျော်လွန်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ အခုအိမ်မှာနေတဲ့ အခြေအနေကနေ ရုံးပြန်တက်ရတယ်။ လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့ အခါမှာလည်း အခက်အခဲရှိမယ်ဆိုပြီး စိုးရိမ်ကြပါ တယ်။ မစိုးရိမ်ကြပါနဲ့။ လူရဲ့ ဦးနှောက်က ပုံမှန် အလုပ်တွေ ပြန်လည်လုပ်ဆောင်နိုင်စွမ်း ရှိပါ တယ်။ တတ်နိုင်သမျှ ကိုယ့်ရဲ့စိတ်သောကတွေကို လျှော့ချဖို့ ပြောထားပါတယ်။
မေး။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က လုပ်ငန်းခွင်ဝင်တဲ့အခါ ဘယ်လိုလိုက်နာ
ဆောင်ရွက်ရမယ်ဆိုတာ ထုတ်ပြန်ထားတဲ့အချက် တွေရှိရင်လည်း ပြောကြားပေးပါဦး။
ဖြေ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောထားတာရှိပါတယ်။ လုပ်ငန်းခွင်က
ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်သလားဆိုရင် ကူးစက် နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အစက်အမှုန်တွေရှိနေတဲ့ အသုံးအဆောင်ပစ္စည်းတွေ ကို ထိတွေ့ကိုင်တွယ်မိရင် ကူးစက်နိုင်ပါတယ်။ လုပ်ငန်းခွင်ကိုသွားစဉ်မှာလည်း ကူးစက်နိုင်ပါတယ်။ အလုပ်ကိစ္စနဲ့အပြင်ကို ထွက်ရရင်လည်း ကူးစက်နိုင် ပါတယ်။ ဒါကြောင့် WHO က တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေ အကွာနေမယ်။ ထိတွေ့မှုတွေကို တတ်နိုင်သမျှ လျှော့မယ်။ ရောဂါပိုးကပ်ငြိနိုင်တဲ့ စားပွဲ၊ ကုလားထိုင်တွေကို သန့်ရှင်းရေးလုပ်မယ်။ ဒီလိုနည်းနဲ့ အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။
လုပ်ငန်းခွင်အပေါ်မူတည်ပြီး အန္တရာယ်ရှိမှု အဆင့်တွေကို ဒီလို ခွဲခြားထားပါတယ်။ အန္တရာယ် အနည်းဆုံးအလုပ်ဆိုတာက အများနဲ့ မဆက်ဆံရတဲ့ အလုပ်တွေ၊ လုပ်ငန်းခွင်မှာ တစ်ယောက်နဲ့တစ်ယောက် အထိအတွေ့နည်းတဲ့အလုပ်တွေ၊ တယ်လီဖုန်းနဲ့ ဖြေကြားရတဲ့ အလုပ်တွေက အန္တရာယ်နည်းပါတယ်။
အသင့်အတင့် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်
အသင့်အတင့်အန္တရာယ်ရှိတဲ့ အလုပ်တွေက အများပြည်သူနဲ့ ထိတွေ့မှုတွေရှိနေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ပေါ့ဆလို့မရပါဘူး။ အများစုသော လူတွေက အသင့်အတင့် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် မှာ လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။ ဈေးတွေ၊ ကုန်စုံ ဆိုင်တွေ၊ အစားအစာရောင်းသူတွေ၊ ဘတ်စ်ကား မောင်းသူတွေ၊ ကူးစက်မှုများတဲ့ဒေသမှာ အများ ပြည်သူနဲ့ ထိတွေ့မှုများတဲ့သူတွေ၊ လက်လီ အရောင်းဆိုင် ရောင်းဝယ်ဖောက်ကားသူတွေ၊ ပစ္စည်းပို့သူတွေ၊ တစ်နေရာတည်းမှာ စုစည်းလုပ်ကိုင် ရတဲ့လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေရ သူတွေ စသဖြင့်က အလယ်အလတ်အဆင့် အသင့် အတင့် အန္တရာယ်ရှိနိုင်ပါတယ်။
ဘယ်သူတွေက အန္တရာယ်အရှိဆုံးလဲဆိုရင် အချို့အလုပ်တွေက အများနဲ့ထဲထဲဝင်ဝင် ဆက်ဆံ ရတဲ့အပြင် သူတို့လုပ်ရတဲ့ အလုပ်ရဲ့ သဘောသဘာဝ ကိုက အန္တရာယ်ရှိနိုင်တဲ့အရာတွေနဲ့ ထိတွေ့နေရတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိသူ၊ ကိုဗစ်-၁၉ ပိုးတွေ့သူ၊ သံသယ လက္ခဏာခံစားနေရသူတွေကို ပို့ဆောင်ပေးနေရ သူတွေ ဖြစ်ပါတယ်။ နောက်တစ်ခုက ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ၊ သံသယလက္ခဏာရှိတဲ့သူ၊ ပိုးတွေ့ သူနဲ့ ထိတွေ့မိသူတွေရဲ့ အိမ်တွေမှာ သန့်ရှင်းရေး လုပ်ငန်းလုပ်ကိုင်နေရသူတွေ၊ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသွားသူတွေကို သယ်ဆောင်ပေးရသူ တွေ၊ သင်္ဂြိုဟ်ပေးရသူတွေ၊ စည်ပင်သာယာက ဝန်ထမ်းတွေဖြစ်ပြီး အလွန်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအလုပ်တွေကို လုပ်ကိုင်ပေးနေတဲ့ စေတနာလုပ်အားရှင် (Volunteer)တွေက အလွန် လေးစားဖို့ ကောင်းပါတယ်။ တော်ရုံစိတ်ဓာတ်နဲ့ မလုပ်နိုင်ပါဘူး။ နောက်ပြီး လူမှုရေးနဲ့ဆိုင်တဲ့ ကူညီ ပေးတဲ့အဖွဲ့အစည်းတွေ၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ သူရဲ့အိမ်ကို ပစ္စည်းပို့ဆောင်ရသူတွေ၊ ရေပိုက်တွေ၊ အဲကွန်းတွေ စသဖြင့် ပြင်ဆင်မှုတွေ လုပ်ဆောင်ပေးရ သူတွေက အလွန်အန္တရာယ်များပါတယ်။
ထည့်သွင်းစဉ်းစား
ကိုယ့်ရဲ့ လုပ်ငန်းခွင်အပေါ်မူတည်ပြီး အန္တရာယ် ရှိတဲ့အဆင့်ကို သိရှိပြီးပြီဆိုရင် လုပ်ငန်းခွင်ရဲ့ ပတ်ဝန်းကျင်၊ အလုပ်ရဲ့ သဘောသဘာဝနဲ့ အန္တရာယ် ရှိနိုင်မှု၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ အကာအကွယ် ပစ္စည်းတွေရနိုင်မှုကိုလည်း မြော်တွေးပြီး ကြိုတင် စီစဉ်တာတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါ တယ်။ အသက်အရွယ်နဲ့နောက်ခံရောဂါရှိမှု အခြေ အနေကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။ WHO က ပြောထားပါတယ်။ အန္တရာယ် ရှိနိုင်တဲ့အလုပ်တွေကို အသက်အရွယ်ကြီးသူ၊ နောက်ခံရောဂါရှိသူတွေကို တတ်နိုင်သမျှ တာဝန် မပေးဖို့၊ အန္တရာယ်နည်းနိုင်တဲ့ အလုပ်တွေကို လုပ်ဆောင်စေဖို့ ပြောထားပါတယ်။
အချုပ်အားဖြင့် ဘယ်လုပ်ငန်းခွင်မှာမဆို အရေးကြီးတဲ့အချက်က လက်ဆေးရမှာ ဖြစ်ပါတယ်။ အယ်လ်ကိုဟော ၆၀ မှ ၇၀ ရာခိုင်နှုန်းအထက်ရှိနေတဲ့ လက်သန့်စင်ဆေးရည်ကို အသုံးပြုဖို့လိုပါတယ်။ ချောင်းဆိုး၊ နှာချေရင် အုပ်ပြီးဆိုးရမယ်။ အနည်းဆုံး ၃ ပေကနေ ၆ ပေခွာဖို့ လိုပါတယ်။ Mask ကို တပ်ထားရမယ်။ လုပ်ငန်းခွင်မှာ သန့်ရှင်းမှုကိုလည်း အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ မလိုအပ်ဘဲ ခရီး သွားတာ၊ သူများစားပွဲကို သွားလည်တာ၊ အတူဝိုင်းဖွဲ့ စားသောက်တာ၊ စကားစမြည်ပြောတာတွေကို လုံးဝ မလုပ်ဆောင်သင့်ပါဘူး။ ဒီလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ဆိုင်တဲ့ မူဝါဒတွေကို အတိအကျချမှတ် ထားရမှာဖြစ်ပြီး ပညာပေးတာ၊ သင်တန်းပေးတာတွေ ကိုလည်း လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ပြီး အစစအရာရာမှာ သတိရှိနေရမှာ ဖြစ်ပါတယ်။ နေမကောင်းဘူး၊ ရောဂါလက္ခဏာတွေ ခံစားနေရပြီ ဆိုရင် မိမိတစ်ဦးတည်း သီးသန့်ခွဲနေဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ လုပ်ငန်းခွင်အကြီးအကဲကို အကြောင်း ကြားရမှာဖြစ်ပြီး တာဝန်ကျေချင်ဇောနဲ့ နေမကောင်း ဖြစ်နေတာကို လုပ်ငန်းခွင်ကို လာစရာမလိုပါဘူး။ မိမိတင်မကဘူး အခြားသူတွေကို မကူးစက်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။
ဒီလိုအန္တရာယ်ရှိတဲ့အဆင့်ကို သိပြီဆိုရင် ဘယ်လိုအန္တရာယ်နည်းအောင် လုပ်ကိုင်ဆောင်ရွက် ပေးရတယ်ဆိုတာကို သိဖို့လိုပါတယ်။ အန္တရာယ် နည်းတဲ့လုပ်ငန်းခွင်က လူတွေက ပြဿနာမရှိ ပေမယ့် အများစုသော ဝန်ထမ်းတွေတာဝန် ထမ်းဆောင်နေတဲ့ အသင့်အတင့်အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်က လူတွေက ဂရုစိုက်ဖို့လိုပါတယ်။
အသင့်အတင့်အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်က တစ်နေ့ကိုနှစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးရမှာ ဖြစ်ပါတယ်။ ညစ်ပေမှုများတဲ့ နေရာတွေကို ရေနဲ့ ဆပ်ပြာသုံးပြီး သန့်ရှင်းရေးလုပ်ရမယ်။ အထူးသဖြင့် အများသုံးတဲ့ပစ္စည်းတွေဖြစ်တဲ့ ရေချိုးခန်း၊ အိမ်သာတွေကို တစ်နေ့ကိုနှစ်ကြိမ် သန့်ရှင်းရေး လုပ်ရမှာဖြစ်ပြီး လိုအပ်တဲ့နေရာတွေကို ပိုးသန့်စင် ဆေးရည်နဲ့ သန့်ရှင်းရမှာဖြစ်ပါတယ်။ တတ်နိုင် သမျှ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေနိုင်အောင်၊ လုပ်ငန်းခွင်မှာ အချိန်မထပ်အောင် စီမံပေးရမှာ ဖြစ်ပါတယ်။ ပြင်ပလေရအောင်၊ နေရောင်ခြည်ရအောင် တံခါးတွေ ဖွင့်ထားဖို့ လိုပါ တယ်။ နေရာတိုင်းမှာ လက်ကိုအလွယ်တကူ ဆေးနိုင်အောင် ရေနဲ့ဆပ်ပြာထားရှိခြင်း၊ အချို့ နေရာတွေမှာ ရေမလိုလက်သန့်စင် ဆေးရည်ကို ထားရှိစီစဉ်ထားသင့်ပါတယ်။ လုပ်ငန်းခွင်အပေါ် မူတည်ပြီး လိုအပ်ရင် ခေါင်းဆောင်း၊ Face Shield ၊ Mask တွေကို သေသေချာချာတပ်ဆင်ဖို့လိုပါ တယ်။ စီစဉ်ထားရှိပေးဖို့လည်း လိုပါတယ်။
စည်းကမ်းတွေကို လိုက်နာ
အလွန်အန္တရာယ်များတဲ့ လုပ်ငန်းခွင်က လူတွေက အထူးသတိထားပြီး ကိုဗစ်-၁၉ ရောဂါ စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။ ခုနပြောခဲ့တဲ့အချက်တွေအပြင် လိုအပ်ရင် လက်အိတ်တွေ၊ မျက်လုံးကို ကာကွယ်ဖို့ Eye Protector တွေ၊ ခန္ဓာကိုယ်ကို ရောဂါပိုးအန္တရာယ်မှ ကာကွယ်ဖို့ လိုအပ်တဲ့ ရင်ဖုံးအကာအကွယ်တွေ၊ လည်ရှည်ဖိနပ်တွေ ဝတ်ဆင်ဖို့ လိုပါတယ်။ ဒီလိုဝတ်ဆင်တတ်အောင်၊ ချွတ်တတ်အောင်၊ အသုံးပြုပြီးရင်လည်း အန္တရာယ်ကင်းစွာ စွန့်ပစ် တတ်အောင် လေ့ကျင့်ပေးထားရမှာဖြစ်ပြီး စနစ်တကျသုံးစွဲမှု ရှိ/မရှိကိုလည်း ကြီးကြပ်ရမှာ ဖြစ်ပါတယ်။ ဒီလို အလွန်အန္တရာယ်များတဲ့ လုပ်ငန်းခွင်မှာ နောက်ခံရောဂါ ရှိနေသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက် ၆၀ အထက်တွေကို တာဝန်မပေးဖို့ WHO က ပြောကြားထားပါတယ်။
မေး။ ။ လုပ်ငန်းခွင်မှာ အန္တရာယ်ကင်းရှင်းဖို့ ဘယ်လိုလုပ်ဆောင်သွားရပါမလဲ။
ဖြေ။ ။ လုပ်ငန်းခွင်မှာ အန္တရာယ်ကင်းရှင်းစွာ လုပ်ဆောင်နိုင်ဖို့ နိုင်ငံတိုင်းက
ဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာ အိန္ဒိယနိုင်ငံက ရောဂါဖြစ်ပွားမှုများသလို သေဆုံးမှုတွေလည်း များတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ သူတို့လည်း ရုံးတွေပိတ်ရတယ်၊ Stay Home တွေ လုပ်ရတယ်၊ Lockdown တွေ လုပ်ရပါတယ်။ ရုံးတွေပြန်ဖွင့်တဲ့ အခါ လိုက်နာရမယ့် အချက်တွေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ News 18 Life Style ဝက်ဘ်ဆိုက်မှာ ဇွန်လ ၃၀ ရက်က ဖော်ပြ ထားတဲ့ ရုံးလုပ်ငန်းခွင်တိုင်းက လိုက်နာရမယ့် ကာကွယ်ရေးအချက် ၁၀ ချက်ဆိုပြီး ရှိပါတယ်။ ဒါကို ဝေမျှချင်ပါတယ်။
b စာမျက်နှာ ၁၆ မှ
လုပ်ငန်းခွင်အများစုက အရာရာကို မျှဝေ သုံးစွဲရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ထိုင်ရတာတွေ ရှိပါတယ်။ အိမ်သာ တွေ၊ ရေချိုးခန်းတွေကလည်း တွဲပြီးသုံးရတာတွေ ရှိပါတယ်။ ဒါကြောင့် ရောဂါကူးစက်နိုင်ခြေတွေ ရှိပါတယ်။ နံပါတ် (၁) ရောဂါလက္ခဏာမရှိသူများသာ ရုံးတက်ရန် ဖြစ်ပါတယ်။ ဖျားနေရင် ရုံးမလာရဘူး ဆိုတာ အသိပေးထားမယ်။ ရုံးတွေမှာ အဖျား တိုင်းတာ တာတွေ လုပ်သင့်ပါတယ်။ အသက် ကြီးသူ၊ ကိုယ်ဝန်ဆောင်နဲ့ နောက်ခံရောဂါရှိသူ တွေကို အများနဲ့ထိတွေ့တဲ့နေရာမှာ တာဝန် မပေးသင့်ပါဘူး။ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။
လက်ဆေးဖို့ ဆောင်ရွက်ပေး
နံပါတ် (၂) ရောဂါပိုးကင်းစင်အောင် ပိုးသန့်စင် ခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရုံးတွေရဲ့ အဝင်မှာ ရေနဲ့ဆပ်ပြာသုံးပြီး လက်ဆေးဖို့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ကားတွေ၊ ဖယ်ရီ တွေ၊ လုပ်ငန်းအပေါ်မူတည်ပြီး အသုံးအဆောင် ပစ္စည်းတွေ၊ အိမ်သာ၊ ရေချိုးခန်းတွေ၊ တံခါး လက်ကိုင်တွေ၊ ဓာတ်လှေကားနံရံတွေ၊ ခလုတ်တွေ ကိုလည်း သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပါတယ်။ ရုံးကားမောင်းသူ၊ ဖယ်ရီမောင်းသူတွေအနေနဲ့ မိမိကိုယ်တိုင် အန္တရာယ်ကင်းဖို့၊ မိမိရဲ့ကားကို စီးသူတွေ အန္တရာယ်ကင်းဖို့ အထူးပဲဂရုစိုက်ရမှာ ဖြစ်ပါတယ်။ မောင်းသူနဲ့ ဖယ်ရီစီးသူတွေ အနည်းဆုံး ၃ ပေနဲ့ ၆ ပေခြားရမှာ ဖြစ်ပါတယ်။ ကားကိုလည်း ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ၁ ရာခိုင်နှုန်းပါဝင်တဲ့ အရည်၊ ဖျန်းဆေးနဲ့ သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပါတယ်။
သီးခြားဇုန်တွေမှာ ထားဖို့လို
နံပါတ် (၃) သီးခြားဇုန်တစ်ခုထားဖို့ လိုတယ်လို့ ပြောပါတယ်။ အသက်ကြီးသူတွေ၊ ကိုယ်ဝန် ဆောင်သည်တွေနဲ့ နောက်ခံရောဂါရှိသူတွေကို အများနဲ့မထိတွေ့ရတဲ့ နေရာတွေ၊ သီးခြားဇုန်တွေမှာ ထားဖို့လိုပါတယ်။ နံပါတ် (၄) ပါးစပ်၊ နှာခေါင်းစည်း တပ်တယ်။ လိုအပ်ရင် မျက်လုံးကို ကာကွယ်နိုင်ဖို့ Face Shield တပ်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး လုပ်ငန်းခွင်ကလည်း ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ ချောင်းဆိုး၊ နှာချေရင် လက်ကိုင်ပဝါ၊ တစ်ရှူးအသုံးပြုဖို့၊ အလွယ်တကူ မရနိုင်ရင် မိမိလက်မောင်း တံတောင်ကွေးနဲ့ ကွယ်ပြီး အုပ်ပြီးဆိုးဖို့လိုပါတယ်။ နံပါတ် (၅) လက်သန့်ရှင်းဖို့ လိုပါတယ်။
ရေမလို လက်သန့်စင်ဆေးရည်တွေကို အလွယ် တကူထားပေးဖို့ လိုပါတယ်။ မိမိကိုယ်ပိုင်လည်း ယူဆောင်သွားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ရေနဲ့ဆပ်ပြာ သုံးပြီး သန့်ရှင်းဖို့ လိုပါတယ်။
နံပါတ် (၆) တစ်ယောက်နဲ့တစ်ယောက် ဝေးဝေး နေဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေနဲ့ ၆ ပေ၊ ဖြစ်နိုင်ရင် ၆ ပေ ခြားနိုင်ရင် ပိုကောင်းပါတယ်။ ဖြစ်နိုင်ရင် ကွန်ဖရင့် လို၊ လူများများနဲ့ အစည်းအဝေးလုပ်ရတာကို လူကိုယ်တိုင်နဲ့ တက်ရောက်တာမျိုး မဟုတ်ဘဲ အွန်လိုင်းက လုပ်ဆောင်ဖို့ လိုပါတယ်။ မဖြစ်မနေ လုပ်ဆောင်ရရင် လူအနည်းဆုံးနဲ့ အချိန်တိုတိုနဲ့ ပြီးအောင် လုပ်ဆောင်ဖို့ လိုပါတယ်။
နံပါတ် (၇) တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာ ဖြစ်နေဖို့ လုပ်ငန်းခွင်အချိန်ဇယားကို တစ်ထပ်တည်း မကျအောင်ဆွဲဖို့လိုပါတယ်။ Break Time နားချိန် ပေးဖို့ လိုပါတယ်။ လုပ်ငန်းခွင်ရဲ့ ရည်မှန်းချက်ကို ပြည့်မီအောင်လုပ်ဆောင်ရင်းနဲ့ အခြားတစ်ဖက် ကလည်း ရောဂါကင်းဝေးစေရေးအတွက် အစီအမံ များကိုလည်း ချမှတ်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နံပါတ် (၈) တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း အားပေးရမှာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး အပြင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လိုက်နာ ရမယ့် စည်းကမ်းတွေကို အသိပေး၊ သတိပေး ပိုစတာတွေကို ထားရှိရမှာဖြစ်သလို ဆုပေးတာ၊ ချီးကျူးစကားပြောတာတွေနဲ့ လိုက်နာဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
နံပါတ် (၉) လုပ်ငန်းခွင်က တစ်စုံတစ်ယောက် ဖျားနာနေတယ်၊ သံသယလက္ခဏာရှိတယ်ဆိုရင် အပြစ်တင်တာမျိုးမလုပ်ဘဲ သက်ဆိုင်ရာကို သတင်း ပေးပို့ရမှာ ဖြစ်ပါတယ်။ မိမိမှာ သံသယလက္ခဏာ ရှိတယ်၊ ပိုးတွေ့သူနဲ့ ထိတွေ့မှုရှိတယ်ဆိုရင် အထက်ဌာနကို ချက်ချင်းသတင်းပို့ပြီး သီးခြား ခွဲနေရမယ်၊ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ဆောင်ပြီး လိုအပ်ရင် ကုသမှုတွေခံယူရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ဖျားနာနေတဲ့ လုပ်ဖော်ကိုင်ဖက် တွေကို အပြစ်တင်တာမျိုးမလုပ်ဘဲ ခွင့်ပေး သင့်ပါတယ်။ ဖေးမကူညီရမှာဖြစ်ပါတယ်။ နံပါတ် (၁၀) မိမိလုပ်ငန်းခွင်မှာ ပိုးတွေ့သူ တစ်ယောက်၊ နှစ်ယောက်ရှိရင် သူအလုပ်လုပ်ခဲ့တဲ့နေရာကို ၄၈ နာရီ အသုံးမပြုဘဲ ပိုးသန့်စင်ရမှာ ဖြစ်ပါတယ်။ ပိုးတွေ့သူများလာရင် ဒီဌာနကို ၄၈ နာရီပိတ်ပြီး ပိုးသန့်စင်ရမှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ပြောရရင် မိမိရဲ့အလုပ်ကို ချစ်မြတ်နိုးရမှာ ဖြစ်ပါတယ်။ အလုပ်ကို ချစ်မြတ်နိုး မှ မိမိနိုင်ငံကို ချစ်တယ်လို့ပြောနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းက ကိုယ့်ရဲ့စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပညာရေး စသဖြင့် ဘက်ပေါင်းစုံက ပြန်ပြီးနာလန်ထူအောင် လုပ်ဆောင်ရမှာ ဖြစ်တဲ့ အတွက် လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်တဲ့အခါ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးအောင် စည်းကမ်းချက် တွေကို လိုက်နာရင်း တစ်ဖက်ကလည်း မိမိရဲ့ ကာယ၊ ဉာဏအားတွေကို အပြည့်ထည့်ပြီး စွမ်းအားပြည့် လုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ လိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ။