
နေမင်း
လွန်ခဲ့တဲ့ ၁၄ နှစ်က တိုကျိုမြို့ လူစည်ကားရာ လမ်းမထက်မှာ သွေးရူးသွေးတန်းတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ လူခုနစ်ဦးကို အသက်သေဆုံးစေခဲ့တဲ့အထိ ဓားနဲ့တိုက်ခိုက်ခဲ့တဲ့ ပြစ်မှုထင်ရှား လူတစ်ဦးကို ကွပ်မျက်ခဲ့တယ်လို့ ဂျပန်မီဒီယာတွေမှာ ဇူလိုင် ၂၆ ရက်က ဖော်ပြခဲ့ပါတယ်။
လူခုနစ်ဦးကို ဓားဖြင့်ထိုးသတ်
အများပြည်သူ အသံလွှင့်ဌာနတစ်ခု ဖြစ်တဲ့ အင်န်အိတ်ချ်ကေနဲ့ တခြား သတင်းမီဒီယာတွေမှာ အသက် ၃၉ နှစ် ရှိတဲ့ ကာတို တိုမိုဟီရို ကို ၂၀၀၈ ခုနှစ် မဆင်မခြင် မိုက်မိုက်ကန်းကန်း သောင်း ကျန်းမှုနဲ့ မသေမချင်း ကြိုးကွင်းစွပ်သတ် ပြစ်ဒဏ်စီရင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကာတို တိုမိုဟီရို ဟာ သူ့ရဲ့ နှစ်တန် ကုန်တင်ကားကို လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တွေနဲ့ သာမက ဂျပန်အန်နီ မေးရှင်းကာတွန်း၊ သိပ္ပံစိတ်ကူးယဉ်၊ ဗီဒီယိုဂိမ်းစတာတွေနဲ့ ဆက်စပ်လျက် ရှိတဲ့ ဂျပန်ဝါသနာရှင်တို့ရဲ့ ယဉ်ကျေးမှု ပုံစံတစ်ခုဖြစ်တဲ့ geek subculture တွေနဲ့ စည်ကားနေပြီး ဈေးဝယ်ဒေသလို့ တင်စားရလောက်တဲ့ အာကီဟာဘာရာရှိ ကြက်ပျံမကျ စည်ကားလှတဲ့ လမ်းသွား လမ်းလာ ကြားထဲကို သွေးရူးသွေးတန်းနဲ့ အတင်း မောင်းဝင်ခဲ့ပါတယ်။ အဲဒီနောက် မှာ သူဟာ သူ့ရဲ့ ကုန်တင်ကားထဲက ထွက်လာပြီး လမ်းသွားလမ်းလာတွေကို ဓားဖြင့် လိုက်ထိုးခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်မှာ ကာတို တိုမိုဟီရို ရဲ့ မိုက်မဲ တဲ့ လုပ်ရပ်ကြောင့် လူခုနစ်ဦး သေဆုံးခဲ့ ပြီး အခြားလူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လူသတ်ဖို့ရောက်လာခဲ့
အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ဖြစ်ရပ် အပေါ် အထီးကျန်သူ ကာတိုက ဘဝကို ငြီးငွေ့တယ်ဆိုပြီး ရဲတွေကို ညည်းညူခဲ့ဖူးပါတယ်။ “အာကီဟာ ဘာရာကို လူသတ်ဖို့ရောက်လာခဲ့တယ်၊ ဘယ်သူ့ကိုပဲ သတ်ရသတ်ရဆိုပြီး” လို့ သူက ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ အဲဒီလိုလူသတ်မှုဟာ ခုနစ်နှစ်အတွင်းမှာ အဆိုးရွားဆုံးတိုက် ခိုက်မှုဖြစ်ခဲ့သလို နိုင်ငံကို အတော်လေးတုန်လှုပ်သွားစေခဲ့ပါတယ်။
ရဲရှေ့မှောက်လျက်လဲ
အဲဒီတိုက်ခိုက်မှု ပြီးပြီးချင်းမှာပဲ သူဟာ ရဲရှေ့မှောက်လျက်လဲဆိုသလို ရဲအရာရှိနဲ့ ပက်ပင်းတိုးမိပြီး အဖမ်းခံ ခဲ့ရပါတယ်။ သူဟာ အာကီဟာ ဘာရာကိုသွားမယ့် သူ့ရဲ့ခရီးစဉ်ကို အင်တာနက်ပေါ်မှာ ကားမောင်းနေရင်းနဲ့ မှတ်တမ်းတင်ခဲ့ပြီး သူ့ဘဝအလုပ်မည်မည် ရရမရှိဘဲ အထီးကျန်ပြီး ငြီးငွေ့စရာ ကောင်းပုံကို ရေးသားခဲ့ပါတယ်။
ကာတိုဟာ အဲဒီဒေသကို အကြိမ်ပေါင်း များစွာ ရောက်ဖူးပြီး အဲဒီဒေသရဲ့ လျှော့ဈေးစတိုးဆိုင်တွေမှာ ဈေးဝယ် သူများနဲ့ ခရီးသွားများ ပြည့်ကျပ်နေမယ့် အခြေအနေကို သိရှိထားပါတယ်။
ယုံကြည်ချက်တွေကွယ်ပျောက်
ဘဏ်လုပ်ငန်းရှင်တစ်ဦးရဲ့ သားဖြစ် တဲ့ ကာတိုဟာ ဂျပန်နိုင်ငံမြောက်ပိုင်း အိုမိုရီခရိုင်မှာ ကြီးပြင်းခဲ့ပါတယ်။ အဲဒီမှာ သူဟာ ထိပ်တန်းအထက်တန်း ကျောင်းတစ်ကျောင်းမှာ ဘွဲ့ရခဲ့ပါတယ်။ သူဟာ သူ့ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျခဲ့ပြီး နောက်ဆုံးမှာ ကားစက်ပြင် ဆရာအဖြစ် လေ့ကျင့်သင်ကြားခဲ့တယ်လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
အွန်လိုင်းမှာ စကားပြောဖူးခဲ့တဲ့ အမျိုးသမီးတစ်ဦးကို သူ့ဓာတ်ပုံတစ်ပုံ ပို့လိုက်ပြီးနောက်မှာ အဲဒီအမျိုးသမီးက သူနဲ့ ရုတ်တရက်အဆက်အသွယ်ဖြတ် တောက်လိုက်တဲ့အချိန်ကစပြီး ကာတိုရဲ့ ယုံကြည်ချက်တွေ ကွယ်ပျောက်ခဲ့တယ် လို့ အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါ တယ်။
မိမိလုပ်ရပ်အတွက် နောင်တရ
လူအများကြီးကိုသတ်မယ့် သူ့ရဲ့ အစီအစဉ်ကို ဘာတုံ့ပြန်မှုမှ မပေးကြတဲ့ အတွက် သူ့ရဲ့ဒေါသတွေဟာ အထွတ် အထိပ်ကိုရောက်ရှိခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။
တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေစဉ် ဓားထိုးခံရမှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် အငှားယာဉ်မောင်း တစ်ယောက်ကို မိမိလုပ်ရပ်အတွက် နောင်တရကြောင်း ကာတိုက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ကွပ်မျက်မှုထွက်ပေါ်
အသတ်ခံရသူတွေဟာ သူတို့ရဲ့ဘဝ တွေကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပြီး သူတို့မှာ အိပ်မက်တွေ၊ တောက်ပတဲ့ အနာဂတ်တွေ၊ နွေးထွေးတဲ့မိသားစုတွေ၊ ချစ်သူတွေ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေရှိခဲ့တယ်လို့ ကာတိုက ရေးသားခဲ့ပါတယ်။ သူ့ရဲ့မှတ်ချက်ကို ရှင်ကန်အဆာဟိ အပတ်စဉ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။
သေဒဏ်ဖျက်သိမ်းဖို့ နိုင်ငံတကာ ဖိအားပေးမှုတွေကို ဂျပန်နိုင်ငံက ဆက်လက်ခုခံနေချိန်မှာ သူ့ရဲ့ ကွပ်မျက် မှု ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။
သက်ညှာပေးရန် နေရာမရှိ
ကာတိုဟာ အင်္ဂါနေ့နံနက်ပိုင်းမှာ သူ့ကိုအကျဉ်းချရာ တိုကျိုထိန်းသိမ်း ရေးစခန်းမှာ ကွပ်မျက်ခံခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်မှာ တရားရုံးချုပ်က ကာတိုရဲ့ အယူခံဝင်မှုကို ပယ်ချခဲ့ပြီး အောက်တရားရုံးများက ချမှတ်ခဲ့တဲ့ သေဒဏ်ကို အတည်ပြုခဲ့ပါတယ်။ ပြစ်မှုရဲ့ ကြီးလေးတဲ့အတိုင်းအတာဟာ ပြစ်မှုကျူးလွန်သူအား သက်ညှာပေးရန် နေရာမရှိဘူးဆိုပြီး တရားသူကြီးက ပြောကြားခဲ့ပါတယ်။
လူထုထောက်ခံမှု မြင့်မား
တရားရေးဝန်ကြီး ဖူရူကာဝါက ဇူလိုင် ၂၆ ရက်သတင်းစာရှင်းလင်းပွဲမှာ သတ်ဖြတ်မှုများဟာ အလွန်ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့ပြီး လူခုနစ်ဦးရဲ့အသက်ကို လူမဆန်ဘဲ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း ဟာ လူမှုအသိုင်းအဝိုင်းကို တုန်လှုပ်စေ တယ်လို့ ဖော်ပြခဲ့ပါတယ်။
အခုသေဒဏ်ချမှတ်မှုဟာ ဂျပန် ဝန်ကြီးချုပ် ကီရှီးဒါးဖူမီယိုအစိုးရ လက်ထက်မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယ မြောက် သေဒဏ်ဖြစ်ပါတယ်။ ပထမဆုံး သေဒဏ်ကတော့ ဒီဇင်ဘာလက ဖြစ်ခဲ့ ပါတယ်။
လူထုစစ်တမ်းတွေမှာတော့ ပြစ်ဒဏ် စီရင်ခြင်းအတွက် လူထုထောက်ခံမှု မြင့်မားတယ်ဆိုတာကို ပြသလျက်ရှိပါ တယ်။ ။
ကိုးကား - အင်န်အိတ်ချ်ကေ၊
အေပီ၊ သည်အဆာဟိရှင်ဘွန်း