ဘဝအတွက်အဖိုးတန်ရာ တရားနှင့် သာမညဖလအခါမှာ

Type

 

​ဒေါက်တာ မြတ်မိုး

လောကကြီးမှာ အယူမမှား၊  အယူမှန်ဖို့က အရေးကြီးလှသည်။ အယူမှန်မှလည်း မှန်ကန်သော အကြံအစည်ဟူ၍ ဖြစ်ပေါ်နိုင်ပါသည်။ ကိလေသာတို့ကို ပယ်သတ်ပြီး နိဗ္ဗာန်သို့ လျှောက်လှမ်းရာမှာ ဒုက္ခကို ဒုက္ခမှန်းသိခြင်း၊ ဒုက္ခ၏အစ ၊ ဒုက္ခချုပ်ကြောင်းနှင့် ဒုက္ခငြိမ်းရာ အမှန်လမ်းကို သစ္စာအမှန်အဖြစ်လည်းကောင်း၊ သမ္မာဒိဋ္ဌိဟူသော အယူမှန်ခြင်းကို မဂ္ဂင်ရှစ်ပါးမှာ အရေးကြီးဆုံးတစ်ပါးအဖြစ်လည်းကောင်း ကျေးဇူးရှင်မြတ်စွာဘုရားက အတိအလင်း ဟောတော်မူခဲ့သည်။

ထိုတရားများ၏ ဆန့်ကျင်ဘက်ကား မိစ္ဆာဒိဋ္ဌိ အယူမှားခြင်းဖြစ်သည်။   အယူမှားမှုတွေကြောင့် လူတွေပျက်စီးရသည်။   လောကကြီးဖျက်ဆီးခံရ သည်။ မြတ်စွာဘုရားဟောတော်မူသော၊ မှန်ကန် သောအယူဟူသည်  မည်သည့်ဘာသာဖြစ်ရမည် ဟုမဆို၊     သတ္တဝါအားလုံးအတွက်ဖြစ်သည်၊၊ ဟိုအတွက်တော့မှန်သည်၊ ဒီအတွက်တော့ မမှန် မဟုတ်ပါ။    လက်တွေ့လိုက်နာကျင့်ကြံကြည့်ရန် အားပေးသည်။ အထက်ပါ သမ္မာဒိဋ္ဌိ မှန်ကန်သော အယူနှင့်  မှန်ကန်သောအမြင်တွေကြောင့်  အချို့ ပညာဉာဏ်ကြီးသူများမှာ   သစ္စာလေးပါးအလင်း တရားကိုရှာဖွေလာကြပြီး     သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေးအထိ အကြံအစည်များဖြစ်ပေါ်ရ သည်။ တစ်ပါးသူကို  မပင်ပန်းစေခြင်း၊ စိတ်ဒုက္ခ မရောက်စေခြင်း၊ သတ္တဝါတွေကို မပျက်စီးစေလို ခြင်း စသည်စေတနာကောင်းရှိသူတွေ လောကမှာ အများအပြားရှိပါသည်။ သူတို့အတွက် ဒီလိုအကြံ အစည်မျိုးတွေ ရရှိလာခြင်းသည်ပင်   အရင်းစစ် ကြည့်တော့ အယူမှန် အမြင်မှန်ကြသောကြောင့်ဟု ယုံကြည်မိပါသည်။
 မှားယွင်းသောအယူနှင့်  အစွဲကြီးရာမှသည်
ထို့ကြောင့် ဒုစရိုက်တွေကင်းရာနှင့် သုစရိုက် တွေများရာ   ယုတ်ညံ့မှုတွေနှင့်  ဖြူစင်မှုတွေရှိရာကို မှန်ကန်သောအယူနှင့်   ဆက်စပ်ကြည့်မိသည်။ သာသနာကာလမှာ လူဖြစ်လာရသော်လည်း လောက ကြီးမှာ  အယူမှားမှုဟူသော    အခြေခံဉာဏ်ပညာမဲ့ တရားအစုတွေကြောင့် မလုံခြုံသလို ခံစားနေကြ ရခြင်းဖြစ်သည်။ အယူမှားမှုနှင့်အတူ အကျင့်မှား၊  ယုံကြည်မှုအမှား၊     သံသယပေါင်းများစွာနှင့် ကျင်လည်နေကြရသည်။ ဘုရား၊ တရား၊ သံဃာ ဟူသော    ရတနာသုံးပါးကိုပင်    ယုံကြည်အောင် မနည်းကြိုးစားနေရသူတွေ    ရှိနေသေးသည်။ ရတနာသုံးပါးကိုမယုံကြည်၊ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊    မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်ကိုလည်းမသိ၊    ကုသိုလ်၊ အကုသိုလ်ဆိုတာရှိသည်ကိုလည်းမသိ၊ ကုသိုလ်၊ အကုသိုလ် အကျိုးပေးကိုလည်း မယုံကြည်မှတော့ ဘဝသံသရာအဆက်ဆက်ဆိုသည်ကိုလည်း ယုံနိုင် တော့မည်မဟုတ်၊ ထို့ကြောင့် ရှည်လွန်းလှသည့် သံသရာမှာ နောင်ဘဝဆိုသည်လည်းမရှိ၊   ဒီဘဝ မှာပဲပြတ်သည်၊ ကောင်းတာ၊ မကောင်းတာလည်း ဒီဘဝမှာပဲပြီးသည်ဟု     အစွဲရှိတတ်ကြသည်။ သံသရာကိုမယုံကြည်သည့်အတွက် တဝဲလည်လည် ဖြင့် လောဘ၊  ဒေါသ၊ မောဟအစုံမှာ ကြီးလေးသော အပြစ်များကျူးလွန်မိသလိုဖြစ်နေသည်။ ထို့ကြောင့် လက်တွေ့မှာ အမှားတွေများလာကြပြီး ပစ္စုပ္ပန်မှာ အကျိုးဆုတ်ယုတ်ပျက်ပြားကြရသလို သံသရာမှာ လည်း အကျိုးပေးမလှ ဒုဂ္ဂတိဘဝရောက်ကြရသည်။
အယူမမှန်၊  အတွေးမမှန်သည့်အခါ   ဆရာ အတင်မှားပြီး မိတ်ဆွေအစစ်အမှန်ကို  မသိနိုင် လောက်အောင်   အမှတ်မှားကုန်ကြခြင်းလည်း ပါမည်ထင်သည်။  မပေါင်းအပ်သူနှင့် ပေါင်းမိခြင်း ပါသလို မပြစ်မှားသင့်သူကို ပြစ်မှားမိခြင်းကြောင့် လည်းဖြစ်သည်။ တကယ်မရှိတာကို အရှိထင်၊ ရှိတာ ကိုလည်း ယုတ္တိရှိ/မရှိ သဘာဝတရားနှင့်ယှဉ်ပြီး မဆန်းစစ်နိုင်ကြ၊ သူများက   ဝေဖန်တော့လည်း အဝေဖန်မခံနိုင်ကြ။     ဒီတရားတွေကို မသိသည့် အတွက် ဒါဟာလည်းငါ့ဟာ၊ ဟိုဟာလည်းငါ့ဥစ္စာ၊ ငါသူတစ်ပါး ယောကျ်ားမိန်းမ ငါ့အတ္တတွေအထိ ဖြစ်တည် လာရတော့သည်။ နောက်ဆုံး အားလုံးဟာ မမြဲခြင်းသဘောတွေဆိုတာလည်း   မမြင်နိုင်ကြ တော့ပါ။
အယူမှားတတ်သူတွေသည် မှန်ကန်ရာကိုမယူ တတ်ကြပေမယ့် မမှန်တာကိုတော့ စွဲတတ်ကြသည်။ တချို့အစွဲကြီးစွဲ၍ အတ္တကြီးသူတွေဖြစ်ကုန်သည်။ ကိုယ်စွဲမိစွဲရာကို အမှန်ဟုလည်း ထင်မှတ်မှားတတ် ကြသည်။ ကိုယ့်အယူအဆသာ အမှန်၊ သူ့အယူအဆ ကတော့အမှားဟု တရားသေယူဆပြီး ကိုယ့်အယူ ဝါဒကို  မစွန့်လွှတ်နိုင်ဖြစ်ကြရသည်။ တချို့မှားမှန်း သိသည့်တိုင်မချွတ်နိုင်၊ မကျွတ်နိုင်ကြ။ အစွဲကြီးလွန်း တော့ အမှန်ဘက်သို့ မရုန်းထွက်နိုင်ဖြစ်ကြရသည်၊၊ အသိတွေ အမှောင်ဖုံးတော့ အမှားတွေ   ကျူးလွန်ကြ တော့သည်၊၊ ထို့ကြောင့် ဒီဘက်ခေတ်တွေမှာ သီလ၊   သမာဓိ၊    ပညာနည်းသည်ထက်နည်းလာကြပြီး အသက်တွေသတ်ကြ၊  ဖြတ်ကြရမှာ  ဝန်မလေး၊ စင်စင်ကြယ်ကြယ် အသက်မွေးခြင်းမရှိ၊    ကိုယ့်ဥစ္စာ မဟုတ်လည်း မတရားယူကြ၊ မှားယွင်းတဲ့  ကာမ ဂုဏ်မှာလည်း လွန်ကျူးပျော်ပါးကြ၊  အကျိုးမရှိ လိမ်ညာကြကဲ့ရဲ့ကြ၊ ကုန်းတိုက်သိမ်ဖျင်း ကြမ်းတမ်း အကုန်ပြောပြီး မူးယစ်ရမ်းကား ဒုစရိုက်မှုအကုန် အမှားကြီးမှားမိကြတော့သည်၊၊
ဆရာအတင်မှားမိသည်၏အဖြစ် 
ခေတ်သစ်မှာ    လူတို့၏မှောက်မှားခြင်းတချို့ သည် ယုံကြည်မှုမှား၊ ကိုးကွယ်မှုမှား၊ အယူမှားခြင်း များကြောင့်ဖြစ်ကြရသည်ကို ယခုလို တန်ဆောင်မုန်း လအခါသမယ ကြုံကြိုက်ခိုက်မှာ မြတ်စွာဘုရားရှင် ပွင့်ဆဲလက်ထက် ဘုရင်ဗိမ္မိသာရမင်း၏သားတော်   အဇာတသတ်မင်းသား၏ အတိတ်အကြောင်းအရာ နှင့် ဆက်စပ်၍  ထုတ်နုတ်သုံးသပ်   သင်ခန်းစာ ယူသင့်ကြပါသည်။ အားလုံးကြားဖူး        နာယူဖူးကြ သည့်အတိုင်း   အဇာတသတ်မင်းသားသည် ဘုရား ကို အထင်လွဲ၊ သံဃာသင်းခွဲရန်အကြံရှိသည့် ဈာန် အဘိညာဉ်ရပြီး​သော ဒေဝဒတ်ကိုမှ အထင်ကြီးပြီး   ဆရာအတင်မှားမိသည်။ ငယ်လည်းငယ်၊  ဉာဏ်ပညာ ကလည်းနည်း   မောက်လည်း  မောက်မာလွန်း သည့်အခါ  ဆရာညွှန်ကြား အယုံသွင်းသည့်အတိုင်း    သူ၏ဖခင်ကို     သူကိုယ်တိုင်သတ်သည့်အမှုကို ကျူးလွန်မိခဲ့သည်၊၊   သတ်ရသည့်အကြောင်းကို  ဆန်းစစ်သော်  ဖခင်ဘုရင်၏ စည်းစိမ်နှင့်     အာဏာ ကို မက်လွန်းမကမက်သည့် ကိုယ်ကျိုးအတ္တ၊ ဆရာ ဒေဝဒတ်ကဲ့သို့  ဖန်ဆင်းအစုံ   တန်ခိုးအစုံအစုံကို အလိုရှိခြင်း၊  အရွယ်နုပျိုစဉ်မှာ     တက်ကြွသော မာန်ယစ်မှု၊   လက်နက်အားကိုးပြီး မူလဗီဇကိုက သတ်ချင်ဖြတ်ချင်သည့်စိတ်၊   ယုံကြည်လွယ်၍ မှားသော အယူရှိခြင်းသည်ပင် အရင်းခံအကြောင်း တရားများ   ဖြစ်လာရသည်။ တပ်မက်ခြင်းလောဘ ကြောင့် လိုချင်တာမရသည့်အခါ ဒေါသကြောင့် အကုသိုလ်အမှုကြီး ကျူးလွန်မိခြင်းပင်  ဖြစ်တော့ သည်။  
 ကြီးမားလွန်းသည့် အကုသိုလ်ကံတွေကြောင့်      
သတ္တဝါအားလုံးတို့အတွက် မိတ်ဆွေကောင်း သဖွယ်ဖြစ်သော    ကလျာဏမိတ္တ ဘုရားရှင်အား လုပ်ကြံပြစ်မှားခြင်း၊ ကျေးဇူးရှင်ဖခင်အား  သတ်မိ ခြင်းအကုသိုလ်များကား   ကြီးမားလွန်းလှသည်။ ဆရာကောင်းသဖွယ်ဟန်ဆောင်၍  မူလကုသိုလ် အမြစ်ကို ဖျက်ဆီးမိသည့် ဒေဝဒတ်၏ အကုသိုလ် ကံကလည်း  မသေးလှ။ ထိုအကုသိုလ်ကံအကျိုးပေးကြောင့်ပင် သွေးအန်မြေမျို၊  မလှမပ ဘဝဆုံးရ သည့် ဒေဝဒတ်၏ဘဝ၊ ဆရာအတင်မှား အသုံးချခံ ဘဝမှာ   ဖခင်ဘုရင်ကို   သတ်မိသည့် အဇာတသတ် ၏ ငရဲပြည်လားရသည့်ဘဝများသည် သံဝေဂယူ စရာများပင် ဖြစ်တော့သည်။ သို့သော် အဇာတသတ် တွင် ပြုမိဖူးသည့် ကောင်းမှုကုသိုလ်များကြောင့် မဟာအဝီစိငရဲကျရမည့်အစား   ပို၍ပေါ့ပါးသည့် ကုမ္ဘီငရဲသို့သာ လားရသည့်အဖြစ်ကို ကြည့်ခြင်းဖြင့် လည်း ယခုဘဝမှာ ကုသိုလ်ကောင်းမှုတစ်ခုခုကို  ကြိုးစားပြုခဲ့လျှင်၊  လုပ်လျှင်လုပ်သလောက် အကျိုး ပေးကောင်းပါကြောင်း     သုံးသပ်မိပြန်သည်။ သေလွန်ပြီးငရဲပြည်မသွားခင် ကုသိုလ်ကောင်းမှု ပြုဖြစ်ခြင်းအကြောင်းကလည်း မှန်ကန်သောအယူ ကိုရှာဖွေနိုင်ခြင်းနှင့် ဆရာကောင်း၊   ဆရာမှန်ကို အချိန်မီ  ဆရာတင်ခဲ့ခြင်းက   အရင်းခံဟု သုံးသပ်နိုင် ပါသည်။ 
တကယ်တော့ ဒေဝဒတ်ရော အဇာတသတ်ပါ   ချမ်းသာရာကို   ရှာခဲ့ကြသော်လည်း ဆင်းရဲခြင်း ကိုသာ ရခဲ့ကြခြင်းဖြစ်သည်။ အဇာတသတ်ခမျာ ဖခင်ကိုသတ်မိခဲ့သည့် အကုသိုလ်ကံကြီးကြောင့် သေတာထက်ဆိုးသည့်   စိတ်ကျဝေဒနာ၊ တွေတွေ ဝေဝေသေရမည်ကို ထိတ်လန့်ပြီး ငရဲပြည်ရောက်ရ တော့မည်ဟူသော စိုးရိမ်မှုသောက၊ အိပ်မက်ဆိုး များနှင့်   အိပ်မပျော်နိုင်ရှာသော၊ အိပ်ရမည်ကိုပင် ကြောက်နေရရှာသော ဝေဒနာအပူမီး၊ ထိုမီးများကား  ငရဲမီးကဲ့သို့ ပူပြင်းလှပါသည်။ အသက်ရှင်နေရသော် လည်း    အပြစ်တို့ဖြင့်သာ ပြည့်နှက်နေတော့သည်။ 
သီလနည်းခဲ့၍ ပရိသတ်အလယ် ကြောက်ရွံ့ခြင်း ကင်းကင်းနှင့်  စိတ်ကြည်လင်ရွှင်ပျခြင်းအကျိုးကို အဘယ်မှာလျှင် ရနိုင်ပါမည်နည်း။ ဆရာအမှားနှင့် မိတ်ဆွေအတုကို ပေါင်းမိခဲ့သည့် အယူမှားနောင်တ ကို ဖြေဆည်မဆုံးနိုင်တော့၊ ထိုဝေဒနာကို အမြန် ပျောက်ကင်းလိုလှ၍   ကယ်တင်ရှင်မျိုးစုံကိုသာ ရှာဖွေမိတော့သည်။ သို့သော် မူလတွေ့သမျှ နာယူ မိသမျှ တိတ္ထိဆရာအားလုံး၏ အဖြေကား မရေရာ ဇဝေဇဝါအခြေအနေမှာ     လိုချင်သောအဖြေကိုမူ ဘယ်လိုမှ ရှာဖွေမတွေ့နိုင်ခဲ့ပါ။ 
ကလျာဏမိတ်ဆွေအစစ်ထံမှ   
သို့သော်   အဇာတသတ်မင်းကြီးမှာ နောက်ဆုံး မှာ အမှန်ကိုရှာတွေ့လိုသည့်     ကုသိုလ်ဇောအရှိန် ကြောင့်  အမှန်လမ်းစအကြံပေးစွမ်းသော သမား တော်ကြီးဆရာဇီဝကမှတစ်ဆင့် ကလျာဏမိတ်ဆွေ ဘုရားရှင်ကို   တွေ့ထိဖူး​မြော် နာယူခွင့်ရလိုက်ပါပြီ။ သူတစ်ပါးကို နက်နဲသောတရားစကားဖြင့် ဆုံးမ တတ်သော ဆရာကောင်း၊ ဆရာမြတ်နှင့် တွေ့ရပြီ ဆိုမှတော့ အဆုံးအမကို ကောင်းစွာခံယူနိုင်သော တပည့်ကောင်းတစ်ဦးလည်း ဖြစ်ခဲ့ရပါပြီ။ ရာဂနှင့် သဒ္ဓါသည် ဂုဏ်ချင်းနီးပြီး   သဘောသဘာဝချင်း တူညီကြသည်ဟု   မှတ်သားဖူးသည်ဖြစ်ရာ မင်းကြီး အဇာတသတ်အဖို့ ရာဂစရိုက်ဖြင့် အကုသိုလ်များကို   သိမ်မွေ့နူးညံ့    မကြမ်းတမ်းလွန်းဘဲ  ကျူးလွန်ခဲ့၍ ထင်သည်၊   သဒ္ဓါအားကြီးလာတော့လည်း ကုသိုလ် အားက သာလွန်သွားခြင်းဖြစ်မည်ဟု  သုံးသပ်မိ ပါသည်။ ရာဂစရိုက်ဖြင့် အကျိုးစီးပွားကို မစွန့်နိုင်ခဲ့ သော်လည်း    အားကြီးသောသဒ္ဓါဖြင့် သီလဂုဏ်ကို ရှာနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
ဘုရားရှင်ထံမှာ        အဇာတသတ်မင်းကြီး လျှောက်ထားမေးမြန်းခြင်း၊  မှတ်သားနာယူခြင်း အကျိုးရလဒ်ကား  ကြီးမားလှပါသည်။    ယခုလို တန်ဆောင်မုန်းလပြည့်  သာမညဖလအခါတော် နေ့မှာ  အေးချမ်းလှပ လပြည့်ညတစ်ည၏အရသာကို ‘‘သာမည’’- ရဟန်းပြုခြင်း၏ ‘‘ဖလ’’အကျိုးကျေးဇူး မည်သော သာမညဖလသုတ်တော်နှင့်အတူ ဘုရား ရှင်ထံမှာ ရဟန္တာဖြစ်လာပုံတရားကို ပြည့်ပြည့်စုံစုံနာယူခွင့်ရခဲ့ပါပြီ။ ဘုရားရှင်ကြောင့်   ငြိမ်းချမ်းမှုနှင့် အတူ မိမိ၏ကြီးလေးသောအပြစ်များကို ကုစားနိုင် ခဲ့ပါပြီ။ ဖခင်ကိုမသတ်မိလျှင် သောတာပန်ဟူသော အရိယာ၊ သတ်မိတော့လည်း ငရဲဘဝ၊ ဘုရားရှင်နှင့် တွေ့ပြီး ဝိဇိတာဝီပစ္စေကဗုဒ္ဓါအဖြစ် ရောက်ရမည် ဆိုတော့လည်း သံဝေဂယူဆင်ခြင်စရာတွေအပြည့်၊၊ တရားနာခွင့်ရခြင်း၊ ရတနာသုံးပါးကို   အလေးအနက် ယုံကြည်သွားခြင်း၊ ဖခင်သတ်မိသော  အကုသိုလ် ကြောင့်   မိမိမှာ  ရဟန်းပြုခွင့်မရခဲ့သော်လည်း သားဖြစ်သူအား  သာသနာ့ဘောင်မှာ    သွတ်သွင်း နိုင်ခဲ့ခြင်း၊   ဘုရားဒကာခံယူ၍   ကိုယ်တိုင်ပထမ သင်္ဂါယနာတင်ခွင့်ရခြင်း၊     ဓာတ်တော်မွေတော် များကို စုဆောင်းလက်ဆင့်ကမ်း အမွေပေးနိုင်ခြင်း၊   ဗုဒ္ဓသာသနာနှစ်ကို  အတိအကျသတ်မှတ်နိုင်ခဲ့ခြင်း၊      ဘုရားဟော ပိဋကတ်တော်များအား  မပျောက်ပျက်  မပျက်စီး နိုင်ရန် နောင်လာနောက်သား ဗုဒ္ဓဘာသာဝင်များ      အစဉ်အဆက်    ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်        ကျေးဇူးပြုခဲ့ခြင်း ဂုဏ်ကျေးဇူးများကား ကြီးမားလွန်း သဖြင့် ကျေးဇူးအထူးတင်မိပါသည်။   အဇာတသတ် မင်းကြီး၏ကျေးဇူးကြောင့် ဗုဒ္ဓဘာသာကို အသိ အမှတ်ပြုခွင့်ရ၊     စောင့်ရှောက်ခွင့်ရခြင်းသည်ပင် ကျွန်တော်တို့အားလုံးမှာ ကုသိုလ်ဧကန်ဖြစ်ခဲ့ရပါပြီ။
အချုပ်အားဖြင့်တော့   ဘဝမှာယူတတ်လျှင် အမှားကိုပယ်၊  အမှန်ကိုယူနိုင်မည့်   အဖိုးတန်ရာ တရားများစွာရှိပါသည်။ လောကမှာ  လောဘကြီး တာလည်း  မကောင်း၊  ဒေါသကြီးလွန်းတာလည်း မကောင်းပါ။ လောဘကို လောဘဖြစ်မှန်းမသိ၊ ဒေါသ ကိုဒေါသဖြစ်မှန်းမသိဖြစ်ရသော မောဟကြောင့် ဆိုလျှင် ပိုပြီးဆိုးရွားမှုများ   တွေ့ကြုံနိုင်သည်ကို နားလည်ပြီးလည်း ဖြစ်ကြပါသည်။ လောဘ၊ ဒေါသ၊ မောဟအခြေခံ  အကုသိုလ်ခြံရံ၍  တစ်ဦးအပေါ် တစ်ဦး အနိုင်မယူချင်ကြစေဘဲ    တရားမျှတမှုကို အခြေခံ၍သာ အနိုင်ယူစေချင်ပါသည်။
သဒ္ဓါ၊ သတိ၊  ဟီရိ ဩတ္တပ္ပ၊ အကြားအမြင်များခြင်း၊ ဗာဟုသစ္စ၊ ဝီရိယ၊ ပညာတို့ဖြင့်ပြီးစေမည့်   သီလ တွေကို ဆောက်တည်လျက်   တန်ဆောင်မုန်းလ အခါသမယဝယ် ကြည်နူးဖွယ်ရာ လပြည့်ညများကို အေးအေးချမ်းချမ်းခံစားနိုင်ကြပါစေဟု ဆုတောင်း ပေးချင်သည်။   တစ်ဦးနှင့်တစ်ဦး  မှန်ကန်သော ဉာဏ်အမြင်ဖြင့် ယုံမှားသံသယများကင်းပျောက်ပြီး မြင့်မြတ်သော အသက်မွေးမှုဖြင့်လည်း အရာရာ ကို စင်ကြယ်စေလိုပါသည်။
ပါရမီရင့်သန်သူများအတွက် ကိလေသာအရှုပ် အထွေးကို ရှင်းထုတ်နိုင်မည့်သီလဖြင့်    အပါယ် လေးဘုံ၊  စိတ်ကိုညွှန်ပြသည့်သမာဓိဖြင့်  ကာမ ဆယ့်တစ်ဘုံ၊ ကမ္ဗဇပညာဝိပဿနာပညာ ပါရိဟာရိက ဆိုသည့်   ထက်ဝန်းကျင်အလုံးစုံစင်ကြယ်သည့် ပညာအားလုံးပါစုံလျှင် အလုံးစုံသော သုံးဆယ့်တစ်ဘုံ အထိ လွန်မြောက်နိုင်သည်ဟုလည်း ဘုရားရှင်က ဆိုထားပြီးဖြစ်လေရာ... အားထုတ်မှုဟူသော ဝီရိယ ပါ စိုက်လိုက်လျှင်  အပါယ်ဆင်းရဲမှ လွတ်ကြမှာ သေချာပါသည်၊၊ သို့မှသာ လက်ရှိပစ္စုပ္ပန်မှာပင် မိမိ အတွက်ရော အများအတွက်ပါ    အမှန်အေးချမ်း သာယာလာမှာဖြစ်သလို တည်ငြိမ်သည့် ပတ်ဝန်း ကျင်ကောင်းတစ်ခုအဖြစ်ကိုလည်း     ရမည်မလွဲ ငြိမ်းချမ်းမှုသည် ဧကန်သေချာ ဖြစ်လာပါတော့မည်။