
ဘူးသီးတောင် မတ် ၃၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ၍ နွေရာသီအားကစားသင်တန်းကို မြို့မ အားကစားကွင်းရှိ အားကစားခန်းမ၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ မြန်မာ့ သိုင်း၊ ကရာတေး၊ Physical Fitness Dance၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော စသည့်အားကစား နည်း ခြောက်မျိုးကို ကျွမ်းကျင်နည်းပြများဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အားကစား သမားများအနေဖြင့် မိမိတို့နှစ်သက်ရာ အားကစားနည်းများအလိုက် သင်ကြားလျက် ရှိပြီး မတ် ၂၅ ရက်မှ ဧပြီ ၇ ရက်အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အားကစားသင်တန်း ဖွင့်လှစ်ပေးခြင်း ဖြင့် လူငယ်၊ လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းအားလပ် ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ အားကစားအပေါ် စိတ်ပါဝင်စားလာခြင်း၊ မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေခြင်း၊ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအား စနစ်တကျ တတ်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်ဥမ္မာသန်းထံမှ သိရသည်။
လှကျော်(ပြန်/ဆက်)