
နေပြည်တော် ဩဂုတ် ၃၁
မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ တိပိဋကလင်္ကာရစာသင်တိုက်၊ ကျောက်တန်းမြို့ နယ် ဆင်ကန်ရပ်ကွက်ရှိ အာသောကရာမစာသင်တိုက်နှင့် မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဥယျာဉ် ပရိယတ္တိစာသင်တိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အောင်မင်္ဂလာ နမ့်ဆန် ကျောင်းတိုက်၊ ရက္ခဝတီတောရတပ်ဦးကျောင်းတိုက်နှင့် အထက်မန်အိုင်လွယ်ဝိန်း ကျောင်းတိုက်များရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်