
ရီယိုဒီဂျနေယိုး မေ ၁၆
ဘရာဇီးနိုင်ငံ၌ ပြင်းထန်သည့် ရေကြီးမှုကြောင့် ဘရာဇီးဘောလုံး အဖွဲ့ချုပ် (စီဘီအက်ဖ်)သည် နိုင်ငံ၏ ထိပ်တန်း လိဂ်ပြိုင်ပွဲများကို ရွှေ့ဆိုင်းထားကြောင်း သိရသည်။
ထိပ်တန်းကလပ်အသင်း ၂၀ အနက်မှ ၁၅ သင်းသည် ဘောလုံး ရာသီ ခေတ္တရပ်နားရန် တောင်း ဆိုမှုကို လက်ခံခဲ့ကြောင်း ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က မေ ၁၅ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ အားကစားနှင့် လူမှုအဖွဲ့ အစည်း အတူယှဉ်တွဲနေသည်ကို မေ့လျော့၍ မရနိုင်သကဲ့သို့ ယခုလို ခက်ခဲသည့်ကာလတွင် ဘရာဇီး ပြည်သူများနှင့် ခပ်ခွာခွာနေရန် မဖြစ်နိုင်ကြောင်း ကြေညာချက် တွင် ပါဝင်သည်။
ယခုကဲ့သို့ ဆိုင်းငံ့ထားမှုမှာ အခြားသောပြိုင်ပွဲများနှင့် သက် ဆိုင်ခြင်းမရှိဘဲ မေ ၂၈ ရက်မှ ယင်းအခြေအနေကို ရုပ်သိမ်းမည် ဟုသိရသည်။ မေ ၁၅ ရက် နံနက် ပိုင်းအထိ ဘရာဇီးနိုင်ငံတွင် ရေ ကြီးမှုကြောင့် သေဆုံးသူ ၁၄၉ ဦး ရှိပြီး ၁၀၈ ဦးမှာ ပျောက်ဆုံး နေကာ ၆၀၀၀၀၀ ကျော် နေရပ် ရွှေ့ပြောင်းခဲ့ရသည်။ ဆင်ဟွာ