ဘဏ်များနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် ကောလာဟလများသည် မှန်ကန်ခြင်းမရှိဘဲ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အဆင်ပြေစွာဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် နိုဝင်ဘာ ၁၈ 


နယ်ဘဏ်ခွဲအချို့သည့် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များတွင် အဆိုပါ သတင်းများကိုဖော်ပြပြီး   ပြည်သူ့ငွေများဆုံးရှုံးကာ  ပြည်သူများက  ဘဏ်များမှငွေများထုတ်ယူ၍  မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော် ရေးသားမှုများကြောင့်   ပြည်သူများကစိုးရိမ်ပူပန်မှုများ  မြင့်တက်ကာ  ဘဏ်များမှငွေများကို  လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရပါသည်။


မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်အချင်းချင်းချိတ်ဆက်ဝန်ဆောင်မှုပေးသည့် Core Banking System အသုံးပြုလျက်ရှိရာ ဘဏ်ခွဲတစ်ခုခု၏   ဝန်ဆောင်မှုသည်  အကြောင်းတစ်စုံတစ်ခုကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများအနေဖြင့် ငွေများထုတ်ယူ၍ မရတော့သည့် အခြေအနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူ နိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ် ပါသည်။  


 မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့် ဘဏ်များသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။


ပြည်သူများအနေဖြင့် ကောလာဟလများကို  ယုံကြည်ပြီး ဘဏ်များမှငွေများကို  လိုသည်ထက် ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတို့ငွေများ ဆုံးရှုံးနိုင်သည့်အခြေအနေ မျိုး ဖြစ်ပေါ်နိုင် ပါသည်။ ထို့အပြင် ဘဏ်များ၏ ပြင်ပတွင်ငွေသားများကို လိုသည်ထက် ပိုမိုရောက်ရှိ လည်ပတ်နေခြင်းအားဖြင့်   ငွေကြေးဖောင်းပွမှုကို   ပိုမိုဖြစ်ပေါ်စေနိုင်ပြီး   ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကို လည်း  ဖြစ်ပေါ်လာစေနိုင် ပါသည်။  ပြည်သူများအနေဖြင့် ဘဏ်များမှငွေများကို လိုသည်ထက်ပိုမို ထုတ်ယူခြင်းသည်  မည်သည့်ရည်ရွယ်ချက်ဖြင့်  ထုတ်ယူသည်၊ မည်သည့်နေရာတွင်သုံးစွဲသည်စသည့် သံသယဖြစ်ဖွယ်အခြေအနေများအတွက် တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်းကိုလည်း ခံရနိုင်ဖွယ်ရှိ ပါသည်။ လက်ရှိ အခြေအနေတွင် ဘဏ်များတွင် ငွေသားများ အလုံအလောက်ရှိနေပြီး ဗဟိုဘဏ်က လည်း ဘဏ်အသီးသီးထံသို့  ငွေသားများပံ့ပိုးပေးရန်  အသင့်ဆောင်ရွက်ထားရှိသည့်အတွက်   ပြည်သူ များအနေဖြင့်   ငွေများကို  လိုသည်ထက်ပိုမိုထုတ်ယူခြင်းမပြုဘဲ   ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ပုံမှန်အခြေအနေအတိုင်း ရယူသုံးစွဲကြပါရန် အသိပေးသတင်းထုတ်ပြန် အပ်ပါ သည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်