ဘဏ်လုပ်ငန်းသည် အများပြည်သူ ယုံကြည်အားကိုးမှုရှိမှ တိုးတက်ဆောင်ရွက်နိုင်မည်

ရန်ကုန်    စက်တင်ဘာ   ၁၁


ရန်ကုန်မြို့တော်ဘဏ်လီမိတက်    ဘဏ်လုပ်ငန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲ တွင် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄)၌ ကျင်းပရာ ရန်ကုန်မြို့တော်ဘဏ်လီမိတက် နာယက၊   ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ ရန်ကုန် မြို့တော်ဘဏ်ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ဒါရိုက်တာများ၊ သီးခြားလွတ်လပ်သော  ဒါရိုက်တာများ၊   ဥပဒေ အကြံပေးနှင့်    သက်ဆိုင်ရာ   တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဝန်ဆောင်မှုပေးရန်လို


ဦးစွာ ရန်ကုန်မြို့တော်ဘဏ်လီမိတက်နာယက၊ ဥက္ကဋ္ဌ မြို့တော်ဝန်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်      ငွေရေး ကြေးရေးအဖွဲ့အစည်းများ၏        ဥပဒေအရ ဘဏ်လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲ၍ လမ်းညွှန်မှု ပေးနေပြီး လိုအပ်သော လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းသည် အများပြည်သူ  ယုံကြည်အားကိုးမှုရှိမှ  တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး  မှန်ကန်ရိုးသားစွာဖြင့် သွက်လက်မြန်ဆန်စွာ အများပြည်သူကို ဝန်ဆောင်မှု ပေးရန်လိုကြောင်း ပြောကြားသည်။


ထို့နောက်        မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဦးဝင်းထိန်မင်းက   Risk Management (ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု) ဘာသာ ရပ်ကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်မိုးက AML / CFL (ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး) ဘာသာရပ်အား လည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တက်ရောက် သူများက သိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိ သူများက    ပြန်လည်ဖြေကြားဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်ကို ရုပ်သိမ်း ခဲ့သည်။


နှစ်ရက်တာပြုလုပ်မည်


ရန်ကုန်မြို့တော်ဘဏ်လီမိတက်၏    ဘဏ် လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်တာ  ပြုလုပ်မည်ဖြစ်ရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာရင်းကောင်စီ အသိအမှတ်ပြု U Hla Tun & Associates Limited       ဒါရိုက်တာ ဦးမောင်မောင်အောင်(CPA)က ဘဏ်၏ ဘဏ္ဍာရေး ရှင်းတမ်းများနှင့်ပတ်သက်၍    အလေးဂရုပြုမည့် အချက်များနှင့်    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်များကို လည်းကောင်း၊ Myanmar Payment Union ၏ CEO ဦးဇော်လင်းထွဋ်က Digital Payment in Myanmar ဘာသာရပ်ကိုလည်းကောင်း၊ Global  Fintech  Company  Limited   CEO ဦးအောင်ဝင်းမြတ်က   YCB Payment Gateway ဘာသာရပ်ကို   လည်းကောင်း    ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။  


သတင်းစဉ်