ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်

 

နေပြည်တော်   မေ  ၆


ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌  မေ ၈ ရက်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်။  အဆိုပါ  လေဖိအားနည်းရပ်ဝန်းသည်   ပိုမို အားကောင်းလာနိုင်ပြီး မေ  ၉  ရက်တွင်   မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ    မြောက်ဘက်သို့     ဆက်လက်ရွေ့လျားနိုင်ပြီး မေ ၁၀ ရက်တွင်ဘင်္ဂလားပင်လယ်အော်    အရှေ့တောင်ပိုင်း၌   ဆိုင်ကလုန်းမုန်တိုင်း) အဖြစ်သို့ အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရသည်။   သင်္ချာပုံစံပြု မော်ဒယ်များ၏   ခန့်မှန်းချက်များအရ   မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့  ရောက်ရှိနိုင်ပါသဖြင့် မေ ၉ ရက်မှ မေ ၁၄ ရက်အထိ  မြစ်ဝကျွန်းပေါ်၊  မုတ္တမကွေ့၊   ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး   လှိုင်းကြီးရာမှ   လှိုင်းအလွန်ကြီးနိုင်သည်။  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်  တစ်နာရီလျှင်  မိုင်  ၈၀ မှ မိုင် ၉၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။

 


ယခုအချိန်တွင်   မုန်တိုင်းစတင်အစပျိုးခြင်း   မရှိသေးပါသဖြင့် ခန့်မှန်းချက်များအားလုံးသည်  တိုင်းထွာသည့် အချိန်၊ အသုံးပြုသည့် Data  နှင့်    ခန့်မှန်းတွက်ချက်သည့်  မော်ဒယ်တို့အပေါ်မူတည်၍  မုန်တိုင်းရွေ့လျားမည့်လမ်းကြောင်း    အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့် တစ်ပြေးညီတွက်ချက်ရရှိသည့်   ခန့်မှန်းချက်များကို   ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

 


အကြံပြုချက်


အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန် ကြောင့်  လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်  မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်   မြစ်ငယ်၊  ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့်  ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ် နိုင်သောကြောင့်  ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်    ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့်  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်         ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊    ကမ်းဝေး   ငါးဖမ်းရေယာဉ်များ၊   သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု  ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်  ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ အချိန်နှင့်တစ်ပြေးညီ  ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်   ကြိုတင်ပြင်ဆင်မှုများကို   ဆောင်ရွက်သွားနိုင်ရန် အကြံပြုအပ်ပါသည်။                            

 

မိုး/ဇလ